မြန်မာအင်ဂျင်နီယာကျောင်းသားများ အမိကျောင်းတော်ကြီး၌ ပြန်လည်တွေ့ဆုံ
ညွန့်အောင် ( မြစ်မခ )
by Myit Makha Mediagroup on 31 Dec, 2012
by Myit Makha Mediagroup on 31 Dec, 2012
အင်ဂျင်နီယာ ကျောင်းသားကျောင်းသူဟောင်း ၃၅၀၀၏ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံမှုကို အင်းစိန်ကြို့ကုန်းရှိ
ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက
ဆရာကန်တော့ပွဲနှင့် ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲကို
ကျင်းပခဲ့ကြပါသည်။
၁၉၆၆
ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ယခင် အာအိုင်တီဟု လူသိများသော ရန်ကုန် စက်မှု
တက္ကသိုလ် အဆက်ဆက်တွင် ပညာ သင်ကြားခဲ့ကြသော အင်ဂျင်နီယာ ဘာသာရပ်
အားလုံးနှင့် ဗိသုကာ ကျောင်းသား ကျောင်းသူဟောင်းများ၏ ဆရာပူဇော်ပွဲ နှင့်
တွေ့ဆုံပွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်က ပြင်ပနေရာအသီးသီးတွင်
ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ကြို့ကုန်း နည်းပညာ တက္ကသိုလ်ကျောင်း၌
ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါသည်။
အဆိုပါ
တွေ့ဆုံပွဲသို့ ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်ကြီး၊ ပါမောက္ခ ဦးဘတုတ်
အပါအဝင် အငြိမ်းစား ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကထိကများ၊ နည်းပြ ဆရာ
ဆရာမများ စုစုပေါင်း ၃၀၀-ခန့် တက်ရောက် ကန်တော့ခံခဲ့ကြပြီး၊
ပြည်တွင်းပြည်ပမှ အင်ဂျင်နီယာနှင့် ဗိသုကာကျောင်းသားကျောင်းသူဟောင်း ၃၅၀၀ ခန့် တက်ရောက်ခဲ့ ကြပါသည်။
အခမ်းအနားကို
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်မှ ချီးကျူး
ဂုဏ်ပြုစကားပြောကြား၍ အခမ်းအနားမှူး အဖြစ် ဒေါ်တင်မိုးလွင်က ဆောင်ရွက်
ခဲ့ပါသည်။
အဆိုပါပွဲ၌
သိပ္ပံနှင့် နည်းပညာဝန်ကြီးအဖြစ် စတင်တာဝန်ယူ ဆောင်ရွက်စဉ် ဤကျောင်း
သို့လာရောက် ကြည့်ရှု၍ ဥပဓိရုပ် ပျက်ပြားနေသော ကျောင်းတော်ကြီးအား ဆရာ
ဟောင်းများ၊ မိတ်ဆွေများ၊ အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာလုပ်ငန်းများ
အကူအညီဖြင့် ပြန်လည် ပြုပြင်ခဲ့ကြောင်း၊ ဤစက်မှုတက္ကသိုလ်အား ယခင်
ကာလများကဲ့သို့ အရည်အချင်း ပြည့်မီသော စက်မှုတက္ကသိုလ်တစ်ခုအဖြစ် အရှေ့ တောင်
အာရှတွင် သာမက ကမ္ဘာ့အဆင့် ရောက်ရှိစေရန် နိုင်ငံတော်နှင့် ကျောင်းသူ
ကျောင်းသားဟောင်းများနှင့်တကွ အားလုံးပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း
ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်က တိုက်တွန်းနှိုးဆော်ခဲ့သည်။
ယခင်
အင်ဂျင်နီယာ ပညာရပ်များကို ရန်ကုန် တက္ကသိုလ် လက်အောက် မဟာအင်ဂျင်နီယာဌာနမှ
သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ အရေးအခင်းပြီးနောက်
တက္ကသိုလ်များအား ပိတ်ထားခဲ့ပါသည်။
တော်လှန်ရေးကောင်စီ
အစိုးရလက်ထက် ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ် ပညာရေး စနစ်သစ်အရ အင်းစိန်မြို့နယ်
ကြို့ကုန်းရှိ လက်ရှိ စက်မှုတက္ကသိုလ် အဆောက် အဦးအား ဗမာစက်မှု တက္ကသိုလ် (
ဘီအိုင်တီ ) အမည်ဖြင့် ပါမောက္ခချုပ် ဦးရုံးမိုကို ခန့်အပ် တာဝန်ပေး
ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက်
ရန်ကုန် စက်မှု တက္ကသိုလ် ( အာအိုင်တီ ၊ ဝိုင်အိုင်တီ ) နှင့် ရန်ကုန်
နည်းပညာတက္ကသိုလ် ( ဝိုင်တီယူ ) ဟု အမည် အဆင့်ဆင့် ပြောင်းခဲ့ပါသည်။ ၁၉၇၅
ခုနှစ်အတွင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့် နှင့် ဦးသန့် ဈာပန
အရေးအခင်း များတွင် စက်မှုတက္ကသိုလ် ကျောင်းသား ကျောင်းသူများသည်
အခြားတက္ကသိုလ် ကျောင်းသားကျောင်းသူများ နှင့်အတူ တက်ကြွစွာ
ပါဝင်လှုပ်ရှားခဲ့ကြပါသည်။
၁၉၈၈
ခုနှစ် မတ်လတွင် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသားများနှင့် ကြို့ကုန်း
ရပ်ကွက်အတွင်းမှ လူငယ်များ ပဋိပက္ခဖြစ်ရာ လုံထိန်းရဲများ၏ အကြမ်းဖက်
ကိုင်တွယ် နှိမ်နင်းမှုကြောင့် စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်
သေဆုံးခဲ့ပြီး ကျောင်း သား ဆူပူလှုပ်ရှားမှုများ စတင်ဖြစ်ပေါ်ခဲ့ရာ
အထွေထွေမကျေနပ်မှုများ ခံစားနေ သော ပြည်သူလူထုများပါဝင်လာရာမှ သမိုင်းဝင်
ရှစ်လေးလုံး အရေးအခင်း ဖြစ်ပေါ်ခဲ့ပါသည်။
၁၉၈၈
ခုနှစ် စက်တင်ဘာလတွင် တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက်
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ နှင့် နိုင်ငံတော်
အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက်များတွင်
ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှု တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်စသည့်
တက္ကသိုလ်များ၏ အရေးပါမှုကို လျှော့ချပြီး တက္ကသိုလ်များကို
မြို့ပြင်ဝေးလံသည့် နေရာများတွင် တည်ဆောက် ဖွင့်လှစ်ကာ ကျောင်းဆောင်များ
ပူးတွဲထားရှိသည့် စနစ်ကို ဖျက်သိမ်းခဲ့ပါသည်။
သိပ္ပံနှင့်
နည်းပညာဝန်ကြီးဌာနမှ ရန်ကုန် နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ
တက္ကသိုလ် တို့တွင် နိုင်ငံတကာ အဆင့်မီ အင်ဂျင်နီယာ သင်ရိုးညွှန်းတမ်း များ
ရေးဆွဲပြုစုကာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ ကျောင်းသား ကျောင်းသူ ၂၅၀ စီ
စတင် လက်ခံသင်ကြားလျှက်ရှိကြောင်းသိရပါသည်။
ရန်ကုန်
စက်မှုတက္ကသိုလ်အား ပြင်ဆင် အလှခြယ်ထားခြင်းနှင့် ပတ်သက်၍ ၁၉၇၄ ခုနှစ်က
အင်ဂျင်နီယာဘွဲ့ရခဲ့သူ အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ဆိုသည်။
"
ကျောင်းကြီးစည်စည် ကားကား နဲ့ ပြောင်ပြောင်ရောင်ရောင် မြင်ရတာ အရမ်း ပျော်
တာဘဲ၊ အရင်က ဖြတ်သွားတိုင်း ဇရပ်ပျက်ကြီးလို စုတ်ပြတ်နေတာ မြင်ရရင်
မျက်ရည် ကျမိတာ အခါခါပါဘဲ " ဟု အင်ဂျင်နီယာဘွဲ့ရ အမျိုးသမီးတစ်ဦးက
ပြောသည်။
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ နှင့် ကော့မှူးမြို့နယ် အမျိုးသား
လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက် ရန်ုကုန်
တက္ကသိုလ်အား အစိုးရ စီမံခန့်ခွဲနေခြင်းအစား သက်ဆိုင်ရာ တက္ကသိုလ်
ကောင်စီများ မှလွတ်လပ်စွာ စီမံခန့်ခွဲသည့် အဆင့်ရရှိရေး
ကြိုးစားဆောင်ရွက်နေကြောင်း သိရ သည်။
"
အင်ဂျင်နီယာဆိုတာ အခြေခံလူတန်းစား အလုပ်သမားတွေနဲ့ အမြဲ တွဲလုပ်နေကြ
တာဆိုတော့ အခြေခံလူတန်းစားတွေ ဆင်းရဲဒုက္ခရောက်ရင် နာကျင်ခံစားကြရ တယ်။
ပြီးတော့ အင်ဂျင်နီယာရဲ့ သဘာဝကိုက စနစ်တကျ မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက်
ချင်တယ်၊ အမှားတွေ့ရင် အပျက်တွေ့ရင် ပြုပြင်ချင်တဲ့ စေတနာနဲ့ အကျင့်
ရှိတယ်၊ အဲဒီအခါမှာ လူ့အဖွဲ့အစည်းအတွင်းမှာ အချင်းချင်းတွေ့ဆုံညှိနှိုင်း
အဖြေရှာတဲ့ အလေ့ အကျင့် မရှိရင် အင်ဂျင်နီယာတွေက ပြဿနာကောင်တွေ
ဖြစ်နေတတ်ပါတယ် " ဟု ၁၉၆၆ ခုနှစ်တွင် အင်ဂျင်နီယာဘွဲ့ရ အငြိမ်းစား ကထိက ဆရာ
တစ်ဦးက ပြောကြား ခဲ့သည်။
ဆရာပူဇော်ပွဲအား
နေ့လည် တစ်နာရီခန့်တွင် ပြီးစီးကာ ကျောင်းသား ကျောင်းသူဟောင်း
အနုပညာရှင်များက အဆို အတီး အကများဖြင့် ဆက်လက် ဖြေဖျော်ကြပါသည်။
ညနေပိုင်းတွင်လည်း မြန်မာကွန်ဗင်းရှင်းစင်တာ၌ မိတ်ဆုံညစာ စားပွဲနှင့်
ဖြေဖျော်ရေး အစီအစဉ်များ ဆက်လက် ကျင်းပခဲ့ကြသည်။
No comments:
Post a Comment