Wednesday, October 16, 2013

အိန္ဒိယနိုင်ငံတွင် ဘုရားဖူးများ တံတားတစ်စင်းးပေါ် ရုတ်ရုတ်သဲသဲ တိုးဝှေ့ထွက်ပြေးရာမှ သေဆုံး

အိန္ဒိယနိုင်ငံတွင် ဘုရားဖူးများ တံတားတစ်စင်းပေါ် ရုတ်ရုတ်သဲသဲ တိုးဝှေ့ထွက်ပြေးရာမှ သေဆုံး

ညွန့်အောင် ( မြစ်မခ )

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ တံတားတစ်စင်းပေါ် ဖြတ်သန်းသွားနေစဉ် ထောင်ပေါင်းများစွာသော ဘုရားဖူး များသည် တံတားပြိုကျ တော့ မည်ဟုထင်သဖြင့် ကြောက်လန့်တကြား အလုအယက် ထွက်ပြေးကြကြောင်း အိန္ဒိယ အရာရှိများက ပြောကြားပါသည်။ ထိုသို့ လူအုပ်ကြီးအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်ကာ စုပြုံတိုးဝှေ့ကြ သဖြင့် အနည်းဆုံး လူ ၁၀၉-ဦး သေဆုံးပြီး လူတစ်ရာခန့် ဒါဏ်ရာရရှိကြောင်း သိရပါသည်။

အိန္ဒိယ သတင်းမီဒီယာများ၏ ခန့်မှန်းချက်အရ လူပေါင်း ငါးသိန်းခန့် မဒယာ ပရာဒက်ရှ်ပြည်နယ် မြောက်ပိုင်း ရှိ ရတ္တန်ဂါး ဘုရားကျောင်းသို့ ဘာသာရေးဆိုင်ရာ ဝတ်ပြုအခမ်းအနားသို့ တက်ရောက်ရန် အုပ်စုလိုက်သွား ကြကြောင်းသိရပါသည်။

ဟင်ဒူ အမည်ရှိ နေ့စဉ်သတင်းစာ သို့ ပြည်နယ်ထိပ်တန်း အရာရှိ ဂျေ၊ စီ ဒေဆာ ၏ပြောကြားချက်အရ တနင်္ဂနွေနေ့က ဆင်းမြစ်ဖြတ်ကူး ၂၃-ပေအကျယ် တံတားပေါ်ရှိ လက်ရမ်းသံတန်းတစ်ခု ကျိုးသွားကာ တံတားတစ်စင်းလုံးပြိုကျတော့မည် ဟု ကောလဟာလများ ပျံ့နှံ့သွားစဉ် တံတားပေါ်၌ လူပေါင်း ၂၅၀၀၀-ခန့် ရှိကြောင်းသိရပါသည်။

လူအများအပြားမှာ တံတားပေါ်မှ မြစ်အတွင်းသို့ ခုန်ချရာမှ ရေနစ်သေဆုံးကြပြိး အခြားလူများမှာ တံတားပေါ် တွင် လူနင်းခံရ၍ ဒါဏ်ရာများရရှိကြပါသည်။ အခင်းဖြစ်ပွားပြီးနောက် ယာဉ်အသွားအလာများ ရှုတ်ထွေး သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာခဲ့ရပါသည်။ အနီးအနားရှိလူများသည် စိတ်တိုဒေါသထွက်လာ ပြီးရဲများအား ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြပါသည်။ ထိုနေရာတွင် ၂၀၀၆-ခုနှစ်ကလည်း အလားတူ လူအုပ်အတွင်းရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါသေးသည်။

ခရိုင် ဆရာဝန်ကြီး အာရ်၊ အက်စ် ဂွပ္ပတား က တနင်္လာနေ့က ပြောကြားရာတွင် အလောင်း၁၀၉-လောင်းအား ခွဲစိပ်စစ်ဆေးခဲ့ကြောင်းပြောကြားသည်ဟု အေပီသတင်းဌာနကဖော်ပြခဲ့ပါသည်။
တနင်္ဂနွေနေ့ကဖြစ်ပွားသော လူအများအချင်းချင်း တက်နင်းသေဆုံးကြခြင်း၏ အကြောင်းရင်းများအား အမျိုး မျိုး ကွဲပြားခြားနားစွာ သုံးသပ်ပြောဆိုလျက်ရှိကြရာ အချို့ မျက်မြင်သက်သေများက ရဲများက ကြိမ်တုတ်များ ဖြင့် လူအုပ်အတွင်းလိုက်လံ ရိုက်နှက်သဖြင့် စတင်ဖြစ်ပွားကြောင်းပြောကြသော်လည်း ရဲများက မဟုတ် ကြောင်းငြင်းဆိုခဲ့ပါသည်။

အခြားသတင်းများအရ တံတားပေါ်ဖြတ်သန်းရန် ရှည်လျားစွာ အတန်းလိုက်စောင့်ဆိုင်းနေသော လူအုပ်ကြီး လျော့နည်းသွားးစေရန် ရည်ရွယ်လျက် ဘုရားဖူးအုပ်စုတစ်စုကတံတားပြိုတော့မည်ဟု သတင်းမှားလွှင့်လိုက် ခြင်းဖြစ်ကြောင်း သိရပါသည်။ တစ်ချို့ကလည်း တံတားလက်ရန်းကို ထွန်စက်တစ်စီးက ဝင်တိုက်မိပြီး တံတား ယိမ်းယိုင်သွားရာမှ စတင်ခြင်းဖြစ်ကြောင်းပြောကြားကြပါသည်။
မစ္စတာ ဒေဆာကမူ တံတားသည် ၄-နှစ်သက်တမ်းပင်မပြည့်သေးဘဲ အကောင်းအတိုင်းပင်ဖြစ်ကြောင်း ပြောပါသည်။

အသက်ရှင်လျက် လွတ်မြောက်လာသူ အတားလ် ချောင်ဒရီက ဘီဘီစီ ဟင်ဒီ အစီအစဉ်သို့ ပြောကြားရာတွင် အော်သံများ သူကြားရကြောင်း၊ ထို့နောက်လူအုပ်ကြီးသည် တံတားအထွက်များဘက်သို့ တိုးဝှေ့ပြေးလွှား ကြကြောင်းပြောပါသည်။

 “  လူအတော်များများ တက်နင်းခံရလို့ မြေပြင်ပေါ်မှာ ပြားနေတာမြင်ရပါတယ်။ လူငယ်အတေိာများများက တော့ရေပြည့်နေတဲ့ မြစ်ထဲကို ကြောက်လန့်တကြား ခုန်ချကြပါတယ်။ ကျွန်တော်နဲ့မိတ်ဆွေတွေကတော့ ထွက်ပေါက်နီးနေပြီဆိုတော့ လွတ်အောင်ပြေးထွက်နိုင်ခဲ့ပါတယ် ”
အချို့မျက်မြင်သက်သေများက ရဲများသည် လူများကိုထိန်းသိမ်းရန် ချက်ချင်း မဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြပါသည်။

မဒယာ ပရာဒက်ရှ်ပြည်နယ်အစိုးရက လူအုပ် ရုတ်ရုတ်သဲသဲဖြစ်ကာ တိုးဝှေ့ပြေးလွှားစဉ်လူအများ ထိခိုက် သေဆုံးမှုများ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းကို စစ်ဆေးဖော်ထုတ်ရန်အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းတာဝန်ပေးလိုက်ပါသည်။

အိန္ဒိယနိုင်ငံတွင်း ဘုရားပွဲတော်ကာလများအတွင်း ဘုရားဖူးခရီးသည် အမြောက်အများကြောင့်  သယ်ယူပို့ ဆောင်ရေးယာဉ်များ နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ တွင်သတ်မှတ် ခံနိုင်ရည် အင်အား ထက် ဝန်ပိုများသဖြင့် သေကြေပျက်စီးမှုများ ကြုံတွေ့လေ့ရှိပါသည်။ လွန်ခဲ့သော အောက်တိုဘာ လအတွင်းက ဘီဟာပြည်နယ်၌ သံလမ်းဖြတ်ကူးနေသော ဘုရားဖူးခရီးသည်များအား မီးရထားတစ်စင်းက အရှိန်မသပ်နိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် လူ-၃၀ ကျော်သေဆုံးခဲ့ပါသည်။ ဖေဖေါ်ဝါရီလအတွင်း ကလည်း  ၅၅-ရက်ကြာကျင်းပသော ပွဲတော်လာ ပရိသတ်စုစုပေါင်း သန်း-၈၀ မျှရှိသည့် ပွဲတော်တစ်ခုအတွင်းကလည်း မီးရထားပလက်ဖောင်းတစ်ခုဆီသို့ အလုအယက် ပြေးလွှားကြရာမှ လူ ၃၀-ကျော် အနင်းခံ သေဆုံးသွားသဖြင့် ပွဲတော်၏ ကောင်းသတင်းကို ပျက်ယွင်းစေခဲ့ပါသည်။

တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သော မတော်တဆ လူများသေဆုံးမှုသည် ပြည်နယ်အဆင့် ရွေးကောက်ပွဲများ အကြိုကာလတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာအရာရှိများသည် သေဆုံးသူတိုင်း၏ မိသားစုများ အား အမေရိကန် ဒေါ်လာ ၂၄၅၀ ခန့်နှင့် ညီမျှသော ရူပီး-၁၅၀၀၀၀ ( အိန္ဒိယနိုင်ငံသုံး ငွေကြေး ရူပီး တစ်သိန်းငါးသောင်း )  ထောက်ပံ့ကြေး ပေးမည် ဖြစ်ကြောင်း အလျင်အမြန် ကတိပေးကြေငြာလိုက်ပါသည်။ အပြင်းအထန်ထိခိုက်နာကျင်သူများအားလည်း အမေရိကန် ဒေါ်လာ ၈၂၀-ခန်ကနှင့် ညီမျှသော ရူပီးငွေ- ၅၀၀၀၀ ( ၇ူပီး ငါးသောင်း ) ပေးအပ်မည်ဖြစ်ပါသည်။ နိုင်ငံတော် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
ထိုသတင်းထုတ်ပြန်ချက်တွင် “ ဤပွဲတော် အခါသမယနေ့တွင် ကျွန်ု့တို့၏ နှလုံးသားများသည် သေဆုံးထိခိုက် နာကျင်သူများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်း နှင့် သေဆုံးသူများ နှင့် ကျန်ရစ်သူ မိသားစုများအတွက် ဆုတောင်းမေတ္တာ ပို့သလျက်ရှိပါသည် ” ဟုဖော်ပြထားကြောင်း အိန္ဒိယသတင်းများအရ သိရပါသည်။


( ရည်ညွှန်းချက်- နယူးယောက်တိုင်း အွန်လိုင်း သတင်း ၁၄-၁၀-၂၀၁၃ )

No comments:

Post a Comment