မပွင့်မီကြွေတဲ့ပန်းကလေးတွေ မဖြစ်စေဖို့
ဆူးလှည်း ( မြစ်မခ )
by Myit Makha Mediagroup on 7 Jan, 2013
by Myit Makha Mediagroup on 7 Jan, 2013
အပိုင်း( ၂)
ကလေးသူငယ်များသည် အနာဂတ်၏ခေါင်းဆောင်ဖြစ်သည်လို့ ငယ်စဉ်က စာစီစာကုံးရေးခဲ့တာကို မှတ်မိနေပါသေးတယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂစာချုပ်ကို လေ့လာတဲ့အခါ မှာတော့ ကလေးသူငယ်တိုင်းမှာ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်မှုခံယူပိုင်ခွင့် နဲ့ ပါဝင်ခွင့်စတဲ့ အဓိက အခွင့်အရေး ၄ ရပ် ရှိရမယ်ဆိုတာ သိလာရတယ်။
ထိုအခွင့်အရေးများအနက် ကာကွယ်စောင့်ရှောက်မှု ခံယူပိုင်ခွင့်မှ ကလေးသူငယ်များကို အကြမ်းဖက်မှု / အလွဲသုံးမှုမှ ကာကွယ်ခြင်း၊ ထိုမှတဆင့် လိင်မှုဆိုင်ရာအလွဲသုံးမှုတွေကို မြက်နု ကြိုက်နွားအိုများ ခေါင်းစဉ်ဖြင့် နှစ်ပိုင်းခွဲ ရေးသားတင်ပြခဲ့ပါတယ်။ ကလေးသူငယ်များ အပေါ် လိင်မှု ဆိုင်ရာ အကြမ်းဖက်မှုတွေကို မပွင့်မီကြွေတဲ့ပန်းမှာ ဖော်ပြခဲ့ပါတယ်။ အခုအပိုင်း-၂ မှာတော့ ကလေးသူငယ်တွေ အရွယ်မရောက်မီ လက်ထပ်ခြင်းနှင့် အချိုသပ် ဖြားယောင်းသွေးဆောင် ကာမ ဆက်ဆံခြင်း အကြောင်းတွေကို ရေးသားဆွေးနွေးလိုပါတယ်။
ကလေးသူငယ်တွေ
အထူးသဖြင့် မိန်းခလေးငယ်တွေ အရွယ်မရောက်မီ လက်ထပ်ခြင်းမှာလည်း လူမှုရေး၊
စီးပွားရေး စသည် အခြေအနေအရပ်ရပ်ကြောင့် အိမ်ထောင်ပြုကြတာဖြစ်သလို၊ ငွေကြေး
တတ်နိုင်သူ အချို့ရဲ့ လိင်ကျေးကျွန်အဖြစ် အသုံးချခံနေရတာလည်း ရှိပါတယ်။
အချို့လူမှုအသိုင်းအဝိုင်းတွေမှာ ဓလေ့ထုံးတမ်းအရ အရွယ်မရောက်မီ အိမ်ထောင်ပြုတာကို ခွင့်ပြု ထားသလို ဥပဒေတွေကလည်း ခြွင်းချက်ဖြင့် ခွင့်ပြုထားတာတွေ ရှိပါသည်၊ ဥပဒေပြုသူတွေကလည်း ဥပဒေပြုစုရာမှာ ရှုထောင့်ပေါင်းစုံက စဉ်စားပြီး ကောင်းကျိုးဆိုးကျိုးတွေ ချင့်ချိန်ပြီးမှ ရေးဆွဲထား ကြတာ ဖြစ်မှာပါ။
မြန်မာနိုင်ငံရာဇသတ် ( ပြစ်မှု ) ဥပဒေမှာလည်း
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၅ ။ ပဉ္စမအချက်အရ
ယောက်ျားတစ်ဦးသည် အမျိုးသမီးက ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ၊
အသက်၁၄-နှစ် အောက်ငယ်သော အမျိုးသမီးနှင့် ကာမစပ် ယှက်လျင် ထိုယောင်္ကျားသည်
မုဒိမ်းမှု ကျူးလွန်သည်ဟု သတ်မှတ်ထားပါတယ်။
ကင်းလွတ်ချက်။ ယောက်ျားတစ်ဦးသည် အသက် ၁၃ နှစ်အောက် မဟုတ်သော သူ၏ ဇနီးမယား နှင့်ကာမစက်ယှက်ခြင်းသည် မုဒိမ်းမှု ကျူးလွန်ရာ မမြောက်ပါ၊
မကြာမီ
အတည်ဖြစ်လာနိုင်သည့် ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်းမှာ အထက်ပါ အသက်
ကန့်သတ်ချက်များကို တိုးမြှင့် သတ်မှတ်ထားတာတွေ့ရပါတယ်၊
ပုဒ်မ ၄၇။ ရာဇသတ်ကြီးတွင်
( က ) ပုဒ်မ ၃၇၅ ၏ပဉ္စမ ၌ ပါရှိသော " fourteen years of age " ဆိုသည့် စကားရပ်ကို "sixteen years of age " ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
( ခ ) ပုဒ်မ ၃၇၅ ၏ကင်းလွတ်ချက်၌ ပါရှိသော " thirteen years of age " ဆိုသည့် စကားရပ်ကို " fifteen years of age " ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
ဟူသော ဥပဒေအပိုဒ်များအရ လက်ရှိမှာ အသက် ၁၃ နှစ်အထက် နောင်မှာ အသက် ၁၅ နှစ်အထက် မိန်းခလေးငယ်များသည် အိမ်ထောင်ပြုနိုင်ကြောင်း ခွင့်ပြုထားပါသည်။
သို့သော် ထိုဥပဒေပါ ခြွင်းချက်ကို အခွင့်အရေးယူ အလွဲသုံးစားလုပ်ပြီး အသက်အရွယ် နုနယ်သည့် ၁၀ နှစ် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တွေကို မယားငယ်အဖြစ် ယူထားတာပင် မြင်တွေ့နေရ ပါတယ်။
ဒီကိစ္စတွေကို အဆိုးမြင် ရေးသားနေတာ မဟုတ်ပါ။ နည်းသေးပေမယ့် လျစ်လျူပြုထားရင် အမှားက အမှန်ဖြစ်ပြီး ပိုဆိုးလာမှာကို တားဆီးချင်လို့ပါ။
" ပုခက် လွှဲသော လက်သည် ကမ္ဘာကို အုပ်စိုး၏ " " လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာ စရိယ မိ နှင့် ဖ " " အမိယုတ်က နှုတ်ကြမ်း၏ " စတဲ့ စကားပုံများသည် လူသား ကလေးငယ်များ၏ ဖွံ့ဖြိုး တိုးတက်ရေးတွင် မိခင်၏ အရေးပါမှုကို ဖော်ပြထားတာပါ။
မျိုးဆက်ပွားကျန်းမာရေး ( Reproductive Health ) အရ မိန်းခလေးငယ်များ အနေနဲ့ အသက် ၁၈ နှစ်ကျော်မှ အိမ်ထောင်ပြုသင့်တယ်လို့ ဖော်ပြထားပါတယ်၊ ၁၈ နှစ်ကျော်မှ မိန်းခလေး တစ်ယောက်သည် ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုအရ၊ အသိဥာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအရ အိမ်ထောင်ပြု ကိုယ် ဝန်ဆောင်ရန် အသင့် ဖြစ်ကြောင်းကိုလည်း တိုက်တွန်းထားပါတယ်။
အသက်အရွယ် နုနယ်စဉ် အိမ်ထောင်ပြု ကိုယ်ဝန်ဆောင်တဲ့ မိန်းခလေးများဟာ ကျန်းမာရေး အရ ထိခိုက်သလို၊ ကလေးမွေးပြီး ကလေးကို ပြုစုပျိုးထောင်နိုင်မှာ မဟုတ်လို့ပါ။
မြို့ကြီးပြကြီးတွေမှာ အရွယ်ငယ်မိန်းခလေးတွေကို တိတ်တိတ်ပုန်း မယားငယ်ပြုထားတာတွေ ရှိသလို အစွန်အဖျားဒေသတွေမှာ စည်းမဲ့ကမ်းမဲ့ ဝင်ထွက်သွားလာနေတဲ့ နိုင်ငံခြားသားတွေ ကလေး လူမမယ်တွေကို ငွေနဲ့ပေါက်ပြီး ငွေဝယ်လိင်ကျွန်ပြုထားတာတွေ အများအပြားပါ။ ရပ်ရွာဓလေ့အရ အနည်းအကျဉ်း ဧည့်ခံကျွေးမွေးယုံနဲ့ လွတ်လွတ်လပ်လပ် မယားငယ် ပြုသွားနိုင်လို့ပါ ။အရေးကြီးတာက ကလေးငယ်တွေကို ကလေးအဖြစ် မြင်ကြဖို့ လိုပါတယ်။ ကလေးငယ်တွေကို ပြုစု ကာကွယ် စောင့်ရှောက်ဖို့ လိုပါတယ်။ ကလေးကို ကလေးအဖြစ် မမြင်ဘဲ ကာမဆက်ဆံစရာ လိင်ကျွန် အဖြစ် မမြင်ကြဖို့ အရေးကြီးပါတယ်၊ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ် ဥပဒေနဲ့ ကလေးသူငယ်များအပေါ်ကျူးလွန်မှုတွေကို အရေးယူဖို့ ပြဌာန်းထားတဲ့ ဥပဒေတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး၊ လေ့လာကြဖို့ လိုအပ်နေတာပါ။
နယ်မြို့တစ်မြို့မှာ အသက် ၁၄ နှစ်အရွယ် အထက်တန်းကျောင်းသူလေး တစ်ယောက် ကိုယ်ဝန် ရှိလာလို့ ဆရာမတွေ တိုးတိုးတိတ်တိတ် စစ်မေးမှ အိမ်မှာ ဝင်ထွက်နေတဲ့ ဖခင်ရဲ့ မိတ်ဆွေနဲ့ ကိုယ်ဝန်ရှိလာမှန်း သိရပါတယ်။ ဒါပေမဲ့ ဘယ်ကလေးသူငယ် အခွင့်အရေး၊ ဘယ်ပြစ်မှု ဥပဒေမှ ပါ မလာပါဘူး။ အရှက်ကင်းမဲ့စွာ ပျော်ပျော်ပါးပါးဘဲ မြို့တော်ခန်းမမှာ မင်္ဂလာပွဲ ကျင်းပလိုက် ကြပါတယ်။ ကလေးငယ်အတွက် အကောင်းဆုံး ( the best interest of the child ) ဆုံးဖြတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရှင် မိန်းခလေးငယ်ဟာ သူ့ဘဝမှာ စောင့်ထိန်းအပ်တဲ့ လူမှုရေးစည်းကိုမျှ မစောင့်ထိန်းနိုင်တဲ့ လူတစ်ယောက်ကို ဆွေမျိုးသားချင်းမိသားစု အသိုင်းအဝိုင်းမှာ ရှိမယ့် ကလေးငယ်တွေနဲ့ ဘယ်လို စိတ်ချပြိး အိမ်ဦးနတ်အဖြစ် ယုံကြည်စိတ်ချနေမှာလဲဆိုတာ စဉ်းစားလို့ မရပါဘူး။
ဝေးလံခေါင်းပါးတဲ့ ဒေသတွေမှာ လူမျိုးစု ဓလေ့အရဖြစ်စေ၊ ရပ်ရွာဓလေ့အရဖြစ်စေ၊ အရွယ် မရောက် မီ အိမ်ထောင်ပြုတာတွေ လျော့ပါးသွားအောင် သက်တူရွယ်တူ ကလေးငယ်တွေ စုစည်းပြီး ဘာသာရေး၊ စာပေဖတ်ရှုခြင်း၊ အားကစား၊ အနုပညာ စတာတွေ လေ့လာ လိုက်စားနိုင်ရန် ဆောင်ရွက် ပေးကြဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး နှင့် အသိဥာဏ် ဖွံ့ဖြိုးရေးအတွက် ပညာပေး လေ့ကျင့်မှုတွေ ဆောင်ရွက်ပေးကြရပါမယ်။
ကလေးသူငယ်တွေကို
ဆွေမျိုးသားချင်းတွေကလွဲရင် အရောတဝင် မနေဖို့နဲ့ ဆွေမျိုးသားချင်း
တွေနဲ့တောင် လိုအပ်တာထက် ပိုပြီး အရောတဝင် မနေဖို့ လူကြီးတွေက သွန်သင်ထားသင့်ပါတယ်။
လူဆိုတာ ကာမရာဂစိတ် မထိန်းနိုင်လျင် လူစင်စစ်က တိရစ္ဆာန်
စိတ်ပေါက်တတ်တာမို့ အရွယ် ရောက် လူကြီးများလည်း ဆင်ခြင်သင့်ပါတယ်။
ဥပဒေ၏
ခြွင်းချက်ကို အလွဲသုံးနေကြတဲ့ မိန်းခလေးငယ်တွေကို ငွေနဲ့ပေါက်ပြီး
လိင်ကျေးကျွန်ပြု နေကြတဲ့သူတွေကိုလည်း ဥပဒေနည်းလမ်း၊ အုပ်ချုပ်ရေးနည်းလမ်း၊
တရားစီရင်ရေးနည်းလမ်းနဲ့ လူမှုရေး နည်းလမ်းတွေသုံးပြီး တားဆီး
နှိမ်နင်းသင့်ပါတယ်။
ကလေးသူငယ်တွေကို စောင့်ရှောက်နေကြတဲ့၊ လုင်ငန်းသဘောအရကလေးသူငယ်များနှင့် အနီးကပ် ဆက်သွယ်နေကြရတဲ့သူတွေလည်း နေရာထိုင်ခင်းစနစ်တကျ စီစဉ်ထားရှိခြင်း၊ ကျင့်ဝတ် စည်းကမ်းများ စနစ်တကျရေးဆွဲ လိုက်နာစစ်ဆေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။ တစ်သက်လုံး စေတနာနှင့် ဆောင်ရွက်လာခဲ့ရခြင်းကို တစ်ခဏတာတည်းနှင့် ဖျက်ဆီးသိက္ခာ ကျသွားတာတွေ၊ လူအများ ယုံကြည်စိတ်ချထားရာကနေ ကြောင်သူတော်၊ဖွတ်ထွက်မှ တောင်ပို့မှန်း သိသွားကြတဲ့ အဖြစ်ဆိုးတွေက ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
တစ်ချိန်က ပဲစင်းငုံစိုက်ရာမှာ စနစ်တကျ အင်အားစိုက်ထုတ်ပြီးစိုက်တာ အပင်တွေသန်ပြီး ဖူးပွင့် သီးလို့ အားရဝမ်းသာ ခဲ့ရပါတယ်။ ဒါပေမဲ့ အချိန်တန်လို့ ပဲတောင့်တွေ ဆွတ်ခူပြီး အတောင့် ခြွေလိုက်တဲ့ အခါမှာတော့ ပဲကောင်းတစ်စေ့မှ မရဘဲ ပိုးထိုးအဆံချောင် အဆံမဲ့ ပဲတွေသာ ရခဲ့လို့ စိတ်ပျက်ခဲ့ရဘူးပါတယ်။ အဖြေရှာကြည့်တော့ စိုက်လိုက်တဲ့ ပဲမျိုးတွေက ပိုးထိုးမျိုးစေ့ တွေဖြစ် နေတာ အချိန်လွန်မှ သိခဲ့ရပါတယ်။
သန်မာထွားကြိုင်းပြီး ကျန်းမာသန်စွမ်းတဲ့ အရည်အသွေးကောင်းမွန်တဲ့ မြန်မာနိုင်ငံသားကောင်းတွေ ရရှိစေဖို့ ပိုးထိုးလောက်ကိုက် ကင်းစင်တဲ့ မျိုးကောင်းမျိုးသန့်တွေရအောင် ပြုစုပျိုးထောင် ကြရပါမယ်။ ကလေးသူငယ်တွေ ပန်းကောင်းအညွန့်မကျိုးဖို့၊ လိင်ကျေးကျွန် မဖြစ်စေဖို့ ကာကွယ် စောင့်ရှောက်ကြရာမှာ လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ဥပဒေရေးရာ၊ ကျန်းမာရေးစတဲ့ ကဏ္ဍပေါင်းစုံကနေ အားလုံးက ဝိုင်းဝန်းကြည့်ရှု့လုပ်ဆောင်ပေးရမှာပဲ ဖြစ်ပါတယ်။
No comments:
Post a Comment