Monday, March 4, 2013

ငလျင်ကိုဘယ်လိုရင်ဆိုင်ကြမလဲ (အပိုင်း- ၂)
ညွန့်အောင် ( မြစ်မခ )
by Myit Makha Mediagroup on 23 Feb, 2013



ငလျင်ကိုဘယ်လိုရင်ဆိုင်မလဲ ရေးလိုက်တော့.
မိတ်ဆွေတစ်ယောက်က ဘယ်လိုမှ မရင်ဆိုင်ဘူး၊ မသေရင် မသေလို့သာမှတ်လို့မှတ်ချက်ပြုလိုက်ပါတယ်။
 နောက်တစ်ဦးကတော့ ဒို့အိမ်က တဲသာသာဆိုတော့ မကြောက်ပါဘူးလို့ မှတ်ချက်ပေးပြန်ပါတယ်။
 
ငလျင်က ကိုယ့်အိမ်မှာရှိတုန်းလှုပ်ရင်တော့ ဟုတ်ပါတယ်။ငလျင်ကသူလှုပ်ချင်တဲ့အချိန် လှုပ်တာဆိုတော့ ဒါလည်း စိတ်မချရပြန်ဘူးပေါ့။
 
တာလေငလျင်အပြီး ကူညီပံ့ပိုးရေးကာလမှာ ကလေးတွေ၊ လူငယ်တွေကို မိမိစိတ်ကူးထဲကအိမ်ဆိုပြီးပုံဆွဲခိုင်းတဲ့အခါ အတော်များများကပေါ့ပေါ့ပါးပါးတဲလေးတွေကိုဆွဲကြပါတယ်။  ဟုတ်ပါတယ်။ တာလေငလျင်တုန်းကအိမ်ကြီးတိုက်ကြီးတွေ ပြိုလဲပျက်စီးပြီး တဲငယ်လေးတွေမပြိုမပျက်ကျန်ခဲ့တာကို လက်တွေ့မြင်ခဲ့ကြရပါတယ်။
 
အမျိုးသမီးငယ်တစ်ဦးကတော့ ဆုတောင်းမယ်၊ ဘုရားရှိခိုးမယ်၊မေတ္တာပို့မယ်လို့ ပြောလာပါတယ်။သဘောတူပါတယ်။ ကျွန်တော်က ဘုရားမဲ့ဝါဒီတစ်ဦးမဟုတ်တော့ လက်ခံပါတယ်။တာလေငလျင်တုန်းကဆေးရုံပြိုကျခဲ့ပါတယ်။ အဲဒီမှာသေဆုံးတဲ့ သူခမြာညနေကမှဆေးရုံတက်လာတာ ည ၈-နာရီခွဲငလျင်လှုပ်တော့ ထိခိုက်ဒဏ်ရာရပြီးသေဆုံးသွားခဲ့ပါတယ်။
 
သေတာရှင်တာကိုကံစီမံရာလို့ ထားလိုက်ကြပါစို့။ အဲဒီမှာ သေနေ့စေ့တာသေနေ့မစေ့တာပေါ်လာသလို၊ကံကိုလဲ အတိတ်ကံပစ္စုပ္ပန်ကံဆိုပြီး ခွဲကြပါသေးတယ်။ သေနေ့စေ့တာ မစေ့တာရယ်၊အတိတ်ကံ ကိုမသိနိုင်သလိုပြင်ဖို့လဲ မလွယ်လောက်ပါဘူး။ အဲဒီတော့ သေနေ့မစေ့မီမသေအောင် လက်ရှိအကုသိုလ်တွေရှောင်၊ ကုသိုလ်တွေဆောင်ပြီး လက်တွေ့မှာလဲဘေးအန္တရာယ် ကြုံလာရင် ထိခိုက်မှု လျော့နည်းစေမဲ့လုပ်သင့်လုပ်ထိုက်တာလေးတွေ  လုပ်နိုင်ကြဖို့ဆွေးနွေး တင်ပြလိုပါတယ်။
 
ကျွန်တော်တို့ နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်ကိုပြန်ကြည့်လျင်နှစ်မျိုးတွေ့ရပါတယ်။ ပုံမှန်ရေကြီးတာတော့ ထည့်မပြောတော့ပါဘူး။
 
ငလျင်နဲ့မုန်တိုင်းပါ။
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ အတွင်း မြန်မာနိုင်ငံမှာငလျင်ပြင်းအား ၇.၀ထက် အင်အားကြီးသော ငလျင်ပေါင်း ၁၅-ကြိမ် လှုပ်ခဲ့ကြောင်းသမိုင်းမှတ်တမ်းများအရသိရပါတယ်။ ပျက်စီးမှုများတာတွေကတော့ ပဲခူးငလျင် (၁၉၃၀) ၊ ရန်ကုန် ငလျင် (၁၉၇၀)နှင့်ပုဂံငလျင်( ၁၉၇၅ )တို့ ဖြစ်ကြပါတယ်။ (Essentials of Safer Constructionby MES 2009)   ၆.၈ အဆင့်ကတော့ တာလေငလျင် (၂၄-၃-၂၀၁၁) နှင့် သပိတ်ကျင်းငလျင် (၁၁-၁၁-၂၀၁၂ )တို့ဖြစ်ကြပါတယ်။
 
ငလျင်လှုပ်ရင် ဘာကြောင့် ပြိုပျက်တာလဲ -
 
 ငလျင်လှုပ်တဲ့အခါမှာ ငလျင်လှိုင်းကြောင့် မြေပြင်သည် ရှေ့-နောက်၊ တောင်-မြောက်၊ပေါ်- အောက် စသဖြင့် လားရာအမျိုးမျိုးသို့ လှုပ်ခါပါတယ်။ အဆောက်အဦးများသည်မြေပြင်ပေါ်မှာတည်ရှိနေတော့ မြေပြင်နှင့် အတူလှုပ်ခတ်သွားပါတယ်။
 
နယူတန်၏ ရွေ့လျားမှု နိယာမကိုသတိရကြမှာပါ။ ပြင်ပအား မသက်ရောက်လျှင်ရပ်နေတဲ့အရာသည် ဆက်ပြီးရပ်နေမယ်၊ ရွေ့နေတဲ့အရာသည် ဆက်ရွေ့နေမယ်ဆိုတဲ့နိယာမပါ။ မြေကြီး နှင့် ဆက်စပ်နေသော   အောက်ပိုင်းကမြေကြီး နှင့်အတူရုတ်တရက် ရွေ့သွားတဲ့အခါ အပေါ်ပိုင်းမှာတည်ရှိတဲ့ အမိုးပိုင်းသည် မူလနေရာအတိုင်းကျန်နေခဲ့တဲ့အခါ အဆောက်အဦး၏ အောက်ခြေ နှင့်အမိုးအကြားရှိ အဆက်အစပ်များသည် ကွာဟကုန်ပြီးအက်ကွဲခြင်း ပြိုကျခြင်းစသည်ပျက်စီးမှုတွေ ဖြစ်လာပါတယ်။
 
အုတ်မြစ် နှင့် အမိုးအကြားရှိတိုင်၊ နံရံစသည်တို့သည်လည်းမတူညီသော အကွာအဝေးများအတိုင်းရွေ့လျားသွားကာ မတူညီသော လားရာဖက်များသို့မတူညီသောအားများဖြင့် ရွေ့သွားသဖြင့် အက်ကွဲပြိုပျက်ရတာပါ။
 
ကားပေါ်ထိုင်နေရင်း၊ ဆိုင်ကယ်နောက်ကထိုင်စီးရင်းရုတ်တရက်မောင်းထွက်လိုက်တဲ့အခါ အောက်ပိုင်းက ဖင်ထိုင်ခုံနှင့်အတူရွေ့သွားပေမဲ့ အပေါ်ပိုင်းကနောက်ကိုယိုင်သွားသလိုပေါ့။ပိန်တဲ့သူကထိန်းနိုင်ပေမဲ့ ဝတဲ့သူဆိုရင် ထိန်းဖို့ ခက်ပါတယ်။ငလျင်မှာလည်း သေးငယ်တဲ့ ပေါ့ပါးတဲ့ အဆောက်အဦးတွေထက် အလျားရှည်တဲ့၊အရွယ်အစားကြီးတဲ့၊ ထုထည်ကြီးမားတဲ့ အဆောက်အဥိးတွေ ပိုပြီးထိခိုက်ပျက်စီးတာဒီသဘောပါဘဲ။
 
အဆောက်အဦးဆောက်တဲ့အခါ ထုထည်ကြီးမားလေ အဆင့်မြင့် နည်းပညာနဲ့ ကုန်ကျစရန်မျာများလိုအပ်လေဖြစ်ပါတယ်။ အဆောက်အဦးကို ခိုင်မာတောင့်တင်းအောင်ဆောက်လေလေကုန်ကျစရိတ်များလေလေ ဖြစ်ပါတယ်။မုန်တိုင်းတွေကိုတော့ ကြိုတင်ခန့်မှန်း နိုင်ပါတယ်။
 
လေဖိအားနည်းရပ်ဝှမ်းဖြစ်လာကတည်းက စဉ်ဆက်မပြတ် စောင့်ကြည့် လို့ရပါတယ်။ကြိုတင်ပြင်ဆင်လို့ရသလို လိုအပ်ရင် လူတွေ ကြိုတင် ရွှေ့ပြောင်းလို့ရပါတယ်။ငလျင်ကိုအစိုးမရသလိုခန့် မှန်းနိုင်ခြင်းလည်း မရှိသေးပါဘူး။
 
အဆောက်အဦး၏ အရေးပါမှု
 
 ငလျင်ဘေးဒဏ်ကို ရင်ဆိုင်နိုင်ဖို့ကတော့ အဆောက်အဦးတွေကို စနစ်တကျ နေရာရွေးချယ်ပြီး ခိုင်မာတောင့်တင်းအောင် ဆောက်လုပ်ရန် ဖြစ်ပါတယ်။အဆောက်အဦးဆောက်တဲ့အခါ ခိုင်မာတောင့်တင်းမှု ဘယ်လောက်အထိလိုအပ်သလဲဆိုတာအဆောက်အဦး၏ အမျိုးအစား ( ရည်ရွယ်ချက် ) အပေါ်မူတည်ပါတယ်။ ယေဘုယျအားဖြင့်လူတွေ ဘယ်လောက်များများအသုံးပြုမှာလဲ ။
 
စာသင်ကျောင်းများ၊ ဆေးရုံများ၊ ရုံးများ၊ ဟိုတယ်များ၊ ကွန်ဒိုကြီးများ၊လူနေ တိုက်ခန်းများစသည် တို့သည် ပထမဦးစားပေး ဖြစ်သင့်ပါတယ်။လူအများတပြိုင်တည်းစုဝေးတတ်သောနေရာတွေလည်း ပါဝင်ပါတယ်။  ဘုရားဝတ်ပြုရာနေရာများ၊စက်ရုံများစသည်တို့ဖြစ်ပါတယ်။
 
စက်ရုံလုပ်ငန်းဖြစ်စေကာမူ အလုပ်သမားတွေ အလုပ်လုပ်မဲ့နေရာကို ပစ္စည်းသိုလှောင်ရာ ဂိုဒေါင်ထက် ပိုမိုဦးစားပေးရပါမယ်၊ ရည်ရွယ်ချက်အပေါ် မူတည် ဆုံးဖြတ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
 
မြေနေရာရွေးချယ်ခြင်း
 
ငလျင်လှုပ်ရင် ပြိုကျနိုင်သည့် မြစ်/ချောင်းကမ်းပါးဘေး၊တောင်စောင်းချောက်ကမ်းပါးဘေး
      - ငလျင် လှုပ်ရင် မိမိအပေါ်ပြိုကျ နိုင်သည့် တောင်စောင်းအနီး
      - ကျောက်တုံးမြေများ ပြိုကျ ပိနိုင်သည့်နေရာ
       - သဲ နှုန်းစသည့် ခိုင်မာမှုမရှိသည့်မြေသားများစသည်တို့ကိုရှောင်ကြဉ်သင့်ပါတယ်။
 
 အဆောက်အဦးပုံစံ
 
 - အလျားအလွန်မရှည်သင့်ပါ။ (အလျားသည် အနံ၏ ၃ ဆထက် မရှည်သင့်ပါ။ အနံ ပေ-၂၀ရှိလျင် အလျားသည် ပေ-၆၀ ထက်မကျော်သင့်ပါ။ အနံ ပေ-၃၀ ရှိလျင် ပေ-၉၀ ထက်မကျော်သင့်ပါ။
 - အဆောက်အဦးပုံစံသည် အလျားလိုက်ဖြစ်စေ၊ အနံလိုက်ဖြစ်စေမျက်နှာချင်းဆိုင်အခြမ်းမျာသည် ပုံစံတူသင့်ပါတယ်၊ ( စတုဂံ၊ စတုရန်း၊ အဝိုင်း၊အင်္ဂလိပ်စာလုံး အိပ်ခ်ျပုံ ဖြစ်သင့်ပါတယ်၊ အင်္ဂလိပ်စာလုံးအီးပုံ၊ အက်ဖ်ပုံ၊စီပုံ၊ အယ်လ်ပုံ၊ တီပုံစသည့် ပုံများမဖြစ်သင့်ပါ )
 -      အလျားအလွန်ရှည်လျင်၊ ထိပ် ဘေးစသည်တွင် တွဲဆက် ပုံစံအယ်လ်၊ တီ ၊ အီး၊အက်ဖ်၊ စီစသည့်ပုံစံများဖြစ်နေပါ ကဘေးတိုက်ဖြစ်စေထိပ်တိုက်ဖြစ်စေအဆောက်အဦးအချင်းချင်းအကြားတွင်အဆောက်အဦး၏ အမြင့်ပေထက် မနည်းခွာ၍ ဆောက်သင့်ပါတယ်၊
 -       သစ်၊ ဝါး၊ အုတ်အင်္ဂတေ၊ သံကူကွန်ကရိမည်သည့် ဆောက်လုပ်ရေးပစ္စည်းဖြင့်ဆောက် သည်ဖြစ်စေ၊ အောက်ခြေ ( အုတ်မြစ် ) နှင့် တိုင်များအကြား၊ တိုင် နှင့်နံရံများအကြား၊ အုတ်မြစ် နှင့် နံရံများအကြား၊ တိုင် နှင့် ထုပ်၊ ယောက်၊ဒိုင်း၊ မျှားစသည်တို့ အချင်းချင်းခိုင်မာစွာ၊ စနစ်တကျ ဆက်စပ်ထားရပါမယ်။
 -      အဆောက်အဦးများအထူးသဖြင့် အထပ်မြင့် အဆောက်အဦးများသည် တတ်နိုင်သမျှတိုင်၊ ထုပ်၊ ယောက်များ ပြည့်စုံစွာ ထားသင့်ပါ တယ်၊   တိုင်မပါဘဲထုပ် နှင့်ယောက်များကိုအပြင်ထုတ်၍ တိုင်ပျောက်ဆောက်ထားခြင်းမျိုးကိုရှောင်ကြဉ်သင့်ပါတယ် ၊ အပေါ်ထပ်များမှာအလေးချိန်ပိုများစေသည့် ကွန်ကရိ/ ကျောက် ပွတ်လုံးများ၊ သဘာဝကျောက်တုံးများစသည်တို့ဖြင့် အလှဆင်ခြင်းသည် မူလတွက်ချက်စဉ်ကအလေးချိန်ထက် ပိုစေပါတယ်၊  အလှဆင်ပစ္စည်းများတပ်ဆင်ရာမှာ အားဖြည့်သံချောင်းတွေအတွဲအဆက်များသေချာစွာတပ်ဆင်သင့် ပါတယ်။
 -        အလေးချိန်ကိုထမ်းရသောနံရံများ၊ တိုင်များသည် အဆောက်အဦးတစ်ခုလုံး (အထပ်တိုင်း) တွင် တတန်းတည်း တညီတည်းရှိရပါမယ်၊  အပေါ်ထပ်၊ ကြားအထပ်များတွင်နံရံဖျောက်ထားခြင်း၊ တိုင်ဖျောက်ထားခြင်းများသည် အလေးချိန်ထမ်းရွက်မှုမတူသဖြင့် အဆောက် အဦး၏ ခိုင်ခန့်မှုကိုအားနည်းစေပါတယ်။အထပ်မြင့်အဆောက်အဦးများတွင် ကြားအထပ်များ၏ ဆက်လျက် အခန်းများကို ကြားနံရံများဖြိုဖျက်၍ အခန်းကျယ်ဖွဲ့ခြင်းသည် အဆောက်အဦး၏ ခိုင်ခန့်မှုကို အားနည်းစေပါတယ်။
 
ပြတင်းပေါက်နှင့်တံခါးပေါက်များ၏ တည်နေရာ အကျယ်အဝန်း
-  နံရံများတွင်ဖောက်ထားသောအပေါက်များသည် နံရံများ၏ ခိုင်ခန့်မှု ကိုလျော့ကျသွားစေပြီးထိုမှတဆင့် အဆောက်အဦး၏ ခိုင်ခန့်မှုကိုလျော့ကျစေပါသည်။ တခါးပေါက် နှင့်ပြတင်းပေါက်များကြောင့် အဆောက်အဦး၏ ခိုင်ခန့်မှု မထိခိုက်စေရန်အောက်ပါတိုအတိုင်း လိုက်နာသင့်ပါတယ်။
 -       မျက်နှာချင်းဆိုင် နံရံများရှိ ပြတင်းပေါက်များတံခါးပေါက်များသည်ခေါက်ချိုးညီသင့်ပါတယ်။
 -       တံခါး နှင့် ပြတင်းပေါက်များသည် တိုင် နှင့် တန်းအဆုံ အလေးချိန်သက်ရောက်မှု အများဆုံးနေရာမှ သင့်တင့်သောအကွာအဝေးတွင် ရှိသင့်ပါတယ်။
 -       တံခါးပေါက်များ နှင့် ပြတင်းပေါက်များကိုအထပ်တိုင်းတွင်တူညီသောတည်နေရာများတွင် ဖောက်သင့်ပါတယ်။
-       တံခါးပေါက်များ နှင့် ပြတင်းပေါက်များ၏ အပေါ်ဘောင်များသည် တတန်းတည်းဖြစ်သင့်ပါတယ်။
-       တံခါးပေါက်များ ပြတင်းပေါက်များသည် အခန်းထောင့် များ နှင့်မနီးကပ်သင့်ပါ။ ဆောက်လုပ်ရေးပစ္စည်းများ နှင့် တည်ဆောက်ရေးအရည်အသွေးများ အဆောက်အဦးဆောက်တဲ့အခါ သုံးစွဲတဲ့ ပစ္စည်းတွေ၊ တည်ဆောက်တပ်ဆင်ခြင်း လုပ်ငန်းများတွင်စံချိန်စံညွှန်း ပြည့်မိရန် အရေးကြီးပါတယ်။
 
ဒီဆောင်းပါးက သာမန်ပြည်သူတွေ အတွက် ရည်ရွယ်တာပါ။ လုပ်ငန်းကြီးတွေ ပညာရှင်တွေအတွက်မဟုတ်ပါ။ ကိုယ်ပိုင်အိမ် ဆောက်ကြတဲ့အခါ သံချောင်းအားဖြည့်ကွန်ကရိတိုင်တွေ၊ ထုပ်တန်းတွေလောင်းတဲ့အခါ သတ်မှတ်ထားတဲ့သံချောင်းအချင်းအတိုင်းမသုံးဘဲဈေးသက်သာအောင် အရွယ်အစားလျှော့သုံးတာတွေ တွေ့ရပါတယ် သံချောင်း အရွယ်အစားလျှော့သုံးတာ ခိုင်ခန့်မှုကို အားနည်းစေပါတယ်။
 
တောင်ပေါ်ဒေသတွေမှာ မြေအုတ်အစား ဘလောက်အုတ်သုံးတဲ့အခါ နံရံထုသည် လေးလက်မအောက်ဖြစ်နေလျင် မသင့်တော်ပါ။ မြေအုတ်သုံးရင်လည်းတစ်နံထုတော့ ထားသင့်ပါတယ်။
 
နောက်တစ်ခုက ကွန်ကရိရောစပ်တဲ့အခါ၊ အုတ်စီအချောကိုင်ဖို့ မဆလာဖျော်တဲ့အခါစနစ်တကျ ချိန်တွယ် မရောစပ်ဘဲ မျက်မှန်းနဲ့ ဖျော်စပ်တာတွေလည်းခိုင်ခန့်မှုကိုထိခိုက်စေပါတယ်။
 
နောက်တစ်ခုတော်တော်ဆိုးတာက အောက်ခံအုတ်မြစ်၊ တိုင် နဲ့ ထုပ်တန်းတွေ လောင်းဖို့သံချည် သံကွေးနဲ့ သစ်သားပုံစံခွက်တွေ ရိုက်တဲ့အခါ သက်သာအောင် တိုင်တွေသပ်သပ်လောင်း၊ ပြီးမှ ထုပ်တန်းလောင်းမဲ့နေရာမှာ တိုင်ကိုစို့နဲ့ဖောက်ပြီးသံချောင်းပြန်တွဲပြီးမှထုပ်တန်းလောင်းတာမျိုးတွေ တွေ့ရပါတယ်။
 
ပစ္စည်းအရည်အသွေး၊ လုပ်ငန်းအရည်အသွေးတွေ စံမမီရင်တော့ မိမိအတွက်အန္တရာယ်ကိုငွေပေးဝယ်ထားတာနဲ့အတူတူပါဘဲ။
 
အခုဖော်ပြထားတာတွေက နည်းပညာပိုင်းဆိုင်ရာ အသုံးအနှုန်းတွေကို နားလည်လွယ်အောင်အကြံပြုထားတာပါ။ သာမန်ဖတ်ရင် နားမလည်နိုင် ခက်ခဲကောင်းခက်ခဲပေမယ့်မိမိလိုအပ်တဲ့အခါ ဒီအချက်လေးတွေကို ဂရုစိုက်ပြီး တတ်ကျွမ်းသူတွေနဲ့ စနစ်တကျတိုင်ပင်ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

 

No comments:

Post a Comment