အသိပညာရှင်
လူသား
ညွန့်အောင်
( မြစ်မခ )
ကမ္ဘာပေါ်တွင် လူသားများ မည်သည့်အချိန်က စတင်ပေါ်ပေါက်လာသည်ကို
မည်သူမျှ တပ်အပ်သေချာစွာ မပြောနိုင်သေးပေ။ သိပ္ပံပညာရှင်များ စုံစမ်းရှာဖွေရရှိသော အထောက်အထားများ
အရ လူသည်မိမိထက် နိမ့်ကျသော သတ္တဝါတစ်မျိုးမှ အဆင့်ဆင့် ပြောင်းလဲဆင်းသက်လာကြောင်း သိရပါသည်။
ယခုခေတ်လူများ ဖြစ်ပေါ်ပုံအစ နှင့် မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်သော မျောက်ဝံတစ် မျိုး၏
ပုံသဏ္ဍာန်အကြား ကာလနှင့် ပတ်သက်၍ အထောက်အထားများကို စီစစ်ရှာဖွေနေဆဲ ဖြစ်ပါသည်။
လူသားများသည် အင်အားကြီးမားသော အခြားသတ္တဝါများ၏
ဘေးအန္တရာယ်များ နှင့် သဘာဝ ဘေးအန္တရာယ် အမျိုးမျိုးတို့ ကြားမှ လွတ်မြောက်လျက် ရှင်သန်
ရပ်တည်နေနိုင်ခြင်းမှာ အသိပညာ ကို ထိထိရောက်ရောက် အသုံးချနိုင်ခြင်းကြောင့် ဖြစ်ပေသည်။
လူသားများ၏ အသိဉာဏ်ပညာ အဆင့်ဆင့် တိုးတက်လာမှု နှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်လာမှုတို့မှာ
စိတ်ဝင်စားစရာ ကောင်းလှပေသည်။
ဦးနှောက် ဖွံ့ဖြိုး ကြီးထွားလာခြင်း
ကျောက်ဖြစ်ရုပ်ကြွင်းများ လေ့လာမှု ပညာရပ် မှတ်တမ်းများအရ လူသား၏ ဥိးနှောက်သည် လွန်ခဲ့သော နှစ်တစ်သန်းခန့်မှ စ၍ ကြီးထွားမှု အရှိန်မြင့်လာကြောင်း တွေ့ရှိရပါသည်။ အစပိုင်းတွင် နှစ်တစ်သိန်းခန့်ကြာတိုင်း တစ်ကုဗလက္မခန့် တိုးပွားလာပါသည်။ နောက်ပိုင်း ဒုတိယ နှင့် တတိယ နှစ်တစ်သိန်းကာလများတွင်မူ နှစ်ဆ နှစ်ဆ တိုး၍ ကြီးထွားလာပါသည်။ နှစ်ပေါင်း ငါးသိန်းခန့် ကာလ အတွင်း ဦးနှောက်ကြီးထွားမှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။ ထိုအချိန်ကာလက လူ၏ဦးနှောက် သည် ထူးထူးခြားခြား နှစ်တစ်သိန်းခန့် ကာလအတွင်း ၁၀-ကုဗလက္မ ခန့်အထိ ကြီးထွားတိုးပွားခဲ့ပါ သည်။ သက်ရှိသမိုင်းတွင် မည်သည့်ခန္ဓာကိုယ် အစိတ်အပိုင်းမှ ဤသို့သော ကြိးထွားနှုန်းကို မရခဲ့ကြ ဘူးပါ။ အဘယ်သို့သော အခြေအနေများကြောင့် လူ့ဦးနှောက်သည် ဤမျှ သိသိသာသာ ကြိးထွား လာရပါသနည်း။
ကြမ်းတမ်း ခက်ခဲလှသော ရာသီဥတု
လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းခန့်က ဖြစ်ပေါ်ခဲ့သော ရာသီဥတု ပြောင်းလဲမှုသည်လည်း တစ်စိတ်တစ်ဒေသ ပါဝင်နိုင်ပါသည်။ ထိုအချိန်က ကမ္ဘာမြေကြိးသည် ရှည်လျားလှသည့် ရေခဲခေတ်ဆီသို့ ချဉ်းနင်းဝင်ရောက်စပြုနေပြီဖြစ်ပါသည်။
ကမ္ဘာမြေကြိး ဖြစ်တည်ကတည်းက နှစ်သန်းရာပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ရင်ဆိုင်ရသော အတိဒုက္ခရောက်ရခြင်းပင် ဖြစ်ပါသည်။
အစပိုင်းတွင် ရာသီဥတုသည် တဖြည်းဖြည်း အအေးဓါတ်ပိုကဲလာကာ နှစ်တစ်သန်းခန့် အကြာတွင် ကမ္ဘာ့မြောက်ပိုင်းဒေသများ၌ ရေခဲစပြုလာပါသည်။ ဆီင်္းနှင်းများ ပိုမိုကျဆင်းလာပြီး
ရေခဲ မြစ်ကြီးများ စတင်ဖြစ်ပေါ်လာပါသည်။ ထိုမှတဆင့် ရေခဲပြင်ကြီးများ
ဖြစ်လာကာ နှစ်မိုင်ခန့်ပင် ထူထပ်လာပါသည်။
ရေခဲပြင်ကြီးများသည် မြောက်အမေရိကတိုက် သုံးပုံနှစ်ပုံခန့်၊ ဗြိတိန်တစ်ခုလုံး နှင့် ဥရောပတိုက် အစိတ်အပိုင်းများစွာကို ဖုံးလွှမ်းသွားပါတော့သည်။ တောင်တန်းကြိး မြောက်များစွာ တို့သည် ရေခဲပြင်အောက် ရောက်သွားပါသည်။ ကမ္ဘာာ့ရေထုသည် ရေခဲများအဖြစ် ကုန်းမြေပေါ် စုစည်းသွားသည်မှာ ပင်လယ်သမုဒ္ဒရာများ၏ ရေမျက်နှာပြင်သည် ပေ-၃၀၀ ခန့်ပင် နိမ့်ဆင်းသွားခဲ့ ပေသည်။
ဤအဖြစ်အပျက်များသည် လူသား၏ ဦးနှောက် မြန်မြန်ဆန်ဆန် ကြီးထွားမှု ကာလနှင့် တိုက် ဆိုင်လျက်ရှိပေသည်။ ဤတိုက်ဆိုင်မှုသည် အဆက်အစပ်ရှိသလော၊ မတော်တဆလော၊ စဉ်းစားဖွယ် ရာပြဿနာ ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်တစ်သိန်းခန့်ကာလတွင် လူသားများ နေရာပြောင်းရွှေ့နေထိုင်မှုသည် ဤပြဿနာကို ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်ပါသည်။ ရေခဲခေတ်ကာလ အစဦးပိုင်းတွင် လူသားများသည် ရာသီဥတု မျှတ၍ ခြေခင်းလက်ခင်းသာသော အီကွေတာ ရပ်ဝ န်းတွင် နေထိုင်ခဲ့ကြပေသည်။ နောက်ပိုင်းတွင် လူသားတို့ မြောက်ဖက်သို့ ရွှေ့ပြောင်းခဲ့ကြပေသည်။
လူသား တို့စတင်ပေါက်ဖွားရာ အာဖရိကတိုက်မှ အာရေးဗီယားကျွန်းဆွယ် အနောက်ဖက်သို့
ရွှေ့ပြောင်းကြ ရင်း ဥရောပတိုက်သို့လည်းကောင်း၊ အနောက်သို့ရွှေ့ပြောင်းရင်း အာရှတိုက်သို့လည်းကောင်း ပျံ့နှံ့ ဝင်ရောက် လာကြပါသည်။
ရွှေ့ပြောင်းကြ ရင်း ဥရောပတိုက်သို့လည်းကောင်း၊ အနောက်သို့ရွှေ့ပြောင်းရင်း အာရှတိုက်သို့လည်းကောင်း ပျံ့နှံ့ ဝင်ရောက် လာကြပါသည်။
( မှတ်ချက်။ အထက်ပါ စာပိုဒ်သည် လူသားအစ အာဖရိက ဟူသော အယူအဆအပေါ် အခြေခံထားခြင်း ဖြစ်ပါသည်။ ယခုအခါ လူသားအစ အာရှ ဖြစ်လာမည့် အထောက် ထားများ အတည်ပြုနိုင်ရန် ဆောင်ရွက်နေကြပါသည်။ )
ပြောင်းရွှေ့အခြေချမှုများ စတင်ဖြစ်စဉ်က ရေခဲပြင်များသည် မြောက်ပိုင်းဒေသများတွင်သာ ရှိခဲ့သော်လည်း နှစ်နှစ်သိန်းခန့်အကြာ လူသားများ သမပိုင်းတွင် အခြေကျလာသောအခါ ရေခဲပြင် များသည် တောင်ဖက်သို့ တိုးချဲ့လာကာ ဥရောပတိုက် နေရာ အနှံ့အပြား နှင့် အာရှတိုက်ကိုပါ ဖုံးလွှမ်းလာပါသည်။ ထိုအခါမှ စတင်၍ လူသားတို့သည် မြောက်ပိုင်းရေခဲပြင်များကို ဖြတ်သန်းတိုက် ခတ်လာသော အရိုးခိုက်အောင် စူးရှအေးမြလှသည့် လေဒါဏ်ကို ရင်ဆိုင်ရပါတော့သည်။ ထိုခေတ် ဥရောပ တောင်ပိုင်း ရာသီဥတုသည် ယခုခေတ် ဆိုက်ဘေးရီးယား ရာသီဥတုနှင့် ညီပြီး နွေရာသီတွင် ယခု ဥရောပတိုက် ဆောင်းရာသီတမျှ အေးမြလှပေသည်။
ဤသို့ခက်ခဲကြမ်းတမ်းသောကာလတွင် ပတ်ဝန်းကျင်အား အတုခိုးမှု နှင့် လိုရာကိုကြံဆရှာ ဖွေတတ်သော အရည်အချင်းများ ထူးထူးချွန်ချွန်ရှိခြင်းတို့မှာ အရေးပါလှပေသည်။ သတ်ဖြတ်ထား သော သားရဲတိရစ္ဆာန်၏ အရေခွံကိုခွာ၍ ချမ်းတုန်နေသည့် ကိုယ်ခန္ဒာအား လွှမ်းခြုံရန် မည်သည့် ပုဂ္ဂိုလ်ကများ အရင်ဆုံး စဉ်းစားမိပါလိမ့်။ တီထွင်စွမ်းရှိပြီး လေးလေးနက်နက် စဥးစားစိတ်ကူးတတ် သော အကြင်လူသားများသာ ဆိုးဝါးသော ရာသီဥတုကို ကျော်လွှားရှင်သန်နိုင်စွမ်း ရှိကြပါသည်။ လူသားမျိုးဆက်တိုင်းတွင် လူသားတစ်ဦးချင်းတို့သည် အင်အား၊ သတ္တိ နှင့် လိုအပ်ချက်များကို လက်တန်းဖြေရှင်းတတ်မှုစသည့် အရည်အချင်းများ ပြည့်ဝမှသာ ကြမ်းတမ်းလှသော ရေခဲခေတ် ကာလကို လွန်မြောက်လာနိုင်ကြပေသည်။ သို့မဟုတ်ပါက ရာသိဥတု၏ သားကောင်များအဖြစ် ကျဆုံးကာ လူဦးရေ ယုတ်လျော့သွားလေတော့သည်။
ရေခဲခေတ် ဆောင်းဥတုဒဏ်သည် လူသးများအတွက် တွေ့ကြုံဘူးသမျှတို့တွင် ပျက်စီးဆုံး ရှုံးမှု အများဆုံး အခက်အခဲပင်ဖြစ်ပေသည်။ လူသားများသည် အအေးဒဏ်ကို မည်သည့်အကာ အကွယ်မှ မပါဘဲ ငုံ့ခံခဲ့ရပေသည်။ လွန်ခဲ့သော နှစ်သန်းပေါင်း တစ်ရာခန့်က နို့တိုက်သတ္တဝါငယ်များ သည် ဒိုင်နိုဆောများ၏ ရန်ကိုငုံ့ခံခဲ့ရသည့် နည်းတူပင်ဖြစ်ပါသည်။ ခက်ခဲကြမ်းတမ်းလှသော ပတ်ဝန်း ကျင် အနှောက်အယှက်များ၊ ဖိအားများကို ကြိုတင်ပြင်ဆင် ခုခံမှု မရှိဘဲ ရင်ဆိုင်ကာ သက်ဆိုးရှည်ခဲ့ ကြသည်မှာ အသိဉာဏ်ပညာကြောင့်သာ ဖြစ်ပေသည်။ လူသားများရော နို့တိုက် သတ္တဝါငယ်များပါ ယခုအချိန်အထိ ဥိးနှောက်နှင့် အသိဉာဏ်ကို အသုံးချနိုင်ဆုံး သတ္တဝါများအဖြစ် ရပ်တည်လျက် ရှိပေသည်။
လက်နက်ကိရိယာများ ပြုလုပ်အသုံးချခြင်း
ရှေးဦးလူသားများသည် လက်နက်ကိရိယာများ ကို ပြုလုပ်အသုံးချခြင်းဖြင့် ဦးနှောက်တိုးတက် ဖွံ့ထွားမှုကို လှုံ့ဆော်ပေးခဲ့ပါသည်။ ဦးနှောက်ကောင်းမွန်သဖြင့်လည်း လူသားတို့သည် လက်နက်ကိ ရိယာများကို ပြုလုပ်ဖန်တီးနိုင်ခြင်း ဖြစ်ပါသည်။ ထိုနည်းတူစွာပင် လက်နက် ကိရိယာများကို တီထွင် ဖန်တီး အသုံးချခြင်းကြောင့် ဦးနှောက်ဆင့်ကဲ တိုးတက်ကြီးထွားလာခြင်းဖြစ်သည်။
လက်နက်ကိရိယာများ တီထွင်ပြုလိုပ်နိုင်ရန်အတွက်
အခြေခံ အရည်အသွေးများဖြစ်သော မှတ်ညာဏ်ကောင်းခြင်း၊ ကြိုတင်စဉ်းစား ခန့်မှန်းတတ်ခြင်း
နှင့် တီထွင်ပြုလုပ်နိုင်ခြင်းစွမ်းရည် တို့သည် လူသားတစ်ဦးချင်းတို့တွင် အဆင့်ကွဲပြားခြားနားကြပါသည်။
ထိုစွမ်းရည်များ မြင့်မြင့်မားမား ပိုင်ဆိုင်သူများသည် သူရဲကောင်းများ ဖြစ်လာကြပြီး
အခက်အခဲ ဒုက္ခများကို လွန်မြောက်ကာ ကြီးပွား တိုးတက်လာကြသကဲ့သို့ ထိုစွမ်းရည်ကင်းမဲ့သူများမှာ
သဘာဝ အန္တရာယ်များကို လက်မြှောက် အရှုံး ပေးလိုက်ကြရပေသည်။ သစ်ပင်၏ အကိုင်းအခက် အချို့ကို
ခုတ်ထွင်ရှင်းလင်းပေးခြင်းဖြင့် ကျန်သစ်ပင်တစ်ပင်လုံး ပိုမိုကြီးထွားသန်မာလာသည့်နည်းတူ
အရည်အသွေး နိမ့်ကျသော လူသားများ သေကြေပျောက်ကွယ်သွားကြသဖြင့် ကျန်လူသားများ၏ အရည်အသွေးမှာ
ပိုမိုတိုးတက် မြင့်မားလာကြသည်။
အတိတ်ကာလ အတွေ့အကြုံများကို မှတ်သားသိုမှီးရာ၊ အနာဂတ် လှုပ်ရှားမှုများကို ဆန်းစစ် ရာ၊ အတွေးအမြင်သစ်များ မွေးဖွားရာ အစိတ်အပိုင်းဖြစ်သော လူသား၏ ဦးနှောက် အလယ်ဗဟိုပိုင်း မှာ ကြီးထွားဖွံ့ဖြိုးစပြုလာရပေသည်။
စကားပြောဆို ဆက်သွယ်ခြင်း
စကားပြောဆို ဆက်သွယ်ခြင်း ဆင့်ကဲတိုးတက်မှု ဖြစ်စဉ်မှာလည်း အရေးကြီးသော အဆင့်
တစ်ရပ်ဖြစ်ပါသာ်။ ရှေ့ဦးလူသားများ ဘာသာစကားကို ယက်လုပ်ပုံဖော်တတ်သည်မှစ၍ ဖွံ့ဖြိုး
တိုးတက်မှုမှာ ရုတ်ခြည်းမြန်ဆန်လာပါတော့သည်။ ဥပမာအားဖြင့် ဖော်ပြရလျင် အသစ်တီထွင်ထား
သော လက်နက်ကိရိယာ တစ်ခု အကြောင်းကို စကားလုံးအားဖြင့် အခြားသူများ နှင့် ဆက်သွယ်ရှင်း
လင်းပြောပြလာနိုင်ပေသည်။ ဤသို့ဖြင့် တစ်ဦးချင်း၏ စွမ်းဆောင်မှု အင်အားသည် အများစု၏
စွမ်းဆောင်မှု အင်အားအဖြစ်သို့ တိုးပွားလာပါတော့သည်။ ပို၍အရေးပါသည်မှာ မျိုးဆက်တစ်ခု၏
အတွေးအမြင်များကို ဘာသာစကားအားဖြင့် နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းပေးနိုင်လာခြင်း
ဖြစ်ပါသည်။
ဤသို့ဖြင့် လူသားတို့သည် ဘိုးဘေးတို့၏ မျိုးရိုးဗီဇကို သာမက ပညာရွှေအိုးဟု ခေါ်ဆို အပ်သော အယူအဆ အတွေးအမြင်များကိုပါ စကားလက်ဆင့်ကမ်း၍ အမွေဆက်ခံလာ နိုင်ကြပါသည်။
လွန်ခဲ့သော နှစ်တစ်သန်းကာလက စကားပြောခြင်း အတတ်ပညာသည် ပြည့်စုံခြင်း မရှိသေးဘဲ၊ အနုပညာတစ်ရပ်ကဲ့သို့ပင် ပါရမီရှင်များသာ တတ်စွမ်းနိုင်သော ပညာရပ်တစ်ခုသာ ဖြစ် နေပေသေးသည်။ ထိုသို့စကားပြော တတ်ကျွမ်းသူတို့မှာလည်း လူ့အသိုင်းအဝိုင်း၏ အရေးပါ အရာ ရောက်သူမျာ့း ဖြစ်ကြပါသည်။ စကားပြော အတတ်ပညာ အထည်ဆန်းမှာ ချည်မျှင်များစွာဖြင့် ယက်လုပ်ထားခြင်းဖြစ်ပါသည်။
အသံအိုး၊ နှုတ်ခမ်း နှင့် လျှာတို့သည် စကားအသံထွက်လာစေရန် အရေးကြီးသော ရုပ်ပိုင်းဆိုင် ရာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြစ်သည့်နည်းတူ ဦးနှောက်သည်လည်း အရေးပါလှပေသည်။ အကောင်အထည်မဲ့သော အတွေးအမြင်းကို လက်ရဖမ်းဆုပ်နိုင်ရန် နှင့် အရာဝတ္ထတစ်ခုကို စကားလုံး များဖြင့် ပုံဖော်နိုင်ရန်မှာ ဦးနှောက် အရည်အသွေးအပေါ် လုံးဝတည်မှီနေပေသည်။
စကားပြောခြင်းကို အထောက်အကူပြုသည့် ရုပ်အင်္ဂါအစိတ်အပိုင်းများသည် တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်လာပါသည်။ တစ်ချိန်တည်းမှာပင် စကားပြောခြင်းကို တာဝန်ယူ ထိန်းချုပ်ရသော ဦးနှောက်အလယ်ပိုင်းသည် အရွယ်အစား နှင့် တည်ဆောက်ပုံပါ ဖွံ့ဖြိုးတိုးတက်လာပါသည်။ မျိုးဆက် ပေါင်းများစွာ ဖြတ်ကျော်လာပြီးနောက် ဦးနှောက်တစ်ခုလုံးမှာလည်း အလိုက်သင့် ကြီးထွား ဖွံ့ဖြိုးလာပါသည်။
လက်နက်ကိရိယာများ တီထွင်ပြုလုပ် အသုံးချခြင်းမှာကဲ့သို့ပင် အပြန်အလှန် အကျိုးပြုမှု ပေါ် ပေါက်လာပေသည်။ စကားပြောဆက်သွယ်ခြင်းကြောင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်လာသဖြင့် စကား ပြော အတတ်ပညာ တိးုတက်လာပါသည်။ ဤသို့ထပ်တလဲလဲ အပြန်အလှန် အကျိုးပြုခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးကြီးထွားနှုန်းသည် တစ်ရှိန်ထိုး မြန်ဆန်လာပါတော့သည်။
အသိပညာရှင်လူသား
လူသား၏ အသိပညာ ဆင့်ကဲတိုးတက် ဖွံ့ဖြိုးမှုတွင် မည်သည့်အကြောင်းအချက်က အဓိကဖြစ်ပါ သနည်း။ ရေခဲခေတ် ကာလ၏ ရာသီဥတု ကြမ်းတမ်းခက်ထန်မှုလော။ လက်နက်ကိရိယာများ တီထွင် မှုလော။ ဘာသာစကား ကြောင့်လော။ မည်သူမျှ အတိအကျ ပြောနိုင်မည် မဟုတ်ပါ။ ဒါဝင်၏သဘာဝ တရားနှင့် အလိုက်သင့် ရွေးချယ်မှု ဆိုင်ရာ အကြောင်းအချက်များ အားလုံးကြောင့်လူသား၏ ဦးနှောက် ဖွံ့ဖြိုးတိုးတက်လာရခြင်း ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းခန့် အချိန်ကာလတွင် လူသား၏ဦးနှောက်သည် လက်ရှိအရွယ် အစားသို့ရောက်လာခဲ့ပြီး ကြီးထွားမှုလည်း ရပ်တန့်သွားခဲ့ပြီး ဖြစ်ပါသည်။ လူသား၏ကိုယ်ခန္ဓာ မှာလည်း လက်ရှိပုံသဏ္ဍာန် အချိုးအစား နှင့် အရွယ်စားအား နှစ်သိန်းပေါင်းများစွာ စော၍ရရှိခဲ့ပြီး ဖြစ်ပါသည်။ ဦးနှောက် နှင့် ဖွံ့ထွားအချိုးကျသော ကိုယ်ခန္ဓာ ပေါင်းစပ်၍ လူသားသည် စွမ်းအား၊ အသိ ပညာ နှင့် ဖန်တီးစွမ်းအင်တို့ဖြင့် ထုံမွှမ်းလျက် ထူးခြားအံ့ဖွယ်ရာ အသစ်သော သတ္တဝါ ဖြစ်လာပါသည်။ အစာဆာလောင်မွတ်သိပ်မှု၊ အအေးဒဏ်လွန်ကဲမှု နှင့် သဘာဝ ရန်သူများကို ပြန်လှန် တိုက်ခိုက်ရင်း လူ၏အသိဉာဏ်မှာ ထက်မြက်တောက်ပြောင်လာပါသည်။ အခက်အခဲ နှင့် ဒုက္ခလုံထဲ့တွင် လူသားပုံသဏ္ဍာန်အသစ်ကို အရည်ကျိုပုံသွင်းလိုက်ခြင်း ဖြစ်ပေသည်။
မနုဿဗေဒ ဘာသာရပ်တွင် လူသားတို့လက်ရှိ အဆင့်သို့ စတင်ရောက်ရှိမှုကို ဂုဏ်ပြုသော အားဖြင့် အမည်သစ်ပြောင်းပေးခဲ့ပါသည်။ အမည်ဟောင်း မတ်ရပ်လူသား ( Homoeectus ) မှ အမည်သစ် အသိပညာရှင်လူသား ( Homosapiens ) သို့ပြောင်းလဲကာ မှတ်တိုင်သစ် စိုက်ထူခဲ့ပါသည်။
မျိုးဆက်ဟောင်းမှ မျိုးဆက်သစ်သို့
ဖန်ဆင်းခြင်း ဖြစ်စဉ် ပြိးပြည့်စုံတော့မည်။ အစဦးဆုံး အလင်းရောင် ပေါ်ပေါက်လာသည်။ ပြီးနောက် မဲမှောင်သော တိမ်တိုက်ကြိး ပေါ်ထွန်းလာပြိး နေ နှင့် ကမ္ဘာ ဖြစ်လာသည်။ ကမ္ဘာမြေကြီးသည် ပူနွေးလာပြီး အစိုဓါတ် နှင့် ဓါတ်ငွေ့များ မှုတ်ထုတ်ကာ ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် ရေစက် ရေပေါက်များ စုစည်းစပြုလာသည်။ မော်လီကျူးအချို့ စုစည်းလှုပ်ရှားလာပြီး သက်ရှိဘဝ စတင်လာပါသည်။ အချို့ကဆက်လက်ရှင်သန်ပြီး အချို့က ဘဝကို အဆုံးသတ်သွားကြသည်။ တစ်စထက်တစ်စ ဒါဝင်၏ ဥပဒေသအတိုင်း အကောင်အထည်ပေါ်လာပါသည်။
သဘာဝတရား၏ ဖိအားမျိုးစုံက ဆက်တိုက် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ရုန်းရင်းကန်ရင်း သက်ရှိဘဝ တစ်စထက်တစ်စ တိုးတက်လာသည်။ ဤသို့ဖြင့် လူသား၏ ဖြစ်ပေါ်တိုးတက်မှု သမိုင်းသည် လက်ရှိကာလသို့ ရောက်ရှိလာပေသည်။
ပြောင်းလဲမှုများမှာ လူသားမျိုးဆက်တစ်ဆက် နှင့် တစ်ဆက် မသိသာလှပေ။ မည်သူမျှ သူတို့သည် အဆုံးမသိ ဇာတ်လမ်းရှည်ကြီးတွင် ပါဝင်ကပြနေကြမှန်း သတိမမူမိကြပေ။ ရှင်ခြင်း နှင့် သေခြင်း တို့မှာလည်း သူတို့အတွက် ထူးခြားသော အဓိပ္ပါယ် မဖော်ဆောင်နိုင်ဘဲ သံသရာ၏ ဒုက္ခ နှင့် သုခ ဝဲဂယက်တွင် နစ်မြောနေခဲ့ကြရပါသည်။
လူသားအားလေ့လာသူများ အနေဖြင့် လူသာ၏ ဘဝခရီးစဉ်ကို ဘဝ အသင်္ချေပေါင်းများစွာမှ စတင်သုံးသပ်ပါက အနှစ်သာရတစ်ခုကို တွေ့မြင်ခံစားကြရပေသည်။ ထိုအနှစ်သာရမှာ ဘဝအခက် အခဲ ဒုက္ခများအား ရင်ဆိုင်တိုက်ခိုက်ဖြေရှင်းရင်း လူမျိုးနွယ်တို့သည် မျိုးဆက်သစ်များကို ပုံဖော်ပေးခဲ့ ကြခြင်း ဖြစ်သည်ဟူသော အသိတရားပေတည်း။
သဘာဝ ဘေးအန္တရာယ် အခက်အခဲ အမျိုးမျိုး နှင့် ယင်းတို့ကို ရင်ဆိုင် ရုန်းကန် တွန်းလှန်ခြင်းတို့သည်သာ လူ့ယဉ်ကျေးမှု ဆင့်ကဲတိုးတက် ပြောင်းလဲမှု ဖြစ်စဉ်၏ အခြေခံ အုတ်မြစ် ပင်ဖြစ်ပေသည်။ သဘာဝ အန္တရာယ် မရှိလျင် ဒုက္ခ အခက်အခဲ မပေါ်ပေါက်နိုင်၊ ဒုက္ခ အခက်အခဲ မရှိ လျင် ပြောင်းလဲမှုလည်း ပေါ်ပေါက်လာမည် မဟုတ်ပေ။
လူသားတစ်ဦး ချင်း ခံစားခဲ့ရသော နာကျင်မှုများသည် လူ့ဘဝ ရေစီးကြောင်းကို ရိုးသားရှင်းလင်းမှုမှသည် ရှုတ်တွေးခက်ခဲသော ဘဝသို့တွန်းပို့ပေးလေသည်။ ဇာတ်ပေါင်းသောအခါ လူသားတို့သည် အခြားသတ္တဝါတို့ထက် ပိုမိုအဆင့်အတန်း မြင့်စွာဖြင့် ကမ္ဘာမြေပေါ်တွင် ရှင်သန် ရပ်တည်လျက် ရှိပေသည်။ သတ္တဝါ အမြောက်အများတို့ အနက် အသိပညာပြည့်ဝသော မိမိကိုယ်ကို အရေးတယူ အာရုံစိုက်တတ်သော လူသားသည်သာ၊ မိမိတို့ ဘယ်ကဲ့သို့ ပေါက်ဖွားလာသနည်း၊ ဘယ်လိုအင်အားများက မိမိတို့ကို မွေးထုတ်လိုက်သနည်း စသည်တို့ကို စူးစမ်းစိတ်များ ဖြစ်ပေါ်ကြပါသည်။
လူသား၏ သိပ္ပံနည်းကျ အသိအမြင်များ၏ လမ်းညွှန်မှု အရ သူ၏ဘိုးဘေး အစဉ်အဆက် ရှေ့ဦး လူသားအဆက်ဆက်တို့က သဘာဝ အန္တရာယ် အသွယ်သွယ် ၊ ဒုက္ခဆင်းရဲ အဖုံဖုံတို့ကို အံတုယှဉ်ပြိုင်လျက် သူ့ကို ဖန်တီး ပုံသွင်း မွေးထုတ်ခဲ့ကြောင်း သိရှိလာခဲ့ကြပြီ ဖြစ်ပါသည်။
ရည်ညွှန်းချက်။ “ Man of Wisdom ” Robert Justrow, from Until the Sun Dies, W.W Norton. 1977. အား
ဘာသာပြန်ပါသည်။ မွေးမြူရေး နှင့် ရေလုပ်ငန်း
ဝန်ကြီးဌာန မှ ထုတ်ဝေသော ရွှေပုစွန် မွေးမြူရေး
နှင့် ရသစာပေ မဂ္ဂဇင်းတွင် ၁၉၉၉ ခုနှစ်ခန့်က ဖော်ပြခဲ့ပါသည်။ အသစ်တဖန် ပြန်ထားခြင်းဖြစ်ပါသည်။