ဥပဒေရဲ့ အရှေ့မှာ
ညွန့်အောင် ( မြစ်မခ )
by Myit Makha Mediagroup on 20 Mar, 2013
by Myit Makha Mediagroup on 20 Mar, 2013
ထူးကဲပြောင်မြောက်သော အနုပညာလက်ရာများမှာ
ပျောက်ကွယ် ဆုံးရှုံးမည့် အန္တရာယ်များ နှင့် မကြာ မကြာ ရင်ဆိုင်နေ ကြရသည်။
မဲဗီးလ်၏ လက်ရာများအား ပြန်လည်မဖော်ထုတ်နိုင်မီ ကာလများက လုံးဝ
လျစ်လျူရှုခြင်း ခံခဲ့ကြရသည်။ ဗင်းဆင့် ဗန်ဂိုး၏ ဘဝတသက်တာ တစ်လျှောက်
သူ့လက်ရာ ပန်းချီကားတစ်ချပ်မျှ မရောင်းရဘဲ ဆင်းဆင်း ရဲရဲ လျစ်လျူ ရှုခံ
ဘဝဖြင့် ကွယ်လွန်သွားပါသည်။
ဖရန့်ဇ်ကပ်ဖ်ကာ ( ၁၈၈၃ - ၁၉၂၄ ) သည် အသက်
၄၀-အရွယ် တီဘီ ရောဂါဖြင့် မကွယ်လွန်မီ သူ့လက်ရာ လက်တစ်ဆုပ်စာမျှသာ
ထုတ်ဝေခဲ့ပါသည်။ သူသေခါနီး သူ့လက်ရာများကို ဖျက်ဆီး ပေးရန်
ပန်ကြားခဲ့သော်လည်း ကံကောင်းထောက်မစွာ သူ၏မိတ်ဆွေ စာရေးဆရာ မက်စ်ဘရက်ဒ် ကသူ၏ စာမူများကို ထိန်းသိမ်းစောင့်ရှောက် ထားရုံ သာမက ပုံနှိပ်ထုတ်ဝေသည်အထိ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
ကပ်ဖ်ကာအား ချက်နိုင်ငံ ပရာ့ဂ်မြို့တွင်
ချမ်းသာကြွယ်ဝသော ဂျူးမိသားစုမှ မွေးဇွားခဲ့ပါသည်။ သူသည် သူ၏ဇာတိ မြို့ရှိ
ဂျာမန် တက္ကသိုလ်တွင် ပညာသင်ကြားပြီးနောက် ဥပဒေပညာရှင်ဖြစ်လာပြီး အသက်အာမခံ
ကုမ္ပဏီတစ်ခုတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပါသည်။ ထိုသို့အလုပ်လုပ်စဉ်
တရားစီရင်ရေး စနစ် နှင့် ဗျူရိုကရေစီ ယန္တရား အတွေ့အကြုံ များစွာ
ရရှိခဲ့ပါသည်။ အရေးအကြီးဆုံး အရာမှာ သူ၏ရှေ့အစဉ်အဆက် စာရေးဆရာများ
သတိမထားမိခဲ့သော ရှုတ်ထွေးမှု ရက်စက်ကြမ်းကြုတ်မှု နှင့် အနှစ်သာရ ကင်းမဲ့မှု
တို့ဖြင့် လုံးထွေးနေသော၊ ဆက်လက် လက်ခံရန် ပြန်လည်ပြုပြင်ရန်
မဖြစ်နိုင်တော့သော နှစ်ဆယ်ရာစုနှစ် အဦးပိုင်း လူ့လောက၏ စိတ်ပိုင်းဆိုင်ရာ အကြပ်အတည်းကို လှစ်ဟ မြင်လိုက် ခြင်းပင် ဖြစ်ပေသည်။
သူ၏ဓါတ်ပုံအရ
ဖရန့်ဇ်ကပ်ဖ်ကာသည် အသားအရေ ဖျော့ဖျော့၊ မျက်တွင်း ဟောက်ပက်၊
နားရွက်ကားကား နှင့် အလွန်ပိန်သွယ်သော
လူငယ်တစ်ဦးဖြစ်ကြောင်းတွေ့မြင်ရပါသည်။ သူသည် နာဇီများ အာဏာမရမီ
သေဆုံးသွားသော် လည်း သူ့စာများတွင် ကြိုတင်မျှော်မှန်းထားသည့် အတိုင်း
ကပ်ဆိုး၏ သားကောင်အဖြစ် သေသွားဟန်တူပါသည်။
++++++++++++++++++++++++++++++++++++++++++
ဥပဒေ၏
ရှေ့တွင် တံခါးမှူး တစ်ယောက် ရပ်နေပါတယ်။ တံခါးမှူးထံသို့
ကျေးတောသားတစ်ယောက် ချဉ်းကပ် လာပြီး ဥပဒေရှေ့မှောက်သို့ ဝင်ခွင့်ပြုရန်
တောင်းပန်တိုးလျှိုးနေရှာပါတယ်။ သို့သော်လည်း တံခါးမှူးက လောလော ဆယ်မှာတော့
ဝင်ရောက်ခွင့် မပြုနိုင်ကြောင်း ပြန်လည် ဖြေကြားလိုက်ပါတယ်။
လူကြီးခမျာ အတန်ငယ် စဉ်းစားနေပြီးမှ နောက်ကျတော့ ဝင်ခွင့်ပြုမှာလားလို့ မေးလိုက်ပြန်ပါတယ်။ တံခါးမှူးက ” အင်း ဖြစ်နိုင်ပါတယ်၊
ဒါပေမယ့် အခုတော့ မရသေးဘူးနော် “ လို့ပြန်ပြောရင်း တံခါးဖွင့်ထား လျက်
တန်းလန်း ဘေးကို ဖယ်ပေးလိုက်ပါတယ်။ လူကြီးကတော့ ခါးကုန်းပြီး
တံခါးပေါက်ကတဆင့် အထဲကို ချောင်းကြည့်လိုက်ပါတယ်။
ဒါကိုမြင်တော့ တံခါးမှူးက ရီမောရင်း “
ခင်ဗျား သိပ်ဆန္ဒပြင်းပြနေရင်တော့ ကျွန်တော် တားနေတာကို ဂရု မစိုက်ဘဲ
ဝင်သွားလိုက်လေ။ တစ်ခုတော့ သတိထားပေါ့။ ကျွန်တော်က အာဏာရှိတယ်နော်။
တံခါးမှူးတွေ အားလုံးထဲမှာ ကျွန်တော်က အငယ်ဆုံးဘဲ။ အထဲရောက်သွားလေ၊ တံခါးမှူး
တစ်ယောက်ပြီး တစ်ယောက် များလာလေဘဲ။ ပိုပိုပြီးတော့လဲ အာဏာ
ပိုပိုပြင်းလာတယ်။ တတိယမြောက် တံခါးမှူးကတော့ အဆိုးဆုံးဘဲ၊ ကျွန်တော်တောင်
ရဲရဲ မကြည့်ဝံ့ဘူး” လို့ပြောလိုက်ပါတယ်။
ဒါတွေက
ကျေးတောသားကြီး ထည့်တွက်မထားတဲ့ အခက်အခဲတွေပါ။ သူထင်ထားတာက ဥပဒေ ဆိုတာ
လူတိုင်းလူတိုင်း အချိန်အခါမရွေး ဝင်နိုင်ရမယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမယ်
သားမွေး ဝတ်လုံကြီး ဝတ်ဆင်ထားတဲ့ နှာခေါင်းချွန်ချွန်၊ မုတ်ဆိတ်မွှေး
သေးသေးချွန်ချွန် ရှည်ရှည် ပုံသွင်းတိထားတဲ့ တံခါးမှူးကို
အနီးကပ်မြင်လိုက်ရတော့ ဝင်ခွင့်ရတဲ့အထိ စောင့်နေတာ ပိုကောင်းမယ်လို့
ဆုံးဖြတ်လိုက်ပါတယ်။
တံခါးမှူးက
သူ့ကို ခွေးခြေ ထိုင်ခုံလေးတစ်လုံးပေးလိုက်ပြိး တံခါးရဲ့ဘေးတစ်ဖက်မှာ
ထိုင်စောင့်ခွင့် ပေးလိုက် ပါတယ်။ ကျေးတောသားကြီးက ရက်ပေါင်းများစွာ၊
နှစ်ပေါင်းများစွာ ထိုင်စောင့်နေပါတယ်။ သူ့ကို ဝင်ခွင့်ပေးဖို့ မကြာခဏ
ကြိုးစားတောင်းပန်ပါတယ်။ တံခါးမှူးကြီးလည်း သူ့ရဲ့ တကျည်ကျည် အပူကပ်
တောင်းဆိုသံ ကြားရလို့ စိတ်ကုန် စိတ်တို လာရတာ အခါခါပါ။
တံခါးမှူးက
ကျေးတောသားအား မကြာခဏ ဟိုမေးသည်စမ်း လုပ်လေ့ရှိပါသည်။ အိမ်အကြောင်း
ဟိုအကြောင်း ဒီအကြောင်း စပ်မိစပ်ရာမေးပြီး မေ့မေ့ပျောက်ပျောက်
ထားလိုက်ပါတယ်။ အရှင်သခင်ကြီးလိုလို ပုံဖမ်းပြီး ပြီးတော့လဲ ဘာမှမဟုတ်။
နောက်ဆုံးတော့ သူ့အနေနဲ့ ဝင်ခွင့်ပြုလို့မဖြစ်သေးဘူးလို့ ပြောတာပါဘဲ။
လူကြီးကတော့
သူ့ခရီးစဉ်အတွက် ပါလာသမျှ အသုံးအဆောင်တွေ ဘယ်လောက်ဘဲ အဖိုးတန်တန်
သံယောဇဉ်ဖြတ်ပြီး တံခါးမှူးကို လာဘ်ထိုးပါတယ်။ တံခါးမှူးကလဲ ပေးသမျှယူရင်း “ ကျွန်တော် ခင်ဗျားပေးတာတွေကို ခင်ဗျား စိတ်ချမ်းသာအောင် ခင်ဗျားအနေနဲ့ ပျက်ကွက်မှုမရှိဘူးလို့ ထင်ရအောင် အားနာလို့ယူရတာပါ” လို့အတွင်တွင် ပြောပါတယ်။
ဒီနှစ်ရှည်ကာလအတွင်း
တစ်လျှောက်လုံး ကျေးတောသားကြီးကတော့ တံခါးမှူးကိုဘဲ အာရုံစိုက်နေပါ
တော့တယ်။ အခြားသော တံခါးမှူးတွေကိုပင် မေ့ထားပြိး ဒီအဦးဆုံးတွေ့ခဲ့တဲ့
တံခါးမှူးကြီးကိုဘဲ ဥပဒေကို လက်လှမ်းမမီအောင် တားဆီးနေတဲ့ အဟန့်အတားလို့ဘဲ
မြင်နေပါတော့တယ်။
အစောပိုင်း
ကာလတွေ မှာတော့ သူက ရဲရဲဝံ့ဝံ့ ကျယ်ကျယ်လောင်လောင်ဘဲ သူ့ကံကြမ္မာကို
သူကျိန်ဆဲ နေလေ့ရှိပါတယ်။ နောက်ပိုင်း အသက်ကြီးလာတာနဲ့အမျှ သူ့ဖာသာသူ
တိုးတိုးတိတ်တိတ်လေးဘဲ ညည်းညူ ပါတော့တယ်။ သူ့ခမျာ ကလေးလဲဆန်လာပါတယ်။
တံခါးမှူးကို နှစ်ရည်လများ မြင်တွေ့ ဆင်ခြင်မိလာတော့ တံခါးမှူးရဲ့ ဝတ်လုံ
ကော်လံမှာ ကပ်နေတဲ့ သန်းလှေးတွေကိုတောင် သိကျွမ်းလာပါတော့တယ်။ တံခါးမှူးရဲ့
စိတ်ပြောင်း လာအောင်ကူညီပေးဖို့ အဲဒီ သန်းတွေ၊ လှေးတွေကိုတောင် အကူအညီ
တောင်းမိပါတယ်။
ဒီလိုနဲ့
လူကြီးခမြာ မျက်စိတွေ မှုန်လာပါပြီ။ လောကဓါတ်ကြီးက ပိုပြီး အမိုက်မှောင်တွေ
ဖုံးလာသလား၊ သူ့မျက်စိကဘဲ ဝေသီလာပြီလား၊ သူ့ခမြာ မခွဲခြားတတ်တော့ပါဘူး။
မျက်စိဝေသီ အမှောင်ဖုံးလာလင့်ကစား တစ်နေ့မှာတော့ ဥပဒေလမ်းဝဆီမှ မဖုံးနိုင်
မဖိနိုင် ဖြာထွက်လာတဲ့ အလင်းရောင်တန်းလေးတစ်ခုကို မြင်လိုက် ရပါတယ်။
ဒီအခါမှာတော့ သူ့မှာ နေစရာ သက်တမ်း သိတ်မကျန်တော့ပါဘူး။
သူမသေမီ နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရတဲ့
အတွေ့အကြုံတွေက သူ့ခေါင်းထဲ တစ်နေရာမှာ တံခါးမှူးကို အခုထက်တိုင်
မမေးရသေးတဲ့ မေးခွန်းအဖြစ် စုစည်းနေပါတယ်။ သူ့ခန္ဓာကိုယ်က တောင့်တင်းစ
ပြုလာပြီမို့ မထနိုင်တော့တဲ့အတွက် တံခါးမှူးကို လက်ကလေးဝေ့ပြီး
အနားလာဖို့ခေါ်လိုက်ပါတယ်။
လူကြီးရဲ့အိုမင်း
ဆုတ်ယုတ်မှုက သူတို့နှစ်ဦးအကြား အရပ်အမြင့်ကို ပိုမိုကွာဟစေပြီမို့
တံခါးမှူးက ခါးကိုင်း ခေါင်းငုံ့ပြီး “ မောင်မင်း အခု ဘာများ သိချင်တာလဲ “
လို့မေးလိုက်ပါတယ်။ “ ခင်ဗျား လောဘ မသတ် နိုင်ဘူးနော် ” ဟုပြောရင်း လူကြီးက
ဆက်မေးပါတယ်။ “ လူတိုင်းလူတိုင်း ဥပဒေ ရှေ့မှောက်ကို
ရောက်ချင်ကြတာချည်းပါ။ ဒါပေမယ့် နှစ်ပေါင်းများစွာ အတွင်းမှာ ကျွန်တော်
တစ်ယောက်က လွဲလို့ ဘယ်သူမှ လာပြီး ဝင်ခွင့် မတောင်းကြတာ ဘာကြောင့်လဲ”
တံခါးမှူးက
လူကြီး အသက်ထွက်တော့မယ်ဆိုတာ သိလို့ အသိဆုတ်စပြုနေတဲ့ သူ့အာရုံမှာ
ကြားရအောင် နားနားကပ်ြ့ပီး အော်လိုက်ပါတယ်။ “ ဒီတံခါးပေါက်က ခင်ဗျားအတွက်ဘဲ
ရည်ရွယ်ပြီး ဖောက်ထားတာ၊ ဒိပြင် ဘယ်သူ့ကိုမှ ဝင်ခိုင်းလို့ မရဘူး၊
အခုကျွန်တော် တံခါးပိတ်လိုက်တော့မယ်။”
( Before the Law by Franz Kafka ; from “ The Story- Readers and Writers of Fiction by David Bergman; အား ဘာသာပြန်ထားပါသည်။ )
No comments:
Post a Comment