Monday, March 4, 2013

ငလျင်ကို ဘယ်လို ရင်ဆိုင်ကြမလဲ
ညွန့်အောင် ( မြစ်မခ )
by Myit Makha Mediagroup on 16 Jan, 2013



အပိုင်း ( ၁ ) 
 ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က သပိတ်ကျင်းပတ်ဝန်းကျင်ကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာ စကေး ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခေတ်ခဲ့၍ စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းဒေသကြီးများ၌  ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
 
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ရေဦး နှင့် ကျောက်မြောင်း မြို့ နယ်များ၊ မန္တလေးတိုင်း ဒေသကြီး အတွင်းမှ သပိတ်ကျင်း၊ စဥ့်ကူး၊ မန္တလေး ငါးမြို့နယ်၊အမရပူရ၊ ကျောက်ဆည်နှင့် ပြင်ဦးလွင် အစရှိသည် မြို့နယ်များတွင် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
 
 အဆိုပါငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူ ၇-ဦး သေဆုံးပြီး ၃၂-ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း နှင့် လူနေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ရုံး၊ ဝန်ထမ်းအိမ်ယာများ၊ စေတီ နှင့် ဘုရား ကျောင်းကန်  ခန့် မှန်းတန်ဘိုး ကျပ်သိန်းပေါင်း ၁၄,၀၀၀ ခန့် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်း ဒေသကြီး အတွင်းမှ ပျက်စီးမှုစာရင်းမှာ ပြုစုဆဲဖြစ်ကြောင်း သိရသည်။
 
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ(၃)ရက်နေ့ထုတ် ၇ ရက် သတင်းဂျာနယ် အတွဲ-၁၁၊အမှတ်-၄၃ ဖော်ပြချက် အရ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ(၁၁)ရက်နေ့မှ ဒီဇင်ဘာ(၂၆) ရက်နေ့အတွင်း ပြင်းအား ရစ်ခ်ျတာစကေး ၁.၀ မှ ၅.၈ အဆင့် နောက်ဆက်တွဲ ငလျင်ပေါင်း (၉၆)-ကြိမ်လှုပ်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။
 
ငလျင်ဆိုသည်မှာ မီးတောင်ပေါက်ကွဲခြင်း၊ ကမ္ဘာ့ကျောက်လွှချပ်ကြီးများ ရွေ့လျားပွတ်တိုက်ခြင်း နှင့် လူလုပ်ဖောက်ခွဲမှုများကြောင့် ရုတ်ခြည်းဖြစ်ပေါ်သော ကမ္ဘာမြေ၏ ပြင်းထန်သော လှုပ်ရှားမှု ဖြစ် သည်။ ငလျင်လှုပ်ခြင်းသည် ကန့်သတ်နေရာ တစ်ခုတွင် အလွန်တိုတောင်းသည့် အချိန်အတွင်း ဖြစ် ပေါ်လေ့ ရှိသည်။
 
ငလျင်အများစုတို့မှာ တစ်မိနစ်ပင်မပြည့် တိုတောင်းကြပါသည်။ ငလျင်ကြီးများ လှုပ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ပေါင်းများစွာ ဆက်လက်လှုပ်လေ့ရှိပြီး ၎င်းတို့မှာလည်း အန္တရာယ် ပေးနိုင်သည်။
 
 ငလျင် ဖြစ်ပေါ်သော အကြောင်းရင်းများ
 
မီးတောင်ပေါက်ကွဲခြင်းနှင့်ကမ္ဘာ့ကျောက်လွှာချပ်များ ရွေ့လျားပွတ်တိုက်မှုကြောင့် ငလျင် လှုပ်လေ့ ရှိပါသည်။ ယမ်းဖောက်ခွဲခြင်း၊ မြေပေါ်ဟင်းလင်းဖွင့် သတ္ထုတူးဖော်ခြင်းနှင့် မြေအောက်သတ္ထု တူးဖော်ခြင်းများကြောင့်လည်း ငလျင်ငယ်များ လှုပ်တတ်သည်။ မြေအောက် အနုမြူစမ်းသပ် ဖောက် ခွဲမှုများကြောင့်လည်း ငလျင်လှုပ်လေ့ ရှိသည်။ သို့သော်လည်း ငလျင်အများစု အထူးသဖြင့် အင်အားပြင်း ငလျင်များသည် ကမ္ဘာ့ကျောက်လွှာချပ်များ ရွေ့လျားပွတ်တိုက်မှုကြောင့်လှုပ်ခြင်း ဖြစ် သည်။
 
ကမ္ဘာမြေ၏ အပေါ်ယံမျက်နှာပြင်လွှာသည် ကျောက်လွှာများဖြင့် ဖွဲ့စည်းထားပြီး ထုအားဖြင့် သမုဒ္ဒရာ အောက်တွင် အပါးဆုံး ၁၀-ကီလိုမီတာခန့် နှင့် အထူဆုံး ကုန်းမြင့်တိုက်ကြီးများ ( အာရှ၊ အာဖရိက စသည် ) အောက် ၆၅-ကီလိုမီတာခန့် ထူပါသည်။ ၎င်းအပေါ်ယံ မျက်နှာပြင်သည် တစ်သားတည်း တစ်စပ်တည်း မဟုတ်ဘဲ စတုရန်းကီလိုမီတာ ရာပေါင်းအနည်းငယ်မှ ထောင်ပေါင်း များစွာ အရွယ် အစားရှိသော ကျောက်လွှာချပ်များဖြင့် ဖွဲ့စည်းထားပါသည်။ ထိုကျောက်လွှာချပ်များ သည် ရွှေ့လျား နေသည့် ကျောက်ရည်ပူ သို့မဟုတ် ဓါတ်ငွေ့ကြားခံအလွှာများ အပေါ်တွင် စီးမျောနေ ရာမှ အချင်း ချင်းထိတွေ့သောအခါတွင် ဖိအားညှစ်အားများ အပေါ်ယံမျက်နှာပြင်လွှာတွင် ဖြစ်ပေါ် စုဆောင်း လာပါသည်။
 
 ကျောက်ချပ်လွှာများ ဆုံတွေ့ထိစပ်ရာ လမ်းကြောင်းတွင်ဖြစ်ပေါ်သော လှုပ်ရှားမှုအမျိုးအစားပေါ် မူတည်၍ ဖိညှစ်အား အမျိုးအစားကို ခွဲခြားနိုင်ပါသည်။ ကျောက်ချပ်လွှာများသည် အချင်းချင်းဝေးရာ သို့တွန်းထုတ်နေခြင်း၊ အချင်းချင်း ဘေးတိုက် ပွတ်ကြိတ်နေခြင်း နှင့် အချင်းချင်း မျက်နှာချင်းဆိုင် ဖိတွန်းနေခြင်း စသည်တို့ဖြစ်ပါသည်။
 
ကျောက်ချပ်လွှာများ ပွတ်ကြိတ်၊ ဖိတွန်းနေရာမှ ချော်ထွက်သွားသည့်အခါ ဖြစ်စေ၊ ကျိုးပြတ်သွား တဲ့အခါဖြစ်စေ စုဆောင်းဖြစ်တည်နေတဲ့ စွမ်းအင်တွေ ထုတ်လွှင့် လိုက်တဲ့ ကျောက်ချပ်လွှာများ၏ နယ်နိမိတ်ချင်း ဆက်စပ်ရာနေရာ ကို ပြတ်ရွှေ့ ( fault ) ဟုခေါ်ပါသည် ။ ကျောက်ချပ်လွှာအချင်းချင်း ပွတ်ကြိတ်၊ဖိတွန်းရာမှ ဖြစ်ပေါ်လာတဲ့ ဖိညှစ်အားသည် ကျောက်ထု၏ ခံနိုင်ရည်အားကို ကျော်သွားတဲ့ အခါ ကျောက်လွှာများသည် ကျိုးပြတ်သွားပြီး ကျောက်အစွန်းများသည် မူလပုံအတိုင်း ပြန်ကန်သွား ကြောင်းသိရသည်။ ဝါးတစ်ချောင်းအား ကွေးညွှတ်၍ ပြန်လွှတ်လိုက်သည့်အခါ ပြန်ကန် သကဲ့သို့ ဖြစ်သည်။ အများသောအားဖြင့် ပြတ်ရွှေ့ဇုန်၏ တစ်ဖက်တစ်ချက်ရှိ ကျောက်လွှာများ နှစ်ဖက်လုံး ဆန့်ကျင်ဘက် လားရာများသို့ ကန်ထွက်သွားခြင်းဖြစ်သည်။
 
ကျိုးပြတ်သွားသော နေရာကို ငလျင်ဗဟိုချက်( Focus or Hypocenter ) ဟုခေါ်ပြီး မြေမျက်နှာပြင် အနီး တွင်ဖြစ်စေ၊ မြေမျက်နှာပြင်အောက် အနက်ပိုင်းတွင်ဖြစ်စေ တည်ရှိနိုင်ပါသည်။ ၎င်း၏ အပေါ်တည့်တည့် မြေပြင်ပေါ်ရှိနေရာကို ငလျင်ဗဟိုချက် ( Epicenter )ဟု ခေါ် သည်။ ကျောက်ချပ်လွှာများ ဆက်စပ်နေတဲ့ ပြတ်ရွှေ့ကျိုးပြတ်သွားတဲ့အခါ ဖြစ်ပေါ်လာတဲ့ တုန်ခါမှု လှိုင်း တွေကို မြေငလျင်လှိုင်း ( seismic waves ) ဟုခေါ်ပါသည်၊ ငလျင်မြေအောက်ဗဟိုမှ လားရာ အားလုံးဘက်သို့ ဖြာထွက်ပါသည်။
 
ငလျင်ဖြစ်ပေါ်လေ့ရှိသော နေရာဒေသများ
 
ကမ္ဘာပေါ်ရှိ မည်သည့်နေရာဒေသတွင်မဆို ငလျင်ဖြစ်ပေါ်နိုင်သော်လည်း အချို့နေ ရာဒေသများမှာ သည် ငလျင်ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ပိုများသည်။ သို့သော် အရှေ့အင်ဒီးစ် ဒေသ၊ ဟိမဝန္တာ ဝန်းကျင်ဒေသ၊ အီရန်၊ တူရကီ နှင့် ဘော်လကန်ဒေသများကို လွှမ်းခြုံထားသော ပစိဖိတ် သမုဒ္ဒရာ ထိစပ်ရာ ဒေသများဖြစ်သည် ပစိဖိတ်ဘောင် ခါးပတ်ဝန်းကျင် နှင့် အယ်လ်ပိုက် ခါးပတ်ဝန်းကျင် ( Circum_Pacific belt and Alphite belt ) တို့တွင် ငလျင်ဖြစ်ပေါ်မှု အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ငလျင်များ၏ ၉၅-ရာခိုင်နှုန်းခန့်သည် ကျောက်ချပ်လွှာများ၏ နယ်နမိတ် မျဉ်းကြောင်းများ၌ ဖြစ်ပေါ်လေ့ရှိပါသည်။
 
ငလျင်များကို တိုင်းတာခြင်း
 
ငလျင် ပြင်းအားပမာဏ ( Earthquake Magnitude ) ဆိုသည်မှာ ငလျင်ဗဟိုဒေသတွင် ထုတ်လွှင့် လိုက်သော စွင်းအင်ပမာဏကို တိုင်းတာခြင်း ဖြစ်ပါသည်။ ငလျင်ပမာဏကို ပစ္စည်းကိရိယာများမှ တဆင့် တိုင်းတာပါသည်။ ကာလအကြာရှည်ဆုံး နှင့် အသုံးအများဆုံး အတိုင်း အတာ စနစ်မှာ ၁၉၃၆ ခုနှစ်က စတင်ပေါ်ထွက်လာသော ရစ်ခ်ျတာစကေး ( Richter scale ) ဖြစ်ပါသည်။ ဤစနစ်သည် လော့ဂရစ်သင်ကို အခြေခံထားသဖြင့် ပမာဏ ကိန်းပြည့် တစ်ခုကွာခြားတိုင်း မြေပြင်လှုပ်ရှားမှု ၁၀-ဆ၊ စွမ်းအင်ထုတ်လွှင့်မှု ပမာဏ အဆ-၃၀ ကွာခြားသွားပါသည်။ သို့ဖြစ်၍ ပမာဏ ၇.၅ အဆင့်ရှိ ငလျင်သည် ပမာဏ ၆.၅  အဆင့်ရှိငလျင်ထက် စွမ်းအင် ပမာဏ အဆ ၃၀ ပိုမိုထုတ်လွှတ်ပြီး ပမာဏ ၅.၅ အဆင့် ငလျင်ထက် စွမ်းအင်ပမာဏ အဆ- ၉၀၀ ပိုမိုထုတ်လွှင့်ပေးပါသည်။ ငလျင်ပမာဏ ၃ အဆင့် သည် လူသားများ သတိထားမိသည့် အနည်းဆုံး ပမာဏဖြစ်ပါသည်။ ဤစနစ်အရ မှတ်တမ်း တင်ထားသည့် အမြင့်ဆုံး ပမာဏမှာ ၈.၈ မှ ၈.၉ အတိ ဖြစ်ပါသည်။
 
ငလျင် လှုပ်ခတ်မှု ပြင်းအား ( Intensity )
 
ငလျင် လှုပ်ခတ်မှု ပြင်းအား ( Intensity ) ဆိုသည်မှာ ငလျင်၏ လှုပ်ခတ်မှုအပေါ် ခံစားသိရှိမှု ပြင်းအားကို တိုင်းတာခြင်း ဖြစ်ပါ သည်။ နေရာဒေသတစ်ခုတွင် ငလျင်ကြောင့် လှုပ်ရှားမှု မည်မျှ ပြင်းထန်သည် ကိုတိုင်းတာခြင်းဖြစ်သဖြင့် တစ်နေရာနှင့် တစ်နေရာ ကွာခြားနိုင်ပါသည်။ မည်သည့် ငလျင်မဆို ငလျင်ဗဟိုနှင့် အနီးဆုံးနေရာတွင် လှုတ်ခတ်မှု ပြင်းအား အပြင်းထန်ဆုံး ဖြစ်ပါသည်း ငလျင်တစ်ခုတည်းမှာပင် နေရာဒေသအလိုက် မြေသားလှုပ်ခတ်မှု၏ ပြင်းထန်မှု အပေါ်မူတည်လျက် ငလျင်လှုပ်ခတ်မှု ပြင်းအားအမျိုးမျိုး တိုင်းတာရရှိနိုင်ပါသည်။
 
ငလျင်ပြင်းအား ပမာဏ ( Magnitude )နှင့် ငလျင်လှုပ်ခတ်မှုပြင်းအား  ( Intensity ) တို့သည် ငလျင်အကြောင်း ဖော်ပြရာတွင် မကြာခဏ ရောထွေးမျက်စိလည် စေပါသည်။ ငလျင်ပမာဏကို များ သောအားဖြင့် ရစ်ခ်ျတာစကေးဖြင့် ဖော်ပြပြီး ငလျင်တစ်ခုလုံးကို လွှမ်းခြုံပြီး စွမ်းအင်မည်မျှ ထုတ် လွှတ်သည်ကို တိုင်းတာခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်မှုပြင်းအားမှာ ငလျင်ဒဏ်ခံရသောဒေသများတွင် တည်ရှိသော သဘာဝမြေပြင် နှင့် အဆောက်အဦးများ အပေါ်သက်ရောက်မှု၏ ပြင်းထန်မှုကို တိုင်းတာခြင်း ဖြစ်ပါသည်။
 
ငလျင်လှုပ်ခတ်မှု ပြင်းအားကို (Medvedev-Sponheuer-Karnik MSK ) စကေးဖြင့် ဖော်ပြလေ့ ရှိပါသည်။ တီထွင်သူများ၏ အမည်များကို ပေါင်းစပ်ထား သော အခေါ်အဝေါ် တစ်ခုသာဖြစ်ပါသည်။  ပြင်းအားအဆင့်များကို အောက်တွင် ဖော်ပြအပ်ပါသည်။
 
MSK ပြင်းအားအဆင့်          နေရာဒေသအလိုက် ရိုက်ခတ်မှု
        ၁                             သတိပြုမိခြင်း မရှိပါ
        ၂                             လူအနည်းငယ်မျှသာ မသိမသာ သတိပြုမိသည်
        ၃                             အားနည်းသည်။ လူအချို့ သတိပြုမိသည်
        ၄                             လူအများ ခံစားသိရှိသည်
        ၅                             အိပ်ယာမှ လန့်နိုးသည် အထိ ခံစားသိရှိသည်
        ၆                             ကြောက်ရွံ့ထိတ်လန့်စေသည်

        ၇                             ခိုင်ခန့်မှု အားနည်းသော အဆောက်အဦးများ ပြိုပျက်သည်
        ၈                             အုတ်အင်္ဂတေ အဆောက်အဦးများ အက်ကွဲသည်
       ၉                              အားနည်းသော အုတ်အင်္ဂတေ အဆောက်အဦးများ ပြိုပျက်သည်
      ၁၀                             အုတ်အင်္ဂတေ ကွန်ကရိ အဆောက်အဦး အများစု ပြိုပျက်သည်
      ၁၁                             စနစ်တကျ အားဖြည့် ကွန်ကရိ ထုပ်၊ယောက် အဆောက်အဦးများ ပါ
                                       ပြို ပျက်သည်   
      ၁၂                             လုံးဝဥသုံ  သဘာဝ မြေမျက်နှာပြင် ပြောင်းလဲသွားသည်
 
အထက်ပါ အဆင့် သတ်မှတ်ချက်များအရ  ၁ မှ ၆ အတွင်း အပျက်အစီး မရှိသလောက်နည်းပါး ပါသည်။ အဆင့်  ၁၀ မှ ၁၂ အတွင်း လူလုပ်အဆောက်အဦးအားလုံးနီးပါး မခံမရပ်နိုင်သည်အထိ ပြင်းထန်ပါသည်။ သို့သော်လည်း ဤမျှလောက်ပြင်းထန်သော ငလျင်လှုပ်ခတ်မှု အရေအတွက် အလွန် နည်းပါး ပါသည်။ ငလျင်ပြင်းအား အဆင့် ၇၊ ၈၊ ၉  ဇုန်များ အတွင်းရှိ အဆောက်အဦးများကို ထိုက်သင့်သည့် ငွေပမာဏ အကုန်အကျခံ၍ ငလျင်ဒဏ်ကာကွယ်နိုင်မည့်အနေအထား ရအောင် ဆောက်လုပ်သင့်ပါသည်။
 
ငလျင်ပြင်းအား ပမာဏ၊ ငလျင်လှုပ်ခတ်မှုပြင်းအားနှင့် ထိခိုက်ပျက်စီးမှု ဆက်စပ်မှု အခြေအနေ
 ငလျင်ပမာဏ      တစ်နှစ်လှုပ်ခတ်မှု     အများဆုံးလှုပ်ခတ်မှု   စက်ကွင်း အကွာအဝေး   စက်ကွင်း ဧရိယာ
ရစ်ခ်ျတာစကေး   ခန့်မှန်းအကြိမ်ပေါင်း      ပြင်းအား MSK            ကီလိုမီတာ          စတုရန်းကီလိုမီတာ 
 ၄.၀ - ၄.၉                ၆၂၀၀                ၄ - ၅                        ၅၀                            ၇၇၀၀
 ၅.၀ - ၅.၉                  ၈၀၀                ၆ - ၇                      ၁၁၀                          ၃၈၀၀၀
 ၆.၀ - ၆.၉                  ၁၂၀                ၇ - ၈                      ၂၀၀                        ၁၂၅၀၀၀
 ၇.၀ - ၇.၉                    ၁၈                ၉ -၁၀                      ၄၀၀                       ၅၀၀၀၀၀
 ၈.၀ - ၈.၉                      ၁               ၁၁-၁၂                      ၈၀၀                      ၂၀၀၀၀၀၀ 
  
အနာဂတ်မြန်မာနိုင်ငံ၌ ကျရောက်နိုင်သော သဘာဝဘေးအန္တရာယ်ကြီးများအနက်မှ  ရေရှည်တွင် ငလျင်ဘေးအန္တရာယ်သည် အကြီးဆုံးဖြစ်မည်ဟု ပညာရှင်အများက ယူဆထားကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ(၁၈) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ   ဆောင်းပါးတွင် ဆရာ ဒေါက်တာသိန်း က သတိ ပေးထားပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ကမ္ဘာ့အဓိက ငလျင်ကြောကြီး နှစ်ခုအနက်မှ တစ်ခုဖြစ်သော အယ်လ်ပိုက် ငလျင်ကြောတွင် ကျရောက်နေသောကြောင့် ဖြစ်ပါသည်။
 
သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ချေများသော ဒေသများတွင် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက် ပျက်စီး သေကြေဆုံးရှုံးမှု ပမာဏ လျှော့ချလိုပါက သဘာဝ ဘေးအန္တရာယ် လျော့ပါးရေး စီမံခန့်ခွဲမှု များကို စနစ်တကျ ကြိုတင်ဆောင်ရွက်ထားရန် လိုပါသည်။ နာဂစ်မုန်တိုင်းတုန်းက ပက်ပက်စက်စက် ခံစားခဲ့ကြပြီးပြီ။ တစ်ခါသေဘူး ပျဉ်ဖိုးနားလည်ဟု ဆိုချင်သည်။ နောက်တစ်ခါ ငလျင်သဘာဝ ဘေးဒဏ်ကို အပြင်းအထန် မခံစားရစေရန် ကြိုတင်ပြင်ဆင်ထားသင့်သည်များအား ဆက်လက် ဆွေးနွေး တင်ပြပါမည်။

No comments:

Post a Comment