Wednesday, October 16, 2013

သွက်သွက်လက်လက် ရွှေ့ပြောင်းနေရာချထားနိုင်သဖြင့် ဆိုင်ကလုန်းကြာင့် လူအသေအပျောက် အနည်းဆုံးဖြစ်စေခဲ့


သွက်သွက်လက်လက် ရွှေ့ပြောင်းနေရာချထားနိုင်သဖြင့် ဆိုင်ကလုန်းကြောင့် လူအသေအပျောက် အနည်းဆုံးဖြစ်စေခဲ့

ညွန့်အောင် ( မြစ်မခ )

အိန္ဒိယ အရှေ့ဘက် ပင်လယ်ကမ်းခြေဒေသ သို့ လွန်ခဲ့သော  တနဂ်နွေနေ့တွင်ဝင်ရောက် တိုက်ခတ် သွားသည့် အင်အားပြင်းတန်လှသော ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထောင်ပေါင်းများစွာသော ရွှံ့မံထားသော တဲအိမ်များအား ပြိုကျပျက်စီး၊ လျှပ်စစ်ဓါတ်အားလိုင်းများ ပြိုလဲ၊ ပြည်နယ်တွင်း လမ်းမကြီးများအား ပြတ်တောက် ပိတ်ဆို့၊ သီးနှံစိုက်ခင်းများ နှင့် ငါးဖမ်းလှေ အမြောက်အများ ပျက်စီး ခဲ့ရပါသည်။ သို့သော်လည်း ထိုပြည်နယ်မှလာသော သတင်းများအရ လူပေါင်း ရှစ်သိန်းကျော်အား စနစ်တကျ ပြောင်းရွှေ့ပေးနိုင်ခဲ့သည့် အိန္ဒိယနိုင်ငံ သမိုင်းတလျှောက်အကြီးမားဆုံး နှင့် အသွက်လက်ဆုံး ရွှေ့ပြောင်းနေရာချထားမှု ကြောင့် တနင်္ဂနွေနေ့ မုန်တိုင်းဝင်ရောက်လာစဉ် အောင်မြင်မှု ရလာဒ်များကို သက်သေပြနိုင်ခဲ့ပါသည်။

လွန်ခဲ့သော ၁၄-နှစ်တာကာလက ဤဒေသအနီးတွင် ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ဝင်ရောက်ခဲ့ရာ လူပေါင်း ၁၀၀၀၀-ကျော် သေကြေခဲ့ရပြီး လွန်ခဲ့သော ရာစုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်အတွင်းမှ မုန်တိုင်းဝင် ရောက်လာတိုင်း လူများသေကြေပြီး အပျက်အစီးများစွာ ခံစားခဲ့ကြရပါသည်။ တနင်္ဂနွေနေ့က ဖြစ်ပေါ်ခဲ့သော မုန်တိုင်းကြောင့်  ပျက်စီးဆုံးရှုံးမှုများကို အတိအကျ စာရင်းကောက်ယူရန် ရက်သတ္တပါတ် ပေါင်းများစွာ ကြာမည် ဖြစ်သော်လည်း တရာဝင်ထုတ်ပြန်သော သတင်းများအရ သေဆုံးသူ ၁၇-ဦးသာ ရှိကြောင်း သိရ ပါသည်။ မုန်တိုင်းကျရောက်ရာ လမ်းကြောင်းအတွင်း လူပေါင်း ၁၂-သန်းမျှနေထိုင်ကြသည် ဖြစ်ရာ ဤအသေ အပျောက် ၁၇-ဦးမျှသာရှိခြင်းမှာ အလွန်အံ့သြ ချီးမွမ်းဖွယ် ဖြစ်ရပ်ဖြစ်ပေသည်။
လူအများအား ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေရာချထားမှုလုပ်ငန်း၏ အောင်မြင်မှုများသည် ပြင်းထန်သော လေအား နှင့် သည်းထန်သောမိုးရွာသွန်းမှုကို ခံနိုင်ရည်ကင်းမဲ့သော ရွှံ့မံ သက်ငယ် မိုးထားသော တဲအိမ် များအား သံယောဇဉ် ဖက်တွယ်လျက် ခေါင်းမာနေသော ရွာသားများအား ရဲအင်အား သုံး၍ အတင်းအဓမ္မ ရွှေ့ပြောင်းခဲ့ရသော်လည်း ရုပ်ဝတ္ထုဆိုင်ရာ အခြေခံ အဆောက်အဦများ နှင့် ဆက်သွယ် ရေးလုပ်ငန်းများ အကြီးအကျယ် ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ဖြစ်ကြောင်း ဒေသခံအရာထမ်းများက ပြောကြားကြပါသည်။

သေဆုံးသူအများစုမှာ သစ်ပင်များပိခြင်း နှင့် အိမ်များပြိုခြင်းကြောင့် ဖြစ်ကြောင်း သက်ဆိုင်ရာ အရာရှိများက ပြောကြားပါသည်။ ဖိုင်လင်း အမည်ရ ဆိုင်ကလုန်းမုန်တိုင်းကြောင့် နှစ်ရက်တာကာလအတွင်း အချို့ဒေသများ တွင် မိုးရေချိန် ၁၀-လက်မ ခန့်အထိ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားခဲ့ပါသည်။ တနင်္ဂနွေနေ့ ညနက်ပိုင်း တွင် ဆိုင်ကလုန်းမုန်တိုင်းအား လေဖိအားနည်းရပ်ဝှမ်းအဖြစ် အဆင့်လျှော့ သတ်မှတ်ခဲ့ပါသည်။ လေတိုက် ခတ်နှုန်း တစ်နာရီ ၃၄-မိုင်ရှိပြီး တစ်နာရီ ၂၅-မိုင်နှုန်းဖြင့် ရွေ့လျားမည်ဖြစ်ကြောင်း ခန့်မှန်းထား ပါသည်။

အိန္ဒိယနိုင်ငံတွင်း တဖြည်းဖြည်းပြောင်းလဲနေပါသည်။ ဇာတ်အနိမ့်အမြင့် ခွဲခြားဆက်ဆံမှုများ ကျယ်ကျယ်ပြန့် ပြန့်ရှိနေဆဲ၊ အလွန်အမင်း ဆင်းရဲမှုမှာ ပျံ့နှံ့တည်ရှိနေဆဲ၊ သန့်ရှင်းသောရေမှာ ရှားပါးနေဆဲ ဖြစ်သော်လည်း ယခု တနင်္ဂနွေနေ့က ထိရောက်အောင်မြင်သော တုန့်ပြန်ဆောင်ရွက်မှု အထူးသဖြင့် အချင်းချင်း ဆက်သွယ်မှု နှင့် လိုအပ်သော သတင်းများ ရရှိနိုင်မှုနည်းလမ်းများ အားဖြင့် အိန္ဒိယပြည်သူများသည် သူတို့နိုင်ငံကို အသွင် ပြောင်းလဲရန် ကြိုးပမ်းနေကြောင်း ဖော်ပြလိုက်ခြင်းဖြစ်ပေသည်။ လွန်ခဲ့သော ဆယ်စုနှစ်ခန့်က ဆယ်လူလာ လက်ကိုင်ဖုန်း ကိုင်ဆောင်နိုင်သူပေါင်း သန်း-၄၀ ခန့်သာရှိခဲ့ရာမှ ယခုအခါ သန်းပေါ်င်း ၁၀၀၀ နီးပါး တိုးတက်လာခဲ့ပြီဖြစ်ပါသည်။ အဆင်းရဲဆုံးရွာများမှာပင် ရုပ်မြင်သံကြားစက်များ ပိုင်ဆိုင်နေကြပြီး ၂၄-နာရီ လွှင့်ထုတ်နေသော ရုပ်သံလိုင်းပေါင်းများစွာကလည်း မုန်တိုင်းသတင်းကို တိုင်းပြည်အနှံ့လေလှိုင်းမှ ထုတ်လွှင့်ပေးနိုင်ခဲ့ပါသည်။ 

ဒေသခံသတင်းများအရ မုန်တိုင်းချဉ်းကပ်လာသောအခါ အဆိုးဆုံးအခြေအနေကို ရင်ဆိုင်လျက် ရွာသူရွာသား အများစုတို့သည် မိမိတို့၏ လယ်ယာ နှင့် အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ရေးအတွက်နောက် ချန်နေခဲ့၇န်ကြိုးပမ်းကြသော်လည်း ကျရောက်လာမည့် ဘေးအန္တရာယ်ကိုမူ လူတိုင်းကြားသိကြပြီးဖြစ်ပါသည်။ ဤသည်ပင် အပြောင်းအလဲကြီးတစ်ရပ်ဖြစ်ပေသည်။ နောက်အပြောင်းအလဲတစ်ရပ်မှာ ဝေးလံခေါင်ပါးဒေသ များတွင်ပင်လျင် အရေးပေါ်အချိန်များတွင် ခိုလှုံနိုင်မည့် ဘိလပ်မြေသုံး အိမ်များ၊ ကျောင်းများ နှင့် လုပ်ငန်းသုံး အဆောက်အဦးများ ဆောက်လုပ်ထားကြခြင်းဖြစ်ပါသည်။ နောက်ဆုံးအချန်အထိ ချန်နေခဲ့သော ရွာသားများ သည် လုံခြုံစွာခိုလှုံရန် နေရာများ ရှိနေကြပြီဖြစ်ပေသည်။

အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ ဆရီကာကူလမ်မြို့မှ ခရိုင် အရာရှိတစ်ဦးဖြစ်သူ ကေ၊ ဘာလိယက ခရိုင်အတွင်းမှ ရွှေ့ပြောင်းနေရာချထားခံရသူ ၆၀၀၀၀-ခန့်အနက်မှ လူအချို့တို့အား သူတို့အိမ်အား မစွန့်ခွာလိုကြသဖြင့် နောက်ချန်နေထိုင်ခွင့် ပြုခဲ့ရကြောင်း ပြောကြားပါသည်။ “  လူအတော်များများက ဘာမှမဖြစ်နိုင်ပါဘူးလို့ အကြောင်းပြ ငြင်းဆန်နေကြသဖြင့် အုပ်ချုပ်ရေးအာဏာပိုင်များက ဇွတ်အတင်း အာဏာသုံး၍ ရွှေ့ပြောင်းပေးခြ့ရပါတယ် ” ဟုပြောပါသည်။

အနည်ဆုံး လယ်မြေ ဧက ၁၀၀၀-ခန့် ရေနစ်မြုပ်ခံရပြီး သက်ငယ်တဲ အမြောက်အများ နှင့် ငါးဖမ်းလှေ အများ အပြားပျက်စီးသွားခဲ့သဖြင့် အာဏာပိုင်များက ဇွတ်အတင်း အာဏာသုံး ပြောင်းရွှေ့ပေးခဲ့ခြင်းသည် မှန်ကန် မျှတကြောင်း  အရာရှိများက ပြောကြားခဲ့ပါသည်။ သို့သော်လည်း မစ္စတာ ဘာလိယက ဆိုင်ကလုန်းမုန်တိုင်း သည် မူလခန့်မှန်းသလောက် ပြင်းထန်ခြင်းမရှိကြောင်း၊ သို့အတွက်ကြောင့် နောက်နောင် လူအများအပြား အား ရွှေ့ပြောင်းရန် ဆောင်ရွက်လျင် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပြောကြားပါသည်။

သြဒိသပြည်နယ်၊ ဘူဘာနေဆွာဒေသမှ အငြိမ်းစား တိရစ္ဆာန်ဆေးကု ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ ဂျီဘနန္ဒာ မိုဟန်တီက တနင်္ဂနွေနေ့က တစ်ညလုံး လေသံတရွှီးရွှီး နှင့် သစ်ပင်များကျိုကျ ပြိုလဲသံများအား နားထောင်နေရကြောင်း၊ လျှပ်စစ်မီး နှင့် ရေလည်းပြတ်တောက်သွားကြောင်း တယ်လီဖုန်းဖြင့် ပြောကြားပါသည်။ အခက်အခဲကာလကို ကောင်းကောင်းမွန်မွန် ကျော်ဖြတ်နိုင်ရန် အတွက် ရေ၊ နွားနို့၊ ဟင်းသီးဟင်းရွက်များ နှင့် အခြားလိုအပ်သော ပစ္စည်းများကို ကြိုတင်စုဆောင်းထားရန် ရက်ပေါင်းများစွာ အချိန်ရရှိကြောင်း ပြောကြားလိုက်ပါသည်။

 “  ကြိုတင်သတိပေး ထားတဲ့အတွက်၊ ဒီအခြေအနေကို ရင်ဆိုင်ရန် ပြင်ဆင်ထားနိုင်ခဲ့ပါတယ်။ ကျွန်တော့ ရပ်ကွက်ထဲမှာ အသေအပျောက်မရှိပါဘူး ” ဟု ဒေါက်တာ မိုဟန်တီက ပြောပါသည်။
အိန္ဒိယ နိုင်ငံ ဗဟိုအစိုးရ နှင့် ပြည်နယ်အစိုးရများသည် အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ကျော်လွှားရန် ရက်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ထားခဲ့ပါသည်။ စနေနေ့က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် နိုင်ငံတော် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ဗဟိုအစိုးရ အဖွဲ့ဝင်များအား မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ရှင်းလင်းပြောကြားထားကြောင်း နှင့် ပြည်နယ်အစိုးရ အရာရှိများအား လိုအပ်ချက်များကို ကူညီပံ့ပိုးပေးရန် ညွှန်ကြားပြီးဖြစ်ကြောင်း ပြောကြားပါသည်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေ၊ ကေ အန်တိုနီက နိုင်ငံတော် ကြည်းတပ်၊ လေတပ် နှင့် ရေတပ်မှ ဝန်ထမ်းအဆင့်ဆင့်တို့အား ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီပါဝင် ဆောင်ရွက်ရန် တာဝန်ပေးထားပြီးဖြစ်ကြောင်း နှင့်  ကယ်ဆယ်ရေးစခန်း ရာပေါင်းများစွာ ထူထောင်ထား ပြီးဖြစ်ကြောင်း ပြောကြားပါသည်။

မုန်တိုင်းဖြတ်သန်းရာ ဗဟိုအနီးတည်ရှိသော အန်ဒရာ ပရာဒက်ရှ်ပြည်နယ်၊ ဝိသာခါပတ္တနမ်ဒေသသည် ပင်လယ်ကမ်းခြေတလျှောက် တမံများပြိုကျခြင်းမှလွဲ၍ အပျက်အစီးအနည်းငယ်မျှသာ ကြုံတွေ့ခံစားခဲ့ရပါ သည်။ နံနက် ၉၊၀၀ နာရီအချိန်၌ နေရောင်ပွင့်လာပြီး အရောင်အဝယ်များလည်း ပုံမှန်အတိုင်းဖွင့်လှစ်ကာ ယာဉ်အသွားအလာများသည်လည်း ထုံးစံအတိုင်း ရှုတ်ထွေးမြဲရှုတ်ထွေးလာပါသည်။ လူအများသည်လည်း တနင်္ဂနွေနေ့တွင် အိမ်များမှ စိတ်အေးသက်သာစွာ အပြင်ထွက်လာကြပြီး၊ လူအချို့မှာ ငါသိသားဘဲ ဟူသော အမူအယာမျိုးဆောင်လျက်ရှိကြပါသည်။

အိန္ဒိယ၏ တိုးတက်လာသော နည်းပညာလုပ်ငန်းလုပ်ကိုင်နေသူ အသက် ၃၀-အရွယ် တူဆစ်အာမက် သည်စနေနေ့ညက ပငိလယ်ကမ်းခြေ သဲသောင်ပြင်တစ်လျှောက် ရဲများ စောင့်ကြပ်နေသည့် အတားအဆီး တစ်လျှောက်လှည့်လည်ကာ ပင်လယ်ပြင်ကို သွားရောက်ကြည့်ရှု အချိန်ဖြုန်းခဲ့ပါသေးသည်။ မစ္စတာ အာမက် က “  ပငိလယ်လှိုင်းတွေက ငြိမ်နေတာဘဲ၊ ဒါနဲ့ ကျွန်တော်လဲ အိမ်ပြန်ပြီး အေးအေးဆေးဆေး အိပ်နေလိုက် တာပေါ့ ” ဟုပြောပါသည်။

သစ်သီးရောင်းသူ ဘီ၊ မူကန်ဒါ ရောင်းက စနေနေ့ညတွင် သူ့ဆိုင်ကို ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချခဲ့ပြီး တနင်္ဂနွေနေ့ နံနက်ပိုင်းက လမ်းပေါ်ထွက်ကြည်ရင်း “  အာဏာပိုင်တွေက ကျွန်တော်တို့ကို တီဗွီထဲ ကနေ ကြောက်အောင် ချောက်နေသေးတယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ လုံးဝကို မပူပါဘူး ” ဟုပြောလိုက် ပါသေးသည်။

ဘင်္ဂလားပင်လယ်ကွေ့ဒေသသည် ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ပျက်စီးလွယ်မှု အဖြစ်ဆုံးဒေသများထဲတွင်ပါဝင်ပါသည်။ ကျွမ်းကျင်သူများကလည်း မုန်တိုင်းများသည် ပို၍ပို၍ အင်အားကြီးမား လာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါသည်။ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု အန္တရာယ်ကို ခံစားရမည့်လူများထဲတွင် အိန္ဒိယ နှင့် ဘင်္ဂလားဒက်ရှိနိုင်ငံများမှ လူထုများသည် ကမ္ဘာ ပေါ်ရှိအခြား နိုင်ငံများထက်ပို များပါသည်။

( ရည်ညွှန်း- နယူယောက်တိုင်းသတင်းစာ အွန်လိုင်းသတင်း ၁၄-၁၀-၂၀၁၃ )


No comments:

Post a Comment