ခေတ်ဟောင်းအမွေဆိုးနှင့် အစွန်းနှစ်ဖက်ပဋိပက္ခများ
ညွန့်အောင် ( မြစ်မခ )
by Myit Makha Mediagroup on 2 Mar, 2013
by Myit Makha Mediagroup on 2 Mar, 2013
အစိုးရသစ်လက်ထက်တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ပါသည်။
နိုင်ငံသားအများ သက်ဆိုင် ပါဝင်သည့်
ဆန္ဒပြပွဲများ ဖြစ်ပေါ်လာသကဲ့သို့ နယ်မြေဒေသအကန့်အသတ်၊ လုပ်ငန်းအကန်အသတ်၊
လူတန်းစားတစ်ရပ်ဖြင့်သာ သက်ဆိုင်သော ဆန္ဒပြပွဲများလည်း ပေါ်ပေါက်လာခဲ့ပါသည်။
အချို့ဆန္ဒပြပွဲများမှာ လုံးဝရပ်ဆိုင်းသွားခြင်း မရှိသကဲ့သို့၊ အချို့နေရာများတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ် မည့် အလားအလာများရှိနေသည်ကိုလည်း တွေ့ရပါသည်။
လွန်ခဲ့သောတပ်မတော်အစိုးရလက်ထက်တွင် ဆန္ဒပြခြင်းမှာ အစိုးရကိုဆန့်ကျင်ခြင်းဟု သတ်မှတ်ကာ ရန်သူသဖွယ် နှိမ်နင်း အရေး ယူခြင်းများ ပြုလုပ်ခဲ့သည်။
၂၀၁၁ ခုနှစ် ဧပြီလ ၁-ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့စတင် တာဝန် ယူပါသည်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈-ရက်နေ့က စတင်တာဝန်ယူခဲ့သည့် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ကဏ္ဍမှာ တရားဝင်ပြီးဆုံးသွားခဲ့သည်။
ပါလီမန် ဒီမိုကရေစီ ပြန်လည်ကျင့်သုံးသည့် အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်နှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်အား ဥပဒေပြဌာန်း ခွင့်ပြုခဲ့ပါသည်။
၂၀၀၈ ခုနှစ် မေလ၂၉ ရက်စွဲပါ နိုင်ငံတော်
အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ကြေငြာချက် အမှတ် ၇ /၂၀၀၈
ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု
ပြဌာန်းလိုက်ပြီးနောက် ရွေးကောက်ပွဲ အဆင့်ဆင့်ကျင်းပပြီး ပေါ်ပေါက်လာသော
ပါလီမန် ဒီမိုကရေစီ စနစ်ကို ပြန်လည်ကျင့်သုံးနေပြီဖြစ်ပါသည်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၈) အပိုဒ်၃၅၄မှာဖော်ပြထားသည့် “နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး ၊တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အလို့ငှာ ပြဌာန်းထားသော ဥပဒေများနှင့်မဆန့်ကျင်လျှင်-
(က) မိမိ၏ယုံကြည်ချက်၊ထင်မြင်ယူဆချက်များအား လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်
(ခ ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် အစရှိသည့် အခွင့်အရေးများအား လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည်”ဟုဖော်ပြထားပါသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်ခန့်ကာလက ပညာတော်သင်ဘ၀ဖြင့် အီတလီနိုင်ငံတွင် တစ်နှစ်
ခန့် နေခဲ့ဖူး၍ လူအများဆိုင်းဘုတ်များ၊ စာတမ်းများကိုင်ဆောင်ပြီး သီချင်းသံပြိုင်သီဆိုရင်း စီတန်း လမ်းလျှောက်နေတာကိုတွေ့မြင် ခဲ့ရပါသည်။ ရဲတွေကလမ်းရှင်း ပေးရင်း လိုက်လံ စောင့်ရှောက် နေတာ တွေ့ရသည့်အခါ ဘာသာရေးအခမ်းအနားတစ်ခု လှည့်လည်နေသည်ဟု ထင်ခဲ့ မိပါသည်။ နောင်မှ ရှော့ပရိုးခေါ် ဆန္ဒပြနေမှန်းသိရသည့်အခါတွင် အလွန်အံ့သြမိခဲ့ရသည်။
ထိုအချိန်က ကျွန်တော်တို့ နိုင်ငံမှာ ဆန္ဒပြခြင်းသည် နိုင်ငံတော် အစိုးရကိုသာမက နိုင်ငံတော်ကိုပါ ဆန့်ကျင်ခြင်းဟု သတ်မှတ်ထားသည့်အတွက် ဆိုင်ရာအာဏာပိုင်များက ဆန္ဒပြပွဲများအား အကြမ်း ဖက် နှိမ်နှင်းခဲ့ကြသည်။ ယင်းသို့ဖြစ်သည့်အလျောက် ဆန္ဒပြပွဲများမှသည် ဆူပူအကြမ်းဖက်မှု အဖြစ် သို့ ပြောင်းလဲသွားတတ်ပြီး ဆန္ဒပြသူများကလည်း မြင်မြင်ရာ ဆိုင်များ၊ မှန်များ၊ မီးပွိုင့်များအား ရိုက်ခွဲ ခြင်း၊ အခွင့်သာပါက ကားများမီးရှို့ခြင်း၊ တာဝန်ရှိသူများကလည်း အင်အားသုံးရိုက်နှက်ခြင်း၊ ပစ်ခတ် လူစုခွဲခြင်း၊ ဖမ်းဆီးထောင်ခြင်းတို့ကို ပြုလုပ်လေ့ရှိရာ တကယ့် အကြမ်းဖက် အင်အားသုံး ပြိုင်ပွဲကြီး တွေကို မြင်ခဲ့ဖြတ်သန်းခဲ့ရပါသည်။
ယင်းကဲ့သို့အခြေအနေမျိုးတွင် နေထိုင်ခဲ့ရသူတစ်ဦး အနေဖြင့် ပြည်ပနိုင်ငံသားများ ငြိမ်းချမ်းစွာ ဆန္ဒပြ နေတာမြင်တွေ့ရသည့် အခါ ရင်သပ်ရှုမောအံ့သြဖွယ်ရာ ဖြစ်ခဲ့ပါသည်။ တဖန် ဘတ်စ်ကား အလုပ် သမား သမဂ္ဂတွေ ဆန္ဒပြမည်ဆိုလျှင် မီးရထားသမဂ္ဂ နှင့် တက်က်စီယာဉ်မောင်းများသမဂ္ဂတွေက ကူညီပြိးအချိန်တိုးချဲ့ ခရီးစဉ်တွေတိုးချဲ့ပြီးအများပြည်သူတွေ အခက်အခဲမဖြစ်အောင်ဆောင်ရွက်ပေးခြင်း၊ ကုန်တိုက်တွေ ဆန္ဒပြတော့မည် ဆိုလျှင် ရက်သတ္တတစ်ပတ်လောက် ကြိုပြီး ဖောက်သယ်တွေကို သူတို့ ဆိုင်ပိတ်မည့် ရက်အတွက် လိုအပ်တဲ့ အစားအသောက်ကြိုဝယ်ထားဖို့ သတိပေးခြင်းများ ပြုလုပ်ပေးသည်ကို တွေ့ရသည့်အခါ ဒီမိုကရေစီနည်းအရ ဆန္ဒပြခြင်းကို သဘာပေါက်ခဲ့ပါသည်။
မိမိမှာနစ်နာမှု ရှိလျင် (ရှိသည်ဟုထင်လျင်) မိမိလိုလားတာကိုဖော်ထုတ်ရန် ဆန္ဒပြလေ့ရှိပါသည်။ သူတစ်ပါးကို ထိခိုက် နစ်နာစေခြင်း၊ အစိုးရကိုအကြပ်ကိုင်ခြင်း မဖြစ်စေရန် အဓိကထားပါကြပါသည်။ အစိုးရကလည်း သက်ဆိုင်ရာ အလုပ်သမားသမဂ္ဂများ၊ အလုပ်ရှင်များစသည်ဖြင့် သက်ဆိုင်သူတွေကို တွေ့ဆုံညှိနှိုင်းခြင်း၊ ညှိနှိုင်းစေခြင်းကို ဆောင်ရွက်ပါသည်။
အစိုးရက နှောင့်နှေးနေလျှင်လည်း အတိုက် အခံ ပါတီတွေက ဝင်ရောက် တောင်းဆိုကြပါသည်။
နောက်ပိုင်းကာလများတွင်
အပြည်ပြည်ဆိုင်ရာရု့ပ်သံများသတင်းဌာနများမှ တဆင့် ဆန္ဒပြမှုများကို စနစ်တကျ
လေ့ကျင့်ထားသော အဓိကရုဏ်းနှိမ်နင်းရေးစနစ်များဖြင့်
နှိမ်နင်းလူစုခွဲခြင်းများ မြင်ရသကဲ့ သို့ ကြမ်းကြမ်းတမ်းတမ်း
နှိမ်နင်းခြင်းများကို မြင်တွေ့ရပါသည်။
အချို့နိုင်ငံများမှာလည်း ဆန္ဒပြသူတစ်ဦးချင်းကို ရဲနှစ်ဦးသုံးဦးက အတင်းမပြီးထမ်းထုတ်ကာ ဖမ်းသွား တာတွေ တွေ့ရသလို အချို့နိုင်ငံတွေမှာ ဖိအားမြင့် ရေလုံးများ နှင့်ပက်၊ ငရုတ်ရေနဲ့ပက်၊ တစ်ခါတော့ မစင်ရေနဲ့ပက် လူစုခွဲတာမျိုးလည်း ကြည့်ရဖတ်ရဖူးပါသည်။
ကိုယ့်နိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ် အစိုးရ ဖြစ်လာပြီဆိုတော့ အီတလီမှာ မြင်တွေ့ခဲ့ရသော ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းမျိုး ကိုမျှော်လင့် စိတ်ကူးမိခဲ့ပါသည်။ ထိုစဉ်မှာပင် မြစ်ဆုံကိစ္စမှာ နိုင်ငံတော် သမ္မတကိုယ်တိုင် ပြည်သူ့ဆန္ဒ အတိုင်း လိုက်လျောပြီးရပ်တန့်လိုက်သောအခါမှာဒီမိုကရေစီစနစ်ကို ပြည်သူရောအစိုးရပါ အမှန်တကယ် သဘောပေါက် လက်ခံကျင့်သုံးကြပါပြီဟု ကျေနပ်သဘောကျခဲ့ ပါသည်။
သို့သော်လည်း ဆက်တိုက်ဖြစ်ပေါ်လာသော ဆန္ဒပြမှုတွေ၊ ကိုင်တွယ်ဖြေရှင်းမှုတွေ မြင်ရကြားရသောအခါ ဇဝေဇဝါ ဖြစ်မိရပြန်ပါသည်။ ဖြစ်ပေါ်ခဲ့သော ဆန္ဒပြမှုများကို အမျိုးအစားခွဲ ကြည့်လျင် အောက်ပါအတိုင်းယေဘုယျ အားဖြင့် တွေ့ရပါသည်။
- ပုဂ္ဂလိက (ပြည်တွင်း/ပြည်ပ )အလုပ်ရှင်များ နှင့် အလုပ်သမားများ
- ရပ်ရွာဒေသခံ ပြည်သူများ နှင့် အစိုးရ/အဖွဲ့အစည်းနောက်ခံပြု ပြည်ပကုမ္ပဏီများ
- ရပ်ရွာဒေသခံပြည်သူ/ လုပ်ငန်းငယ်များ နှင့် ပြည်တွင်းကုမ္ပဏီကြီးများ
( သယံဇာတ နှင့် လယ်ယာမြေအပါအဝင် )
- ဈေး/ကားဂိတ်/ပွဲစားတန်းများ နှင့် စည်ပင်သာယာအဖွဲ့အစည်းများ စသည်တို့ ဖြစ်သည်။
လူမှုအဖွဲ့အစည်းတွင် ပဋိပက္ခဖြစ်ပွားခြင်းသည် ထူးဆန်းသောအရာ မဟုတ်ပါ။ အထူးသဖြင့် မိမိတို့ နိုင်ငံကဲ့သို့ စနစ်တစ်ရပ်မှ စနစ်တစ်ရပ်သို့ ကူးပြောင်းနေသော၊ နိုင်ငံတော်၏ ဓနဥစ္စာခွဲဝေခံစားမှု မညီမျှခဲ့သော ၊ နိုင်ငံတော် သယံဇာတများ ကို ပွင့်လင်းမြင်သာမှုမရှိဘဲ၊ လက်သိပ်ထိုးလက်ဝါးကြီးအုပ် အာဏာပိုင်များနှင့် လူတစ်စုသာအလွန်အကျွံ ချမ်းသာကြွယ်ဝနေသောအနေအထားတွင် ပဋိပက္ခများ သည် ပေါ်ပေါက်ဆဲပေါ်ပေါက်လာဦးမည်မှာ အသေအချာဖြစ်ပါသည်။
နိုင်ငံပိုင် သယံဇာတများကိုအထိန်းအကွပ်မဲ့ အလွန်အကျွံထုတ်ယူကာ ချမ်းသာသူများမှာ လူတစ်စုသာ ဖြစ်သော်လည်း သဘာဝဝန်းကျင် ပျက်စီးမှုဒါဏ်ကို ပြည်သူအများကခံရသောအခါ၊
ခေတ် အဆက်ဆက်က ချန်လှပ်ထားသော နွားစား ကျက်မြေများ၊ မြေလွတ်မြေရိုင်းများ၊ သဘာဝ ရေစီးရေလာ ရေဝပ်ကွင်းပြင်များ၊ သဘာဝရေဝေရေလဲဒေသများ ၊ ပြည်သူများဓါးမဦးချ လုပ်ကိုင်လာသော လယ်၊ယာ၊ ခြံမြေများကိုအာဏာရှိသူများ နှင့် လူတစ်စုပူးပေါင်းပြီး စီမံကိန်း အမျိုးမျိုးပြ သိမ်းယူပြီးဖော်ပြထားသော အကြောင်းပြချက်အတိုင်းအသုံးမပြုဘဲ အလွဲအသုံးချ စီးပွား ရှာကြသောအခါ၊
နိုင်ငံတော်၏ မြေသယံဇာတများအပေါ်တွင်၊ အိမ်ယာ စီမံကိန်းများ အကောင်အထည်ဖော်သည့် အခါ၊ နိုင်ငံတော်၏ စီမံကိန်များအကောင်အထည်ဖော်ရာတွင် ရင်းနှီးမြုပ်နှံမှုနှင့် ကုန်ကျစရိတ်အပေါ်တွင် သင့်တင့် လျောက်ပတ်သည့် အမြတ်ကြေးငွေဖြင့် အားမရပဲ မတန်တဆအမြတ်တင်၍ အာဏာရှိသူ နှင့် မိုးကျရွှေကိုယ်တစ်စု ပူးပေါင်းကာ မတရား စီးပွားရှာထားတာ မြင်ရတဲ့အခါ၊
အပြောင်းအလဲကာလမှာ နိုင်ငံတော်ပိုင် လုပ်ငန်းတွေ၊ စက်ရုံတွေ၊ အဆောက်အဦးတွေ၊ မြေယာတွေ အကြောင်းအမျိုးမျိုးပြ၊ အမည်အမျိုးမျိုးတပ်လွှဲပြောင်းယူထားပြီး သတ်မှတ်ထားသည့်အတိုင်း အကောင်အထည်မဖော်ဘဲ ထိုင်စောင့်နေတာတွေ၊ ဥပဒေအရ လွတ်လပ်စွာ ရောင်းချပေါင်နှံ ငှားရမ်းပိုင်ခွင့်တွေ ရလာတဲ့အခါ၊
မလိမ့်တပတ်ခံထားရတဲ့သူတွေက ပြန်လိုချင်လို့ဆန္ဒထုတ်ဖော်လာတဲ့အခါ ပဋိပက္ခတွေတစ်သီကြီး ပေါ်လာခြင်းဖြစ်သည်။
မြို့နယ်မြေစာရင်းဦးစီးဌာနတွေက မြေကြီးမြေပုံစာရင်း ကြည့်ပြီး ဘယ်နေရာ ဘယ်သူတွေ ပိုင်ထားသလဲ အခုဘာတွေလုပ်နေ သလဲ ၊ မြို့ပြမြေစာရင်းဦးစီးဌာနမှာလည်း ဘယ်သူတွေ ဘယ်မြေတွေကို ပိုင်ထားသလဲလို့ သန်းခေါင်စာရင်းနှင့်အတူ စီးပွားရေးစစ်တမ်းကောက် စာရင်းပြုစု ရလျင် ဘာတွေထွက်လာမလဲဆိုတာစိတ်ဝင်စားစရာကောင်းပါသည်။
ဆန္ဒပြမှုတစ်ခုပေါ်ပေါက်လျင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသာတိုက်ရိုက် ကိုင်တွယ်ပါသလား။ ရဲတပ်ဖွဲ့က ကိုင်တွယ်ဖြေရှင်းပြီးမှ စုံစမ်းစစ်ဆေးရေးတို့၊ ညှိနှိုင်းဆွေးနွေးရေးတို့ ဆောင်ရွက်မှာလား။
ဆန္ဒပြမှုတစ်ခုဖြစ်လာလျင် ငြိမ်ဝပ်ပိပြားရေးနှင့် အုပ်ချုပ်ရေးကိုထိခိုက်နစ်နာစေသောကိစ္စရပ်လို့ သတ်မှတ်ကိုင်တွယ် ဖြေရှင်းမည့်အစား
- အလုပ်ရှင် / အလုပ်သမား ဖြစ်လျင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ရုံးများ နှင့် အလုပ်သမား၊ အလုပ် အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကပဋိပက္ခ အဆင့်မရောက်မီဝင်ရောက် ဖြေရှင်းခြင်း
- မြေယာ ပြဿနာဖြစ်လျင် ပဋိပက္ခ အသွင်မဆောင်မီမြေကြီးမြေပုံရာဇဝင် အဆင့်ဆင့် စီစစ်ပြီး မတရားမှု ရှိမရှိစီစစ်ခြင်းလိုအပ်လျင် အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ ဆက်လက် တင်ပြခြင်း
- သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ နိုင်ငံတော်အတိုင်းအတာအထိ နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်နိုင်သော စီမံကိန်းကြီးများနှင့် ပတ်သက်လျင် သဘာဝဝန်းကျင်၊ လူမှုဝန်းကျင် စသည်တို့ အပေါ် ထိခိုက်နိုင်မှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုကာကွယ်လျော့ချမည့် အစီအမံများ ထားရှိ ဆောင်ရွက်မှုစသည် တို့ကို ရှိ/မရှိ စိစစ်ခြင်း။
- နိုင်ငံဖွံ့ဖြိုးရေးအတွက် အမှန်တကယ် ဆောင်ရွက်ရန် လိုအပ်သောစီမံကိန်းများအတွက် အကျိုး ဖြစ်ထွန်းမှုနှင့် ဖြစ်နိုင်သည့် ထိခိုက်နစ်နာမှု နှင့် သက်သာလျော့ပါးအောင် ကြိုတင်စိစဉ်မှုများကို အများပြည်သူနှင့် ဒေသခံတို့ သဘောပေါက်နားလည်စေရန် ရှင်းလင်းဆွေးနွေးခြင်း၊
စသည်တို့ကိုအုပ်ချုပ်ရေးအာဏာပိုင် အဆင့်ဆင့်တို့သည် မိမိတိုကအဆင့် တတ်စွမ်းသမျှ ဆောင်ရွက်သင့်သည်။ လိုအပ်ပါက အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြသင့်ပါသည်။
သို့သော် ကိုင်တွယ်ဖြေရှင်းသည့်အခါ လုပ်ငန်းရှင်၊ အဖွဲ့အစည်းဖက် ဘက်လိုက်သောအခါ၊ ဘက်လိုက်သည်ဟု အများပြည်သူက အထင်အမြင်လွဲမှားသည့်အခါ ဆန္ဒပြရာမှ သပိတ်မှောက်ခြင်း၊ ဆူပူခြင်းများ ဖြစ်လာနိုင်ပါသည်။
သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်၊ ဌာနဆိုင်ရာ အရာထမ်းဝန်ထမ်းအဆင့်ဆင့်တို့သည် ပဋိပက္ခ ဖြေရှင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုသိနားလည်ပြီး ငြိမ်းချမ်းစွာဖြေရှင်းမည်ဟူသောခံယူချက် နှင့်စေတနာရှိရန် လိုအပ်ပါသည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း-၁၄၊ ကူးပြောင်းရေးကာလ ပြဌာန်းချက်များအပိုဒ်-၄၄၅ တွင် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စိတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ ၊ ကြေငြာချက်များကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်းဆက်ခံသည်။ ယင်းအဖွဲ၊ သို့မဟုတ် ယင်းအဖွဲ့ဝင်တစ်ဦးဦး(သို့မဟုတ်)အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အားတရာစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ ”ဟု ကင်းလွတ်ခွင့်ပြုထားပါသည်။
သို့သော်လည်း ရာထူးနှင့်အာဏာကိုအလွဲသုံးစားပြုလျက် ဆောင်ရွက်ထားသောမတရားမှု၊ မမျှတမှုများ တွေ့ပါက တရားမျှတအောင် ပြုပြင်ဆောင်ရွက်ခြင်းမပြုလုပ်ရဟု တားမြစ်ထားခြင်းမရှိပါ။
ယခင်ကာလက တရားမျှတမှုမရှိသော ဆောင်ရွက်ချက်များကြောင့် ပါလီမန်ဒီမိုကရေစီစနစ်ကို အဟန့်အတား ဖြစ်နေလျင်၊ ပဋိပက္ခများ ဖြစ်နေလျင်တရားမျှတစေရန် ပြန်လည်ပြုပြင်သင့်ပါသည်။
ဒီမိုကရေစီစနစ်ကိုနိုင်ငံတော်
အာဏာသုံးရပ်ကိုအကောင်အထည်ဖော်နေသူများလိုက်နာရန်လိုအပ် သကဲ့သို့ ပြည်သူများ
လည်းလိုက်နာရန် လိုအပ်ပါသည်။
နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း-၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အပိုဒ်- ၃၇၆ တွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့် ရှိသော တရားသူကြိး၏ ချုပ်မိန့်မရဘဲမည်သူ့ကိုမျှ ၂၄-နာရီထက် ပို၍ ချုပ်နှောင်ခြင်း မပြုရလို့ တားမြစ်ထားပါတယ်။ ဒါပေမယ့် လူသေစေ ဒဏ်ရာရစေနိုင်သောသေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခွင့် ကိုတော့ မည်သူ့အား အာဏာအပ်နှင်းထားသလဲ မသိပါ။
အာဏာရှင် အစိုးရမကောင်းသလို၊ အာဏာရှင် ပြည်သူ ( မင်းမဲ့ဝါဒီ ) စရိုက်လည်းမကောင်းပါ။ ဥပဒေ မလိုက်နာသော၊ အကြမ်းဖက် မင်းမဲ့ဝါဒီများအား နှိမ်နင်းရန်အတွက် အပြည်ပြည်ဆိုင်ရာ စံနှုန်းအရ ခွင့်ပြုထားသော အဓိကရုဏ်း နှိမ်နင်းရေး ယာဉ်များ ၊ ကိရိယာများ၊ မျက်ရည်ယိုဗုံးများ၊ ရာဘာ ထိပ်ဖူးတပ် ကျည်များ၊ ဒိုင်းများ၊ ရော်ဘာဒုတ်များ စသည်တို့အားလွှတ်တော်မှ ဘတ်ဂျက် တောင်းခံ၍ ဝယ်သင့်ပါသည်။ တော်ကြာဝယ်မထားမိလို့ ရှိတာလေးဘဲ သုံးလိုက်ရတာပါဟု အကြောင်းပြရလျင် ကျော်မကောင်း၊ ကြားမကောင်း ဖြစ်နေပါဦးမည်။
မည်သို့ဆိုစေကာမူ၊ အစိုးရတော့ ပြောင်းသွားပါပြီ။
လက်နက်ကိုင် တော်လှန်ရေးအုပ်စုတွေ လက်နက်အရသာ တွေ့သွားလ်ု့ လက်နက်ပြန်မအပ်၍ ငြိမ်ဝပ်ပိပြားမှု မရသေးတာ။
အစိုးရတော့ ပြောင်းသွားပါရဲ့၊ နောက်တက်တဲ့ မောင်ပုလဲဒိုင်းဝန်ထက် ကဲဆိုတာမျိုး၊
တော်လှန်နေတာ နှစ်နှစ်ခန့် ကာလအတွင်း ပြည်သူခုနှစ်သောင်းကျော် သေကြေတာမျိုး မရင်ဆိုင်ရဘဲ၊ ဘာကြောင့်ဘဲ ဖြစ်ဖြစ် ကျွန်တော်တို့ ပါလီမန် ဒီမိုကရေစီစနစ်ကို ကူးပြောင်းခွင့် ရနေပါပြီ။
အစိုးရရော ပြည်သူရော အချင်းချင်းပါ ငြိမ်းချမ်းစွာ လက်တွဲဖြေရှင်းကြလျှင် ဆရာသိန်းဖေမြင့် ဝတ္ထုခေါင်းစဉ်လို အရှေ့က နေဝန်းထွက်သည့်ပမာ ဒီမိုကရေစီနိုင်ငံတော်ကို ရောက်ရှိလိမ့်မည်ဟုလည်း မျှော်လင့်မိပါသည်။
No comments:
Post a Comment