သတိပြုသင့်သည့် မြက်နုကြိုက်နွားအိုများအန္တရာယ်
ဆူးလှည်း ( မြစ်မခ )
by Myit Makha Mediagroup on 3 Dec, 2012
by Myit Makha Mediagroup on 3 Dec, 2012
နိုင်ငံဖြတ်ကျော်မှုခင်းများ၌
အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့များအနေဖြင့် လက်နက်ခဲယမ်း တရားမဝင်ရောင်းဝယ်မှု၊
မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု၊ လူကုန်ကူးမှု စသဖြင့် အမြတ်ကြေးငွေ
အဆမတန် ရရှိသောမှုခင်းကြီးများအား ကိုင်တွယ်ဖြေရှင်းနေရသည်။
ထိုအထဲ၌
လူကုန်ကူးမှုကဏ္ဍ ဆောင်ရွက်ရာ၌ ကလေးများနှင့် ကာမဆက်ဆံခြင်းပြစ်မှုမှာလည်း
ကျယ်ကျယ် ပြန့်ပြန့် ပါဝင်လာကြောင်း သိရသည်။ ကလေးနှင့် ကာမဆက်ဆံသူများကို (
paedophile ) ဟု ခေါ်ဆိုကြသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများမှ
ထိုသို့သော ဝါသနာရှင်များ ( တဏှာရူးများ )များမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ
ဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများ၊ လက်တင်အမေရိကနိုင်ငံများ နှင့်
အာဖရိက နိုင်ငံများသို့ သွားရောက်ကာငွေကြေးဖြင့် ဖြားယောင်း၍
သော်လည်းကောင်း၊ အခြားသော သြဇာလွှမ်းမိုးမှုဖြင့် သော်လည်းကောင်း
ဥပမာအားဖြင့် အနောက်နိုင်ငံသားများသည် အာရှနိုင်ငံသားများ၏ ဆရာများအပေါ်
လေးစားမှုကို အခွင့်ကောင်းယူ၍ ထိုနိုင်ငံများ၌ ကျောင်းဆရာ အလုပ်လုပ်ရင်း
ကလေးများအား ဖြားယောင်းဖျက်ဆီး တတ်ကြပါသည်။
လွန်ခဲ့သောလ
အနည်းငယ် အတွင်းက အာရှတစ်နိုင်ငံတွင် ကလေးနှင့်လိင်ဆက်ဆံမှုများ
ကျူးလွန်သဖြင့် အလိုရှိနေသော အနောက်တိုင်းသား ဇရာအိုတစ်ဦး မြန်မာနိုင်ငံ
မြဝတီဘက်သို့ ဝင်ရောက်ပုန်း အောင်းနေသဖြင့် ဖမ်းဆီးကာ ဘီးတပ်ကုလားထိုင်
ပေါ်ထိုင်လျက် လွှဲပြောင်းပေးလိုက်ကြောင်းသတင်းများတွင် ဖတ်ရှုလိုက်ကြရပါသည်။
ပြည်ပနိုင်ငံသားများ
လာရောက်၍ ကလေးသူငယ်များနှင့် ကာမဆက်ဆံမှုပြုရာတွင် ဝါသနာအရ ( အချို့ကလည်း
စိတ်ဝေဒနာဟု ဆိုပါသည် ) ရှိသလို အချို့ကလည်း အသိအမြင်မှားများအရ
ကျူးလွန်ကြသည် လည်း ရှိပါသည်။ အရှေ့အာရှနိုင်ငံသား ချမ်းသာကြွယ်ဝသော
အချို့သက်ကြီး ရွယ်အိုများသည် ငယ်ရွယ်သူ( ကလေး) များနှင့် ကာမဆက်ဆံလျင်
အသက်ရှည် နုပျိုသည်ဟု ယြုံကည်ချက်ဖြင့်လည်းကောင်း၊ ပို၍ဆိုးဝါး သည်မှာ
ကုရာနတ္ထိ ဆေးမရှိသေးသော ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ( AIDS) ရှင်
သူဌေးအချို့ ကညာစင်များနှင့် ကာမဆက်ဆံလျင် ရောဂါပျောက်ကင်း သည် ဟူသော
အတွေးအမြင်မှားများကြောင့် လည်းကောင်း ကျူးလွန်နေခြင်း ဖြစ်ကြောင်း
သိရပါသည်။
လူမမယ်
ကလေးများနှင့် ကာမဆက်ဆံခြင်း ပြစ်မှုကို နိုင်ငံခြားသားများသာ
ကျူးလွန်နေကြသလား။ မဟုတ်ပါ။ ပြည်တွင်းမှာလည်း ရှိပါသည်။ လွန်ခဲ့သော
ဆယ်စုနှစ်ခန့်က နာမည်ကြီး ပုဂ္ဂိုလ်အချို့ ဒီကိစ္စတွေကို ဝါသနာ ထုံကြောင်း
ကြားခဲ့ ဘူးပါသည်။ ထိုကဲ့သို့ ကလေးသူငယ်နှင့်ဆက်ဆံသည့် အမှုများအား
အသိဥာဏ်ဖွံ့ဖြိုးမှု နောက်ကျသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၌ ရှိနေဆဲ၊
ကြားနေဆဲပင်။
မျက်မှောက်ကာလတွင်လည်း
ဈေးကွက်အသွင်တည်ရှိနေကြောင်း၊ ဈေးကွက်ဆိုတော့ ဝယ်လိုအားရော၊
ရောင်းလိုအားပါရှိနေကြောင်း သတင်းများက ဆိုပါသည်။
မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ နှစ်ပတ်လည်
အစီရင်ခံစာများအရ လည်းကောင်း၊ သတင်းစာများတွင် ရံဖန်ရံခါ မထင်မရှား
သတင်းများအရ လည်းကောင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို
ဤပြစ်မှုများဖြင့် အရေးယူမှုများ ရှိကြောင်းလည်း သိရပါသည်။
နိုင်ငံခြားသား
ခရီးသွား ဧည့်သည်များကို နွေးထွေးစွာ ကြိုဆိုပါ ဆိုရာတွင် ဤကိစ္စ
မပါကြောင်း ပြည်ပ ဧည့်သည်များရော ပြည်တွင်း အိမ်ရှင် လုပ်ငန်းရှင်များပါ
လေးလေးနက်နက် သိထားရန် အတွက် ကြိုတင် ဆောင်ရွက် ထားသင့်ပါသည်။
နောင်ကျမှ မြင်ပါများတော့ရိုး ဆိုသလို နိုင်ငံခြားငွေ ရှာပေးနေတာဘဲလေ ဖြစ်သွားမှာစိုးလို့။
ဘာကြောင့်
ဒီကိစ္စကို ရေးကြီးခွင်ကျယ် ရှေ့တန်းတင် လာရတာလဲ။ ကိုယ်တိုင်လည်း မမြင်၊
သက်သေ အထောက်အထားလဲမရှိ၊ ရှိရင်တောင်မှ ဟော့ဟော့ရမ်းရမ်း အမြင်မတော်
မဖြစ်ပါဘူး၊ သိုသိုသိပ်သိပ်လေးပါ၊ ဘာလို့ လာဖွနေတာလဲလို့ မတွေးကြပါနှင့်။
မြို့ကြီး
ပြကြီး တွေမှာ မသိသာသေးပေမဲ့ နယ်စပ်ဒေသတွေမှာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ
ဖြန့်ဖြူးရာ ပင်မတရားခံ၊ အကျင့်စာရိတ္တ ပျက်ပြားရာ၊ မျိုးချစ်စိတ်
ပျောက်ကွယ်စရာ၊ လုပ်အားပြုန်းတီးရာ၊ မိမိ အသွေးအသား မိမိဖဲ့စားစရာ၊
ပြည်တွင်း တစ်ကိုယ်ကောင်းသမားတွေနှင့် နိုင်ငံခြားသားတွေ အပြစ်မဲ့
ကလေးတွေကို ငရဲတွင်းပို့နေရာ၊ အကျင့်ပျက် မသမာသူတွေက လူကောင်းတွေကို
မထီမဲ့မြင်ပျက်ရယ်ပြုစရာ၊ လူငယ်တွေ အတုယူမှား အကျင့်စာရိတ္တ ပျက်စရာ၊
အဆိုးဆုံးကတော့ နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေးနှင့် ဂုဏ်သိက္ခာကို
ဖျက်ဆီးနေစရာ ဖြစ်နေပါပြီ။
ပိုးထိုး လောက်ကိုက် မျိုးစေ့တွေကို စိုက်ပျိုးနေရင် ပိုးထိုးလောက်ကိုက် အသီးအနှံတွေကိုပဲ ရိတ်သိမ်းနေရမှာ စိုးရိမ်လို့ပါ။
ကလေးငယ်များ
နှင့် ကာမဆက်ဆံသူများ ကျူးလွန် ချိုးဖောက် လိုက်သောဥပဒေများ၊
ပြဌာန်းချက်များ နှင့် ပြစ်ဒါဏ်များမှာ အောက်ပါ အတိုင်းဖြစ်သည်။
လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ
ပုဒ်မ ၃။ ဤဥပဒေတွင် ပါရှိသော စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်-
(က)
လူုကုန်ကူးမှု ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူ တစ်ဦး တစ်ယောက်ကို
ထိုသူ၏ သဘောတူညီချက် ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ခေါင်းပုံဖြတ်ခြင်း
ပြုရန်အလို့ငှာ အောက်ပါ ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကို
သိမ်းသွင်း စုဆောင်းခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊
ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊
ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကို ဆိုလိုသည်-
၁။ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက် ပြုခြင်း
၂။ သွေးဆောင်ခေါ်ယူခြင်း
၃။လိမ်လည်ခြင်း
၎။လှည့်ဖြားခြင်း
၅။အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ သို့မဟုတ် ဘဝရပ်တည်ရန် ခက်ခဲနေသောအခြေအနေကို အလွဲသုံးစား ပြုခြင်း
၆။တစ်ဦး
တစ်ယောက် အပေါ် ချုပ်ကိုင်နိုင်သော သူ၏ သဘောတူညီချက် ရယူရန်ငွေကြေး
သို့မဟုတ် အကျိုးအမြတ် ကိုပေးခြင်း သို့မဟုတ်
လက်ခံရယူခြင်းရှင်းလင်းချက်(၁)။ ခေါင်းပုံဖြတ်ခြင်း ဆိုရာတွင် ပုဂ္ဂိုလ်
တစ်ဦးသည်အခြားသူ တစ်ဦး တစ်ယောက်အား ပြည့်တန်ဆာပြုခြင်း၊ အခြား
တစ်နည်းနည်းဖြင့်ကာမဆိုင်ရာ ကိစ္စပြုလုပ်ခြင်း၊ အဓမ္မ အလုပ်ခိုင်း စေခြင်း၊
အဓမ္မ ဝန်ဆောင်မှုပေးစေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့
ခိုင်းစေခြင်း၊ကြွေးမြီဖြင့် နှောင်ဖွဲ့ ခိုင်းစေခြင်းကို ဖြစ်စေ၊ သူတစ်ပါး
ခန္ဓာကိုယ်၏အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းချခြင်းကို ဖြစ်စေ
ပြုရာမှငွေကြေးကိုသော် လည်းကောင်း၊ အကျိုးအမြတ် တစ်စုံတစ်ရာကို
သော်လည်းကောင်းလက်ခံ ရယူခြင်း သို့မဟုတ် လက်ခံ ရယူရန် သဘောတူခြင်း
ပါဝင်သည်။
ရှင်းလင်းချက်(၂)။
ပြည့်တန်ဆာပြုခြင်း ဆိုသည်မှာ ငွေကြေး၊ အကျိုးအမြတ်သို့မဟုတ် အခြား
အဖိုးစားနား တစ်ခုခု အတွက် ကာမစပ်ယှက်ရန် အလို့ငှာပုဂ္ဂိုလ် တစ်ဦးကို အခြား
တစ်ဦးက တစ်စုံ တစ်ရာ ပြုလုပ်ခြင်း၊အသုံးပြုခြင်း၊ ဆက်ဆံခြင်း သို့မဟုတ်
အစီအစဉ် ချမှတ် ဆောင်ရွက်ခြင်းကိုဆိုသည်။
ပုဒ်မ၃။ ( ဈ ) ထောင်ဒဏ်တစ်သက်
ဆိုသည်မှာ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ အား အကျဉ်းထောင်၌ သေဆုံးသည်အထိ
ပြစ်ဒဏ် ကျခံစေရန် ချမှတ်သည့် ထောင်ဒဏ် ကိုဆိုသည်။
ပုဒ်မ၃။ ( ည ) ကလေးသူငယ် ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သေးသော သူကိုဆိုသည်။
ပုဒ်မ၃။ ( ဋ္ဋ ) လူငယ် ဆိုသည်မှာ အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးသော သူကို ဆိုသည်။
ပုဒ်မ၂၄။ မည်သူမဆို
အမျိုးသမီးများ ကလေးသူငယ်နှင့် လူငယ်များအား လူကုန်ကူးမှုကျူးလွန်ကြောင်း
ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်၊
အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း
ချမှတ်နိုင်သည်။
လူကုန်ကူးမှု
တားဆီး ကာကွယ်ရေး ဥပဒေကို ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၃ရက် နေ့က
ပြဌာန်းခဲ့ပါသည်။ ဤဥပဒေ မပြဌာန်းမီက ကလေးသူငယ်များ နှင့် ကာမဆက်ဆံမှုများကို
၁၉၄၉ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေး အက်ဥပဒေ ပုဒ်မ-၆ နှင့် ပုဒ်မ -၈၊
ရာဇသတ်ကြီး ပုဒ်မ- ၃၆၆ နှင့် ပုဒ်မ-၃၇၃၊ ပုဒ်မ-၃၇၅ ပဉ္စမအချက် အရ
အရေးယူခဲ့ရာတွင် သက်သေခံပစ္စည်း သိမ်းဆည်းခြင်း၊ ဝင်ရောက်ရှာဖွေခြင်း
ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဆေးပညာဆိုင်ရာ ဓါတ်ခွဲစစ်ဆေးခြင်း နှင့်
သက်သေခံချက် စသည့် လုပ်ထုံးလုပ်နည်းများ၏ အားနည်ချက်များကို
အသုံးချခြင်းဖြင့် လည်းကောင်း၊လာဘ်ပေးလာဘ်ယူခြင်းကြောင့် လည်းကောင်း
အားနည်းချက်များ ရှိခဲ့ပါသည်။
လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေသည် အဓိပ္ပါယ်ဖွင့်ဆိုမှု ရှင်းလင်းပြတ်သားခြင်း၊ ပြစ်ဒဏ်အား ထိထိရောက်ရောက်
သတ်မှတ်ထားခြင်း၊ အဆိုပါ ဥပဒေ အတွင်းမှာပင် လာဘ်ပေး လာဘ်ယူကိစ္စကို
ထည့်သွင်းတားမြစ်ထားပြီး ထိရောက်သော ပြစ်မှု ပြဌာန်း ထားခြင်းကြောင့်
ထိရောက်စွာ အရေးယူနိုင်ကြောင်း တွေ့ရပေသည်။
ကလေးသူငယ်များအား
ဝိုင်းဝန်းကာကွယ်စောင့်ရှောက်သည့်အနေဖြင့် လည်းကောင်း၊ မကောင်းသည့်
အကျင့်ဆိုးအားမပျော်မွေ့မိစေရန် တိုက်တွန်းသတိပေးသည့် အနေဖြင့်သာ
ရေးသားခြင်းဖြစ်သည်။
No comments:
Post a Comment