ရေနစ်သူ ဝါးထိုးကူသူများ
ဆူးလှည်း ( မြစ်မခ )
by Myit Makha Mediagroup on 18 Jan, 2013
by Myit Makha Mediagroup on 18 Jan, 2013
ဇန်န၀ါရီလ(၈)
ရက် အင်္ဂါနေ့ နေ့လည်ပိုင်းတွင် စင်ထရယ်လ်ဟိုတယ် ပုလဲခန်းမမှာ ရွှေမင်းသား
ဖောင်ဒေးရှင်းမှဦးစီးပြီး ရှင်းလင်းတွေ့ဆုံပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။
တောင်ဒဂုံမြို့နယ်အတွင်းနေ ၁၂-နှစ်အရွယ် မသန်စွမ်းမိန်းကလေးငယ်တစ်ဦး
လိင်မှုဆိုင်ရာ အကြမ်းဖက် ( Sexual Abuse )ခံရ တာကို ရှင်းလင်းတင်ပြရင်း
ဒီလို မသန်စွမ်းကလေးငယ်များအတွက် အကြံဥာဏ်များ၊ သဘောထား အမြင်များ
ဖိတ်ခေါ်ဆွေးနွေးပွဲ ဖြစ်ပါတယ်။
လူ့လောက
ရေပြင်ကျယ်မှာ ဘဝအရည်အသွေးမပြည့်ဝလို့ ရေပြင်အောက် နစ်မြုပ်မသွား အောင်
တတ်စွမ်းသမျှ ရုန်းကန်နေရတဲ့ သူကို ကယ်ဆယ်ဖို့ နေနေသာသာ ရေအောက်
မြန်မြန်ရောက်အောင်ဝါးလုံးနှင့် ထိုးပြီး နှစ်သတ်တဲ့သူတွေ ရှိနေတာကို
ဖော်ပြလိုတာပါ။ နိမ့်ကျသူ တွေ အခက်အခဲတွေ့တာနှင့် ပတ်သက်တဲ့ စကားပုံများစွာ
ရှိပါတယ်။ နူရာ ဝဲစွဲ၊ လဲရာ သူခိုးထောင်း၊ မြေနိမ့်ရာ လှံစိုက်၊ ကံဆိုးမ
သွားလေရာ မိုးလိုက်လို့ရွာ၊ စတဲ့ စကားပုံများစွာ ထဲမှာ ယခု စကားပုံက လက်ရှိ
ဖြစ်ရပ်ကို အနီးစပ်ဆုံး ဖော်ပြနိုင်မယ်လို့ထင်ပါတယ်။
ဘီးတပ်ကုလားထိုင်တစ်လုံးပေါ်ထိုင်ရင်း
ဘဝတူအများအကျိုးအတွက် ဆောင်ရွက်နေသူ ရွှေမင်းသား ဖောင်ဒေရှင်း ဥက္ကဌ
ဦးမြတ်သူဝင်း၊ အချစ်ဂျာနယ် အယ်ဒီတာ ဒေါ်နီနီကျော်၊ ဘယ်ဘက် လက် မပါပေမဲ့ Web
Designer လုပ်ငန်းဆောင်ရွက်နေတဲ့ သမီးငယ်လေး၊ ပြင်ဦးလွင် ဘုန်းတော်
ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ပရဟိတ မျက်မမြင်ဂေဟာက မျက်မမြင်
ဆရာတစ်ဦးတို့ကို မြင်တွေ့ လိုက်တော့ မသန်သော်လည်း စွမ်းပါတယ်ဆိုတဲ့
စကားအဓိပ္ပါယ်ကိုနက်နက်နဲနဲ သဘောပေါက်မိ ပါတယ်။
ဆွေးနွေးပွဲသို့
ဦးမြတ်သူဝင်း နှင့် တကွ မသန်စွမ်း အဖွဲ့အသီးသီးမှ ပုဂ္ဂိုလ်များ၊ ရွှေညဝါ
ဆရာတော်၊ ၈၈- မျိုးဆက် ကိုဂျင်မီ၊ ရှေ့နေ ကွန်ယက် မှ ဦးအောင်သိန်းနှင့်
အဖွဲ့ဝင်များ၊ အချစ်ဂျာနယ် အယ်ဒီတာ ဒေါ်နီနီကျော်၊ သာယာဝတ(ဒေါ်)စန်းစန်းနွဲ့၊
မေရီချက်ပ်မင်း ဆွံ့အနားမကြားကျောင်းမှ ဒေါ်ညွန့်ညွန့်သိန်းနှင့် တကွ
ပြည်တွင်း ပြည်ပ လူမှုရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ စာနယ်ဇင်း
အသီးသီးမှ ပဂ္ဂိုလ်များနှင့် အခြား အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်
တက်ရောက်ကြပါတယ်။ တက်ရောက်သူစာရင်းကို ကူးယူခဲ့ဖို့ နောက်မှ သတိရတဲ့ မိမိရဲ့လစ်ဟာမှု ကြောင့် တက်ရောက်သူ အကုန်အစင် မဖော်ပြနိုင်တာ တောင်းပန်ပါတယ်၊။
ဟိုအရင်က
သတင်းစာတွေ အားကျလို့ လူစာရင်းတွေ ဖော်ပြနေတာမဟုတ်ရပါ၊ ဒီဆွေးနွေးပွဲရဲ့
လွှမ်းခြုံမှုကို ဖော်ပြချင်လို့ ဖြစ်ပါတယ်။ တစ်ခု သတိထားမိတာကတော့
ကလေးသူငယ်အရေး နှင့် မသန်စွမ်းသူများ၏အရေးကို တာဝန်ယူဆောင်ရွက်ရတဲ့/
ဆောင်ရွက်နေတဲ့ နိုင်ငံတော်
ဌာနဆိုင်ရာ များနှင့် အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများကို
မတွေ့ရပါဘူး။ မဖိတ်တာလား၊ မလာတာလားတော့ မသိ။ အော်
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီက ဝန်ထမ်းတစ်ဦးတော့ တွေ့လိုက်ပါရဲ့။
အခမ်းအနားမှာ
ဦးမြတ်သူဝင်းက အမှာစကားပြောပါတယ်။ အော်တစ်ဇင်ခေါ် ငယ်စဉ်ကစပြီး အထီးကျန်
ခံစားရတဲ့ မသန်စွမ်းသူများ၊ အမြင်အာရုံချို့တဲ့သူများ၊ အကြားအာရုံ
ချို့တဲ့သူများ၊ လှုပ်ရှားသွားလာမှုစွမ်းရည် ချို့တဲ့သူများ၊
စကားပြောစွမ်းရည် ချို့တဲ့သူများနှင့် ညာဏ်စွမ်းရည် ချို့တဲ့သူများဆိုပြီး
မသန်စွမ်းမှု အမျိုးမျိုးရှိကြောင်း၊ ပြင်ပအကူအညီမပါဘဲ သူတို့ဖာသာ၊ သူတို့
မိသားစုများကိုယ်တိုင် ရပ်တည်ရန် ခက်ခဲကြောင်း၊ အခက်အခဲတွေ၊
ဖိစီးအနိုင်ကျင့်မှုတွေ ကြုံတွေ့ ရတဲ့အခါ မရင်ဆိုင်
မရှောင်တိမ်းနိုင်ကြောင်း၊ ချောက်ခြား စိတ်ဓါတ်ပျက်ပြားလေ့ရှိကြောင်း၊
မသန်စွမ်း သူတွေနဲ့ မိသားစုများကို ခွဲခြားဆက်ဆံမှုမပြုဘဲ ကိုယ်ချင်းစာတရား
လက်ကိုင်ထား၍ တတ်စွမ်းသ၍ ကူညီကြစေလိုကြောင်း အကျယ်တဝင့် ပြောကြားသွားပါတယ်။
မသန်စွမ်းဆိုတာ
မွေးရာပါ (သို့မဟုတ်) မတော်တဆဖြစ်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်)
စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) အသိညာဏ်ပိုင်းဆိုင်ရာမှာ အများနည်းတူ
ရှိသင့်တဲ့ စံနှုန်းအတိုင်း မရှိဘဲ ချို့ယွင်းခြင်းလို့
အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပါတယ်။ ရာစုနှစ်ပေါင်းများစွာ လက်ခံလာတဲ့
အမှန်တရားပါ။ အခုကော မှန်နေတုန်းဘဲလား။
သင့်တော်တဲ့
မျက်မှန်မတပ်နိုင်ရင် အဝေးမှုန်၊ အနီးမှုန်၊ သူငယ်အိမ်စောင်းနေသူတွေ
အားလုံကလည်း မျက်မမြင်ပါဘဲ။ နားကြားအသံချဲ့ကိရိယာ မတပ်နိုင်ရင် အကြားအားရုံ
အနည်းငယ်ချို့ယွင်းသူလဲ နားပင်းသူတွေပါပဲ။ ခြေ လက် ကျိုးတဲ့သူ နာတဲ့သူ
ထိခိုက်ထားတဲ့သူတွေလည်း ချိုင်းထောက်၊ ခြေတု၊ လက်တု၊ ဘီးတပ်ကုလားထိုင်
မတတ်နိုင်တဲ့သူတွေလည်း မသန်စွမ်းပဲ ဖြစ်နေ ကြမှာပါ။
မျက်စိက
မြင်ရတဲ့ အလင်းလှိုင်းတွေကို ဦးနှောက်ထဲက သက်ဆိုင်ရာအမြင် အာရုံကြောတွေထံ
မပို့ ပေးနိုင်ရင် အမြင်အာရုံ ချို့တဲ့တယ်၊ မျက်မမြင်ဘဝရောက်သွားပါပြီ။
ဒါပေမဲ့ နည်းပညာတိုးတက် လာလို့ အပြင်က ရုပ်ဝတ္ထု ပစ္စည်းတွေရဲ့
အလင်းလှိုင်းတွေကို စက်ကိရိယာအကူအညီနဲ့ ဦးနှောက်ထဲ က
အမြင်အာရုံကြောစနစ်ထဲကို ပို့ပေးနိုင်တဲ့အခါ မျက်စိမပါသော်လည်း
မြင်နိုင်ပါပြီ။ အသံလှိုင်း တွေကို ဦးနှောက်အကြားအာရုံထဲကို
ပို့ပေးနိုင်ရင် နားမပါငြားလည်း ကြားနိုင်ပါပြီ။ မျက်စိ၊ နား၊ နှာခေါင်း၊
ကိုယ်ကာယ နှင့် လျှာ ဆိုတဲ့ ရုပ်တွေကနေ သက်ဆိုင်ရာ မနောအာရုံတွေ နှင့်
ပေါင်းလိုက် ရင် အမြင်၊ အကြား၊ အနံ့၊ အထိအတွေ့နဲ့ အရသာတွေ ခံစားနိုင်တာပါ၊
ချို့ယွင်းချက်ကြောင့်
မသန်စွမ်းဖြစ်ရခြင်း မဟုတ်ပါ။ တတ်စွမ်းနိုင်သည့် အခြေအနေ၊
ဝန်းကျင်(enabling environment or situation )ကို မဖန်တည်း၊
မထောက်ပံ့ပေးနိုင်ခြင်းကြောင့် သာလျင် မသန်စွမ်း ဖြစ်ရပါသည်ဟု ပြောတာပါ။
ရွှေညဝါဆရာတော်ကလည်း အမှာစကား ချီးမြှင့်ရာမှာ ဘုရားရှင်လက်ထက်က ဘိက္ခူနှင့်
ဘိက္ခူနီ အတူတကွ ခရီးမသွားရန် ဝိနည်းတော်ဖြင့်တားမြစ်ထားကြောင်း၊
သို့သော်လည်း မသမာသူများက ဘိက္ခူနီများအပေါ် အနိုင်ကျင့်စော်ကားမှုများ
ကျူးလွန်ကြသည့်အတွက် လိုအပ်ချက်အရ ဘိက္ခူနီ များသည် ဘိက္ခူများ၏
စောင့်ရှောက်မှုဖြင့် ခရီးအတူသွားနိုင်စေရန် ဝိနည်းတော်ကို
ပြင်ပေးခဲ့ကြောင်း၊ ဤဥပမာအားဖြင့် မသန်စွမ်းသူကို အဆိုထားဘိ ဘိက္ခူနီကိုပင်
မကောင်းကြံသူများ ယခုခေတ် သာမက ရှေးကပင်ရှိခဲ့ကြောင်း၊ အားနည်းသူကို
ထိရောက်စွာ ကာကွယ်ပေးနိုင်ရန် လိုအပ်သော ထိရောက်ပြင်းထန်သည့်
ဥပဒေများပြင်ဆင်ဖြည့်စွက်ရေးဆွဲ ပြဌာန်းရန်လိုအပ်ကြောင်း တိုက်တွန်း
ကြောင်း မိန့်ကြားခဲ့ပါတယ်။
မတရားမှုကို
တိုက်ဖျက်ရာတွင် တုန့်ပြန်မှု အမျိုးမျိုးရှိကြောင်း ကျီးကန်းငှက်များ
ဥပမာပေးလျက် ရှင်းပြပါပါတယ်၊ ကျီးကန်းငှက်တစ်ကောင် ဒုက္ခရောက်နေပါက
သတ္တိအနည်းဆုံး ကျီးကန်းသည် ခပ်လှမ်းလှမ်းမှ တစာစာအော်ကြောင်း၊
နောက်တစ်မျိုးက အော်လည်းအော် အလစ်တွင် မတရား ပြုသူအပေါ် ကျင်ငယ်၊
ကျင်ကြီးစွန့်ချခြင်းဖြင့် ကူညီတိုက်ခိုက် ပေးကြောင်း၊ အနည်းငယ် ပိုသတ္တိ
ကောင်းသော ကျီးများက အလစ်အငိုက်ဖမ်း၍ ဝင်ရောက်ထိုးဆိတ်
တိုက်ခိုက်ခြင်းအားဖြင့် ကူညီ ကြောင်း၊ သတ္တိအကောင်းဆုံးကျီးများမှာမူ
အသေခံ၍ ဝင်ရောက် တိုက်ခိုက် ကူညီကြောင်း၊ ဤ မသန်စွမ်း ကလေးမငယ်
မတရားပြုကျင့်ခံရသည့် ကိစ္စတွင် မိမိသည် လာရောက်၍ ဘေးမှ တစာစာ အော်ဟစ်
ကူညီပေးကြောင်းကိုလည်း ဆရာတော်က မိန့်ပါတယ်။
၈၈
ကျောင်းသားမျိုးဆက် ခေါင်းဆောင် ကိုဂျင်မီကတော့ ဤမသန်စွမ်းသူ ကလေးငယ်
မတရားပြုကျင့်ခံရမှု အပါအဝင် နိုင်ငံ နှင့် ပြည်သူလူထု
အတွက်အရေးအရာအားလုံး ဆောင်ရွက်နိုင်ရန်အတွက် လူမှုအဖွဲ့အစည်းများများ
ပေါ်ထွက်စေရေး အရည်အချင်း တိုးတက်စေရန်၊ လူ့အဖွဲ့အစည်းအင်အား
တောင့်တင်းခိုင်မာလာရန်လိုအပ်ကြောင်းနှင့် မသန်စွမ်းသူများအား ကာကွယ်
စောင့်ရှောက်ရေးနှင့် ရပ်ရွာအခြေပြုလုပ်ငန်းများ ဆောင်ရွက်ရန်လိုကြောင်း တိုက် တွန်းပြောကြားခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ
ဦးထွန်းကြည်က နိုင်ငံတော် ဥပဒေ စိုမိုးရေး နှင့်
အုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် အတွေးအခေါ် အယူအဆကွဲလွဲသူများကို
ပြင်းပြင်းထန်ထန် အရေး ယူနှိမ်နင်းသော်လည်း အကျင့်ပျက် ရက်စက်ကြမ်းကြူတ်သော
ရာဇဝတ်သားများကို လျော့လျော့ပေါ့ ပေါ့ဆက်ဆံနေကြောင်း၊
ရက်စက်ယုတ်မာသူများအား ထိုက်သင့်သော အပြစ်ဒဏ်များ ချမှတ်အရေး ယူသင့်ကြောင်း
တင်ပြဆွေးနွေးခဲ့ပါတယ်။
ရှေ့နေကွန်ယက်အဖွဲ့ဝင်ဆရာဦးအောင်သိန်းမှ
မုဒိန်းမှုဆိုင်ရာ ပုဒ်မ-၃၇၆ နှင့် သဘာဝမဟုတ် သော ဆက်ဆံမှု ပုဒ်မ-၃၇၇ များ
ဆက်လက်အကြောင်းဆွေးနွေးခဲ့ပါတယ်။
ဆက်လက်၍
ဆရာမ ဒေါ်စန်းစန်းနွဲ့ ( သာယာဝတီ)၊ မေရီချက်ပ်မင်း ကျောင်းမှ ဆရာမကြီး
ဒေါ်ညွန့်ညွန့်သိန်း၊ အချစ်ဂျာနယ်မှ ဒေါ်နီနီကျော်၊ အော်တစ်ဇင် အသင်းမှ
အတွင်းရေးမှူး နှင့် တွဲဘက်အတွင်းရေးမှူး၊ ပြင်ဦးလွင် ပရဟိတကျောင်းမှ
မျက်မမြင်ဆရာတစ်ဦး စသည်တို့ကလည်း မိမိတို့၏ အတွေ့အကြုံအလိုက်
အကြံပြုဆွေးနွေးကာ ဆွေးနွေးချက်တွေကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
· မသန်စွမ်းသူများကို စာနာထောက်ထား ဆက်ဆံ အကူအညီပေးကြရန်
· မသန်စွမ်းသူ ပါဝင်သည့် မိသားစုများကို ကိုယ်ချင်းစာ နားလည် ဆက်ဆံပေးရန်
· မသန်စွမ်းမှုအကြောင်း အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ရန်
·မသန်စွမ်းသူများအား ကူညီပံ့ပိုးပေးကြရန်
·မသန်စွမ်းသူများအား
အနိုင်ကျင့် ခေါင်းပုံဖြတ် စော်ကားမှုများမှ ထိရောက်စွာ ကာကွယ်
စောင့်ရှောက်ပေးမည့် ဥပဒေ လုပ်ထုံးလုပ်နည်းများ ပြဌာန်းပေးရန်
.
မသန်စွမ်းသူများ၊ မသန်စွမ်းသူများအား အနိုင်ကျင့် ခေါင်းပုံဖြတ်
စော်ကားမှုများ နှင့် ကျူး လွန်သူများ၊ ကာကွယ်စောင့်ရှောက်နိုင်သူများ သည်
ရပ်ရွာအတွင်းမှာပင် နေထိုင်ဖြစ်ပျက်နေသဖြင့် ရပ်ရွာအခြေပြု
မသန်စွမ်းကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်း
ဆောင်ရွက်ကြရန်
စတဲ့အချက်တွေကို
အတွေ့အကြုံတွေအရ ခံစားချက်တွေနဲ့ ဆွေးနွေးတင်ပြသွားပါတယ်။ ဒီတွေ့ဆုံပွဲ မှ
ထွက်ပေါ်လာတဲ့ သဘောတူညီချက်များကို သတင်းထုတ်ပြန်ချက်တစ်ရပ်အဖြစ်
ထုတ်ပြန်ရန်လည်း သဘောတူခဲ့ကြပါတယ်။
မိမိတို့နိုင်ငံမှာက
မသန်စွမ်းတွေအပေါ်မှာ အမြင်အမျိုးမျိုး ကိုင်စွဲထားကြတာတွေ တွေ့ရပါတယ်။
များသောအားဖြင့် သနားစရာအဖြစ် ရှု့မြင်ကြပါတယ်။ တဆင့်တက်ပြီး သနားတာထက်
ကိုယ်ချင်း စာနာတတ်ရင် ပိုကောင်းလိမ့်မယ်။ တစ်ချို့ကတော့ အတိတ်ကံကြောင့်
ဖြစ်တာလို့ခံယူတဲ့ သူတွေလည်း ရှိကြပါတယ်။
အဆိုးဆုံးကတော့-။ ဥပမာအားဖြင့်ပြောရရင် မျက်မမြင်တွေမှာ
ဂီတပါရမီ ထက်အားသန်တဲ့သူတွေရှိတာ တွေ့ဘူး နားဆင်ဘူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့
နိုင်ငံတော်က ကျင်းပတဲ့ ဆိုကရေးတီး ပြိုင်ပွဲမှာ စင်ပေါ်တက်မလာသေးတာက
မသန်စွမ်းတွေအပေါ်မှာ အခြား ခွဲခြားဆက်ဆံတဲ့အမြင်တွေများ
ရှိနေမလားလို့တွေးမိရင် အလွန်အကျွံ သံသယပွားတတ်သူများ ဖြစ် သွားလေမလား
မသိပါဘူး။
မသန်စွမ်းသူများ
ချို့တဲ့သူများကို နားလည်ဖို့၊ ကိုယ်ချင်းစာတတ်ဖို့ဆိုရင်လည်း တော်တော်လေး
ကြိုးစားရဦးမယ် ထင်ပါတယ်။ ဥာဏ်ရည်မမှီလို့ ကျောင်းလဲထားမရ၊ သင့်တော်တဲ့
သင်တန်းကျောင်း လဲမထားနိုင်တဲ့ ကလေးတွေ၊ အိမ်မှာလည်း သူတို့ကတစ်နေကုန်
မနေနိုင် အပြင်ရောက်တော့ စကားကို ရည်ရည်လည်လည် မပြောတတ်၊ မိသားစုကလဲ
တစ်နေကုန် ပိတ်လှောင်ထားလို့မရတဲ့ အခြေအနေမျိုးမှာ
အောက်ဆင်းလျှောက်သွားရင်း အိမ်ပြန်လာတော့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတာ ကို
ရင်ထုမနာခံစားနေရတဲ့ မိသားစု နှစ်စု ရန်ကုန်မှာပဲ တွေ့ရဖူးပါတယ်။
ငါးမူး
သုံးမတ် ကျပ်မပြည့် အရူးလေးစသဖြင့် ဘာပဲပြောပြော မိသားစုအတွက်တော့
တန်ဖိုးရှိတဲ့ သား၊ သမီး၊ မောင် အစ်ကို ညီ ညီမ တူ တူမ မြေး ဖြစ်ပါတယ်။
စိတ်မသန်စွမ်းသူ အဆိုးဆုံးအဆင့် ဖြစ်တဲ့ အရူးတွေ အပေါ်စောင့်ရှောက်မှု
အခြေအနေကို ကြည့်ရင် လည်း ပိုဆိုးတာတွေ တွေ့ရပါတယ်။ အမျိုးသမီး အရူးဆိုရင်
ပိုဆိုးပါတယ်။ အရူးမ စတည်းချတဲ့ နေရာ ညအိပ်တဲ့နေရာမှာ တရုန်းရုန်းနဲ့
တိရစ္ဆာန်ဇာတ်ခင်းနေကြတာ အများအပြားပါ၊ အနီးအနား ဝန်းကျင် ဘေးအိမ်တွေ
အမြင်မတော် ပါဘူး ဆိုပြီး မီးးမှိတ် အမှောင်ချပြီး ငါနဲ့မဆိုင်
စိတ်ထားတွေနဲ့ လျစ်လျူ ရှု့လိုက်ကြပါတယ်။ အကျုံးဝင်သက်ဆိုင်တဲ့
အုပ်ချုပ်ရေးပိုင်းကလဲ မသိသလိုဘဲ နေလိုက် ကြပါတယ်။ အရူးမ ခမြာ
ရူးပါတယ်ဆိုမှ ဗီုက်တစ်လုံး အပိုဆုပေါက်ပြီး မကြာခင် ကလေးတွဲလောင်းနဲ့
အမြင်မတော် တွေ့ရ ပါတော့တာ ပါဘဲ။
နိုင်ငံတစ်နိုင်ငံရဲ့
တန်ဖိုးကို အဲဒီနိုင်ငံမှာရှိတဲ့ သက်ကြီးရွယ်အို၊ ခိုကိုးရာမဲ့၊ မိဘမဲ့၊
မသန်းစွမ်း၊ အရူး စတဲ့သူတွေကို နိုင်ငံတော်က ဘယ်လောက်တာဝန်ယူပြီး
ပြုစုစောင့်ရှောက်ထားသလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရတယ်လို့
ကြားဘူးပါတယ်။ အဲဒါနဲ့သာ တိုင်းတာရရင်တော့။ နိုင်ငံတော် ဆိုတဲ့ အထဲမှာ
ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အာဏာယူထားသူများ၊
တိုင်းသူပြည်သားများ၊ ပါတီအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုရေး အဖွဲ့အစည်းများ၊
အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုများ စသည်စသည် အားလုံးပါဝင်နေပါတယ်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာစသည့် ဗြဟ္မစိုရ်
တရားလေးပါးအနက် ဥပေက္ခာ ဆိုတဲ့ တရားကို လျစ်လျူရှုခြင်း မဟုတ်ပါဆိုတာ
ကလွဲလို့ မိမိ သဘောမပေါက်သေးပါ။ မကောင်းမှု ပြုသူ တွေ၊ မသမာသူတွေက
မကောင်းမှုတွေကို စနစ်တကျ ကြိုတင်ကြံစည်ပြီး အင်တိုက်အားတိုက် ပြုကျင့်
နေစဉ်မှာ လူကောင်းတွေက ငါနဲ့မဆိုင်ဘူးရယ်လို့ လျစ်လျူရှုနေကြရင်ဖြင့်
ရေနစ်သူကို ဝါးကူထိုးနေသူတွေနဲ့သာ ကြံရာပါများဖြစ်နေမှာ မလွဲဘူးလို့သာ
ဆိုချင်ပါတယ်။
No comments:
Post a Comment