ဒီမိုကရေစီစနစ် ၏ ဒေါက်တိုင်
( ၇ ) တိုင်
ညွန့်အောင်
( မြစ်မခ )
မြန်မာနိုင်ငံမှာ
၂၀၁၁-ခုနှစ်ကစပြီးလွှတ်တော်ကိုအခြေခံသောဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးကိုဆောင်ရွက်နေပါသည်။
စစ်အုပ်ချုပ်မှု စနစ်အောက်မှာ နှစ်ပေါင်း ၅၀-နီးပါး အုပ်ချုပ်ခံခဲ့ရာrဒီမိုကရေစီစနစ်ကူးပြောင်းလာသည့်အခါတွင်
လူအသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့သည် ကူးပြောင်းရေးအတွက် မိမိတတ်အားသမျှ ပါဝင်ကြိုးပမ်းမှုများကိုအခြေခံပြီးစနစ်ကူးပြောင်းရေးအတွက်
အချင်းချင်းပေါင်းစည်းလျက် လည်းကောင်း၊ တစ်ဦးချင်းအားဖြင့်လည်းကောင်း ကြိုးစားအားထုတ်လျက်
ရှိကြပါသည်။
မိမိတို့အိမ်နီးချင်းထိုင်းနိုင်ငံမှ
ဝန်ကြီးချုပ်ဟောင်းအာနန် ပန်ယာရာချွန်၏ တည်တန့်ခိုင်မြဲသောဒီမိုကရေစီစနစ်၏ အချက်အခြာ
ကဏ္ဍ ၇-ရပ်ကို တင်ပြလိုပါသည်။ ၂၀၀၈- ခုနှစ်အတွင်းကဝန်ကြီးချုပ် အာနန် ပန်ယာရာချွန်ကတည်တန့်ခိုင်မြဲသောဒီမိုကရေစီစနစ်တစ်ရပ်ထူထောင်ရန်အတွက်
အရေးကြီးသော ကဏ္ဍကြီး ၇-ရပ်ကို အားကောင်းလာအောင် တည်ဆောက်ရန် လိုကြောင်းတင်ပြထားခြင်းဖြစ်ပါသည်။
၁။ ရွေးကောက်တင်မြှောက်ခြင်း ( Election )
၂။ နိုင်ငံရေးအရသဘောထားကြီးမှု
( Political Tolerance )
၃။တရားဥပဒေစိုးမိုးမှု
( The Rule Of Law )
၎။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
( Freedom of Expression )
၅။ တာဝန်ခံမှု
နှင့် ပွင့်လင်းမြင်သာမှု ( Accountability and Transparency )
၆။ ဗဟိုချုပ်ကိုင်မှု
လျှော့ချရေး( Decentralisation )
၇။ အရပ်ဖက်
အဖွဲ့အစည်းများ( Civil Society )
တို့ဖြစ်ကြပါသည်။
ရွေးကောက်တင်မြှောက်ခြင်း ( Election )
ရွေးကောက်ပွဲဆိုရာတွင်
ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲကော်မရင်၊ ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းများ၊ကော်မရှင်၏
လွပ်လပ်မှု နှင့် လုပ်ပိုင်ခွင်များအပြင် ပြည်သူလူထု၏ မိမိ၏ ရွေးချယ်ခွင့် အပေါ်တန်ဖိုးထားမှု၊
ရွေးကောက်ပွဲဝင် ပါတီများ နှင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ လွတ်လပ်စွာမဲဆွယ်ခွင့်၊
မီဒီယာများအားလွတ်လပ်စွာ၊ အခွင့်အရေးညီမျှစွာအသုံးပြုခွင့် စသည်တိုကပါဝင်ပါသည်။
နိုင်ငံရေးအရသဘောထားကြီးမှု ( Political
Tolerance )
ဒီမိုကရေစီစနစ်မှာပါတီတွေလွတ်လပ်စွာတည်ထောင်ခွင့်
ရှိပါမည်။ ရည်မှန်းချက် နှင့် သဘောထားများအားချမှတ်ကာလွတ်လပ်စွာထုတ်ဖော်ခွင့် ရှိကြပါသည်။
ထို့အတူပါတီအသီးသီး နှင့် လူတန်းစားအသိးသီးတို့ ၏ သဘောထားကွဲလွဲမှုများကိုသဘောထားကြီးစွာလက်ခံကြရပါမည်။ သဘောထားကွဲလွဲမှုများကိုတွေ့ဆုံညှိနှိုင်းဆွေးနွေး
အဖြေရှာတတ်ကြရပါမည်။
တရားဥပဒေစိုးမိုးမှု ( The Rule Of Law )
နိုင်ငံတစ်နိုင်ငံမှာဥပဒေတွေ
မူဝါဒတွေ ဘယ်လောက်ကောင်းမွန် ပြည့်စုံနေစေကာမူတရားစီရင်ရေးအဖွဲ့တွေ၊ ဥပဒေဝန်ထမ်းတွေ၊
လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးဆိုင်ရာအာဏာပိုင်တွေအရည်အချင်းမပြည့်ဝလျင်၊
တာဝန်မကျေလျင်၊ မလွတ်လပ်လျင်၊ အကျင့်စာရိတ္တ မကောင်းလျင်၊ အထူးသဖြင့် တရားဥပဒေစိုးမိုးရေးကိုမယုံကြည်လျင်
တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာမည် ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လျင် ဒီမိုကရေစီလည်းဆိတ်သုဉ်းသွားမည်
ဖြစ်ပါသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (
Freedom of Expression )
ဒီမိုကရေစီစနစ်ကိုတည်ဆောက်ရာစောင့်ထိန်းရာတွင်
လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်သည် အရေး ကြီးပါသည်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာ ၃-ရပ်ဖြစ်သောတရားဥပဒေ
ပြုစုရေး ကဏ္ဍ၊ အုပ်ချုပ်ရေး ကဏ္ဍ နှင့် တရားစီရင်ရေးကဏ္ဍများကိုသော်လည်းကောင်း၊ လူမှု အသိုင်းအဝိုင်းများ
နှင့် ပြည်သူလူထုကိုလည်းကောင်းစဉ်ဆက်မပြတ် စောင့်ကြည့် အကြံပေး နိုင်မည့် အရည်အသွေး
ပြည့်ဝ၍ ကျင့်ဝတ် စည်းကမ်းကိုလိုက်နာသောမီဒီယာကောင်းများလည်းတည်ရှိရန် အရေးကြီးပါသည်။
တာဝန်ခံမှု နှင့် ပွင့်လင်းမြင်သာမှု
( Accountability and Transparency )
ပဉ္စမအချက်မှာတာဝန်ယူမှု
နှင့် ပွင့်လင်းမြင်သာမှု ရှိရေး ဖြစ်ပါသည်။ ပုဂ္ဂိုလ်တစ်ဦး၊ ဌာနတစ်ရပ်၊ အဖွဲ့အစည်းတစ်ခု၊
အသိုင်းအဝိုင်းတစ်ခုစသည့် အစုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေမိမိအပြုအမူ၊ အပြောအဆိုများကိုတာဝန်ယူမှု
ရှိရန် အလွန်အရေးကြီးပါသည်။ မိမိတာဝန်ခံရသောသူများအပေါ်တွင်လည်းတာဝန်ကျေပြွန်ရန် အရေးကြီးသကဲ့သို့ လုပ်ဆောင်မှုတိုင်းသည်လည်းပွင့်လင်းမြင်သာမှု ရှိရန်လည်းအရေးကြီးပါသည်။
ဗဟိုချုပ်ကိုင်မှု လျှော့ချရေး(
Decentralisation )
ဒီမိုကရေစီစနစ်တည်ဆောက်ရာတွင်
ဗဟိုချုပ်ကိုင်မှု လျှော့ချရေးသည်လည်းအရေးကြီးပါသည်။ အုပ်ချုပ်သူများသည် ပြည်သူလူထုအလွှာ
နှင့် နီးစပ်လေလေ ပြည်သူပါဝင်မှုများလေလေ၊ ပြည်သူလူထုယုံကြည်မှု မြင့်မားလေလေ ဖြစ်ပါသည်။
အရပ်ဖက် အဖွဲ့အစည်းများ( Civil Society )
နောက်ဆုံးအချက်ဖြစ်သော်လည်းအခြားကဏ္ဍများနည်းတူအရေးပါသောအရာမှာအရပ်ဖက်
အဖွဲ့အစည်းများဖြစ်ကြပါသည်။ အရပ်ဖက်အဖွဲ့အစည်းများအရေအတွက် နှင့် အရည်အချင်းတိုးတက်လာရန်
အရေးကြီးပါသည်။ ပြည်သူလူထုအတွင်း ပြည်သူများ၏ ဆောင်ရွက်မှု နှင့် ဆက်စပ်နေသော ပြည်သူများ၏
အရေးကိစ္စ များပြဿနာများအား ပြည်သူလူထုကိုယ်တိုင် ဦးဆောင်ပါဝင် ဖြေရှင်းဆောင်ရွက်ခြင်းသည်သာအကောင်းဆုံး
ဖြစ်ပါသည်။
ဒီမိုကရေစီစနစ်
ထူထောင်ရာတွင် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင်တည်တန့်ခိုင်မြဲသော၊ နောက်ပြန်မလှည့်ဘဲ၊အခြေအနေတစ်ရပ်သို့ရောက်ရှိစေရန်
မည်သူကလုပ်ဆောင်ပေးမှာနည်း၊ မည်သူကဦးဆောင်မှာလဲ၊ ဘယ်ပါတီကဦးဆောင်မှာလဲစသဖြင့် သူတစ်ပါးကိုအားကိုးလျက်တစ်ဦးတည်း၊
တစ်ဖွဲ့တည်း၊ တစ်ပါတီတည်းဦးဆောင်မှု ဖြင့် လွတ်လပ်ရေးရပြီးကတည်းကစ၍ နှစ်ပေါင်း ၆၀-ကျော်မျှ
ဆုတ်ယုတ် နိမ့်ကျမှု သံသရာတွင် အပတ်ပေါင်းများစွာပတ်ခြာလည်ခဲ့ပြီးပါပြီ။
မြန်မာ့ဒီမိုကရေစီနောက်ခံ သမိုင်း
၁၉၆၂ - ၂၀၁၁
ခုနှစ်အတွင်း မြန်မာနိုင်ငံသမိုင်းကိုလူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်း၊ လူတန်းစားအလွှာအစွဲအလမ်း၊
အပြစ်ဖို့ခြင်းမပါဘဲ၊ သင်ခန်းစာယူနိုင်ရေးအတွက် အဖြစ်မှန်အတိုင်း ပြုစုသင့်ကြောင်းလည်းစကားမစပ်
တင်ပြလိုပါသည်။
၁၉၄၈ ခုနှစ်နောက်ပိုင်း
လွတ်လပ်ရေးရပြီးနောက် ပါလီမန် ဒီမိုကရေစီကာလမှာလည်းပါတီအသီးသိးကြိုးစားအားထုတ်ခဲ့ကြသည်
မှာစီးပွားရေးကဏ္ဍတွင် အတော်အသင့် အောင်မြင်ခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် တည်တံ့ခိုင်မြဲသောဒီမိုကရေစီစနစ်
အခြေခံသည့် နိုင်ငံရေးစနစ် တည်ဆောက်နိုင်ခဲ့ခြင်းမရှိဘဲပါတီတွင်းကွဲပြားမှုများ၊ ပါတီအချင်းချင်းတိုက်ခိုက်မှုများ၊
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မတည်ဆောက်နိုင်ဘဲ၊ လူမျိုးစွဲ၊ ဝါဒစွဲ၊ ပါတီစွဲ၊ လူပုဂ္ဂိုလ်စွဲများ
ပြင်းထန်းစွာဆုပ်ကိုင်ထားခဲ့ကြပါသည်။
စစ်အစိုးရကိုလည်း
၁၉၆၂ ဇူလိုင် ၇-ရက် အရေးအခင်းမှစ၍ ကျောင်းသားများ၊ နိုင်ငံရေးသမားဟောင်းများ၊ အလုပ်သမားများ၊
ရဟန်းသံဃာတော်များစသည့် အလွှာအသီးသီးမှ ဆန့်ကျင်ရန်
သီးခြားစီ ကြိုးစားခဲ့ကြ သော်လည်းအောင်မြင်မှု မရခဲ့ကြပါ။ ၁၉၆၉ ကျွန်းဆွယ်အရေးအခင်း၊ ၁၉၇၀ ကျောင်းသားအရေးအခင်း၊
၁၉၇၄ အလုပ်သမားအရေးအခင်းစသဖြင့် သီးခြားစီလုပ်ဆောင်ခဲ့ကြပါသည်။ ၁၉၇၅ခုနှစ် အတွင်းဆရာကြီးသခင်ကိုယ်တော်မှိုင်းရာပြည့်
အရေးအခင်း နှင့် ဦးသန့် ဈာပနအရေးအခင်းများတွင် ကျောင်းသား၊ ရဟန်း နှင့် ပြည်သူများပူးပေါင်းမိလာကြပါသည်။
ကျပ် ၁၀၀
နှင့် ၅၀-တန် တရားမဝင် ကြေငြာဖျက်သိမ်းခြင်း၊ ကြောင့်ပြည်သူများမကျေနပ်မှု စတင်ခံစားခဲ့ကြပါသည်။
၁၉၈၇ ခုနှစ် တွင် ငွေစက္ကူများကိုထပ်မံ၍ ဖျက်သိမ်းလိုက်သောအခါတွင် ပြည်သူများ၏ မကျေနပ်မှုများပိုမိုပေါ်ထွက်လာခဲ့ကြပြီးကျောင်းသား
ဆန္ဒပြမှုများအနည်းငယ်ပေါ်ပေါက်ခဲ့ပါ သေးသည်။ ထိုအတွင်း ၁၉၈၇ ခုနှစ် အတွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌဦးနေဝင်း၏
တစ်ပါတီစနစ်မှ ပါတီစုံစနစ် ပြောင်းလဲရေးကြေငြာချက် ပေါ်ထွက်လာခဲ့ပြန်ပါသည်။အများပြည်သူများကအပြောင်းအလဲများမျှော်လင့်လာရာမှ
ထင်သလိုမဖြစ်လာသောအခါ ဆန္ဒပြမှုများစတင် ပေါ်ပေါက်လာပါသည်။
ယခင်ကကဲ့သို့
ကျောင်းသား၊ အလုပ်သမား၊ ပြည်သူ နှင့် ရဟန်းများသီးခြားစီဆန့်ကျင်နေရာမှ အလွှာစုံလူတန်းစားစုံစုပေါင်းလှုပ်ရှားသည့်
အခြေအနေများပေါ်ထွန်းလာပါသည်။ အနုပညာရှင်များကလည်း ကဏ္ဍ အသီးသီးမှ တစ်ပါတီအာဏာရှင် အုပ်ချုပ်မှုကိုဆန့်ကျင်
ထောက်ပြမှုများ ပြုလုပ်လာကြပါသည်။
အချင်းချင်းညှိနှိုင်းအဖြေရှာကြရမည့်အစားတစ်ဦးနှင့်တစ်ဦးအပြစ်တင်ခြင်းရောဂါဆိုးဝင်လာရာမှ
စစ်တပ်ကအာဏာသိမ်းကာအာဏာရှင် အုပ်ချုပ်ရေးစနစ်ဖြင့် ဒီမိုကရေစီစနစ် အညွန့်ကျိုးခဲ့ရပါသည်။
မြန်မာနိုင်ငံသည်
သဘာဝအရင်းအမြစ် သယံဇာတ နှင့် အခြေခံအရည်အချင်းကောင်းမွန်သောလူအင်အားအရင်းအမြစ် များပိုင်ဆိုင်ခဲ့သော်
လည်းတော်လှန်ရေးကောင်စီ နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် စနစ်အောက်တွင် ရံဖန်ရံခါ ရှားရှားပါးပါးအောင်မြင်မှုလေးများအချို့ရခဲ့သော်လည်းစနစ်မမှန်ကန်သဖြင့်
မိမိဘာသာအဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ပေးရန် တောင်းခံခဲ့ရသည့် အဆင့်သို့တိုင် ကျဆင်းသွားခဲ့ပါသည်။
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားသောအခါ
ပြည်သူများဂုဏ်သိက္ခာပိုင်းဆိုင်ရာနာကျင်ခံစားမှုများ ဖြစ်ပေါ်လာကြပါသည်။ ဆန့်ကျင်ဆန္ဒပြမှုများ၊
သပိတ်မှောက်မှုများ၊ ချီတက်ဆန္ဒပြမှုများတဖြည်းဖြည်း ပြင်းထန်လာကာ နိုင်ငံဝန်ထမ်းများပါဝင်ဆန္ဒပြကြသောအခါ
နိုင်ငံတော် အုပ်ချုပ်ရေး ယန္တရားရပ်တန့်ကာမဆလတစ်ပါတီအုပ်ချုပ်ရေး ပြိုကွဲသွားခဲ့ပါသည်။
မည်သို့ပင်
ဖြစ်စေကာမူ ၁၉၈၈ ခုနှစ်က ဖြစ်ပေါ်သင့်ခဲ့သည့် နိုင်ငံရေးအသွင်ပြောင်းမှု ကိုယခုကာလတွင်
ရရှိနေပါပြီ။
တပ်မတော်အစိုးရ နှစ်ဆက်ပြောင်းလဲအုပ်ချုပ်စဉ်ကလည်းလူ့လောကအစဉ်အလာအတိုင်းအားသာချက်၊
အားနည်းချက်များရှိခဲ့သော်လည်းယခင်တပ်မတော် ခေါင်းဆောင်တစ်ဦး၏ “ ကျွန်တော်တို့ တပ်မတော်သားတွေဟာဘယ်လုပ်ငန်း၊
ဘယ်တာဝန်မဆိုလုပ်နိုင်စွမ်းရှိကြတယ် ” ဟူသောအတွေးအမြင်မှား၊စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး
နှင့် အုပ်ချုပ်ရေးကဏ္ဍတွင် လုပ်ငန်းစီမံကိန်းတစ်ရပ်ဆောင်ရွက်ရာတွင် အမိန့်နာခံရန် လေ့ကျင့်ထားသည့်
တပ်မတော်များအနေဖြင့် မှာသည့်အတိုင်း၊ ခိုင်းသည့်အတိုင်းမဖြစ်မနေဆောင်ရွက်သဖြင့် မအောင်မြင်မှု။
ဆုံးရှုံးမှုများ၊ အဖြစ်မှန် မတင်ပြရဲသဖြင့် လိမ်လည်တင်ပြမှုများ၊ အကျင့်ပျက် လာဘ်စားမှုများ၊
အာဏာအလွဲသုံးစားမှုများ ဖြစ်ပေါ်လာကာတိုင်းပြည်အတွက် အခက်အခဲများပိုမိုရင်ဆိုင်လာခဲ့ရပါသည်။
၂၀၀၈- ခုနှစ်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ဖြစ်ပြီးနောက် ၂၀၁၁-ခုနှစ်
အေပြီလမှစ၍ ပါလီမန် ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ပြုပြင်ပြောင်းလဲမှုများစတင်ဆောင်ရွက်လာခဲ့ပါ
သည်။
ထိုသို့ပြောင်းလဲရာတွင်
အချို့က အထက်မှလာသော ပြုပြင်ပြောင်းလဲရေး ဖြစ်နေသည်၊ အောက်ကစတင်ဖော်ဆောင်သောပြောင်းလဲမှု
ဖြစ်သင့်သည်။ ယခုပြောင်းလဲမှုသည် နောက်ကြောင်းပြန်လှည့်နိုင်သလားစသည့် စောဒကများရှိနေပါသည်။
တည်တန့်ခိုင်မြဲသောနောက်ကြောင်းမပြန်သောဒီမိုကရေစီစနစ်ကို
ပြည်သူပြည်သားအားလုံးစုပေါင်းပါဝင် လျက် ဒီမိုကရေစိဒေါက်တိုင် ၇-ရပ်ကို ဝိုင်းဝန်းတည်ဆောက်ကြမှသာလက်ဝယ်ပိုင်ပိုင်
ရရှိနိုင်မှာ ဖြစ်ကြောင်း လက်ခံနားလည်မိပါသည်။
ဒီမိုကရေစီဆိုသည်မှာအထက်ကပေးမှရသလား၊
အောက်ကတိုက်ယူရမှာလား၊ နိုင်ငံရေးပြောင်းလဲမှုကို နိုင်ငံတော် သမ္မတကဦးဆောင်လုပ်ပေးမှာလား၊
လွှတ်တော်အဆင့်ဆင့်က ဦးဆောင်လုပ်ပေးမှာလား၊ တိုင်းရင်းသားတွေကတောင်းဆိုရမှာလား၊ နိုင်ငံရေးပါတီတစ်ခုခု၊
ခေါင်းဆောင် တစ်ဦးဦးကလုပ်ပေးမှာလားစသည်ဖြင့် အမျိုးမျိုးမျှော်လင့်နေကြပါသည်။
မိမိ အမြင်အရတော့
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးကိုမည်သူတစ်ဦးတစ်ယောက်ကမျှ လုပ်မပေးနိုင်ပါ။ အထက်ကလည်းမပေးနိုင်ပါ၊
အောက်ကလည်းတိုက်ယူ၍ မရပါ၊။ ပြည်သူပြည်သားအားလုံးဝိုင်းဝန်းတည် ဆောက်ကြမှသာရရှိနိုင်မည်
ဖြစ်ပါသည်။
ညွှန့်အောင်(မြစ်မခ)