Friday, October 18, 2013

                    ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်၊ သန့်ရှင်းသောအစိုးရနှင့် 

                              စဉ်ဆက်မပြတ် စောင့်ကြည့် ကွပ်ကဲခြင်း

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအရ အသစ်ရွေးချယ် ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့သစ်ဟာ နိုင်ငံတော်အား အသွင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်မယ်လို့ ကြေညာပြီး ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နဲ့ ကောင်းမွန်သော အစိုးရစနစ် ဖြစ်ပေါ်လာရေးအတွက် ကြိုးစားဆောင်ရွက်နေပါ တယ်။ သက်တမ်းအားဖြင့်လည်း ၂၀၁၁ ခုနှစ် ဧပြီလမှ စတင်လျင် ယခုလအထိ သက်တမ်းတစ်ဝက် ကျော်လာခဲ့ပါပြီ။

နိုင်ငံတစ်နိုင်ငံဟာ စနစ်တစ်ခုကနေ စနစ်တစ်ခုကို ကူးပြောင်းရေးဆိုတာ အပြောလွယ်သလောက် လက်တွေ့ အကောင်အထည်ဖော်ဖို့ ခက်ခဲပါတယ်။ ကာလသက်တမ်းတစ်ခုအတွင်း အပြီးဆောင် ရွက်ရမယ့် အလုပ်မဟုတ်ပါဘူး။ စဉ်ဆက်မပြတ် အကောင်အထည်ဖော်သွားရမယ့် လုပ်ငန်းစဉ်သာ ဖြစ်ပါတယ်။ နှစ်ရှည်ရည်မှန်းချက် ချမှတ်ပြီး စနစ်တကျ အကောင်အထည်ဖော်သွားရမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ အသွင်ပြောင်းလဲဖို့ဆိုတာ နိုင်ငံတော် မဏ္ဍိုင်သုံးရပ်လုံး၊ ပြည်သူလူထု အထူးသဖြင့် ဝန်ထမ်းအဆင့်ဆင့် အသွင်ပြောင်းလာဖို့လိုသလိုဥပေဒတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ကို စိစစ်ပြီး မလိုအပ်တဲ့ အဆင့်တွေ၊ ခေတ်နဲ့ စနစ်နဲ့ မညီတဲ့အရာတွေ ပယ်ဖျက်ပြီး ပိုမိုလွယ်ကူ ပွင့် လင်းမြင်သာတဲ့ အရာတွေနဲ့အစားထိုးရမှာ ဖြစ်ပါတယ်။

ဆောင်ရွက်ရမယ့် အရာတွေကို ရည်မှန်းချက်ပန်းတိုင်ချမှတ်၊ ရည်မှန်းချက် ပန်းတိုင်ရောက်စေမယ့် နှစ်ရှည်၊ နှစ်လတ်၊ နှစ်တို၊ နှစ်စဉ် စီမံကိန်း ရည်မှန်းချက်တွေ သတ်မှတ်၊ ရည်မှန်းချက်တွေကို ရောက်မရောက် အတိအကျ တိုင်းတာစစ်ဆေးနိုင်မယ့် အညွှန်းကိန်းတွေ သတ်မှတ်ပြီး စဉ်ဆက်မပြတ် စောင့်ကြပ်စစ်ဆေးကွပ်ကဲမှုတွေ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

အသွင်ပြောင်းတဲ့အခါမှာ ရုပ်ပစ္စည်းတွေ အခြေခံအဆောက်အဦတွေ ပြောင်းလဲတာကတော့ ငွေကြေး တတ်နိုင်ရင် တတ်နိုင်သလောက် လုပ်နိုင်ပေမယ့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာဖို့ ကတော့ ပညာရေးနဲ့ အယူအဆအပြုအမူတွေ ပြောင်းလဲလာဖို့ကတော့ နှစ်ရှည်စီမံကိန်းတွေ ချမှတ်ဆောင်ရွက်ရာမှာ မကြာခဏပြောင်းလဲနေလို့ မဖြစ်ပါဘူး။ အကြီးအကဲပြောင်းတိုင်း အရင်လူလုပ်ခဲ့သမျှ ပြောင်းလဲလိုက်တာတွေ  လုပ်နေရင် အသွင်ပြောင်းလဲမှုဟာ အောင်မြင်မှု ရနိုင်မည် မဟုတ်ပေ။

အစိုးရလုပ်ငန်းတွေမှာ လုပ်ဆောင်ချက်တွေကို ကြီးကြပ်ကွပ်ကဲမှု အားနည်းတာ တွေ့ရပါတယ်။ လုပ်ဆောင်ချက်တွေကို ၂နှစ်လောက်ကြာမှ စာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာထွက်မှ သိရရင် မအောင်မြင်မှု၊ အလွဲသုံးစားမှုတွေကို တားဆီးဖို့ ပြုပြင်ဖို့ အချိန်မမှီတော့ပါဘူး။ အရေးယူမှု ထုတ်ပယ်တာတို့လောက်ပဲ လုပ်နိုင်ပါတော့မယ်။ အဲဒီတော့ လုပ်ငန်းရည်မှန်းချက်ကိုလည်း လွဲဖယ်စေ၊ ငွေကြေးအရင်းအမြစ်နဲ့ လူအင်အားအရင်းအမြစ်တွေကိုလည်း အလဟဿ ဆုံးရှုံးစေပါ တယ်။

မလိုလားအပ်တဲ့ ဆုံးရှုံးပြုန်းတည်းမှုတွေကို ကာကွယ်နိုင်ဖို့ အချိန်လွန်မှ စာရင်းစစ်ဆေးမယ့်အစား လုပ်ဆောင်ချက်တွေနဲ့ တပြိုင်တည်း စဉ်ဆက်မပြတ် စောင့်ကြပ်စစ်ဆေးမှု ( Monitoring ) နှင့် ကြီးကြပ်ကွပ်ကဲမှု ( Controlling )တို့ လုပ်ဖို့လိုအပ်ပါတယ်။

ထင်သာမြင်သာတဲ့ ဥပမာတွေ ပေးလိုပါတယ်။ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီတွေ၊ ပုဂ္ဂလိကတွေ လုပ်ဆောင်ရမည့် တာဝန်တွေ၊ ပေးဆောင်ရမည့် ငွေတွေ၊ အခွန်အခတွေ၊ ခိုင်ကြေး( Royalty ) တွေ ကာလအလိုက်ပေးသွင်းဖို့ သတ်မှတ်ထားတာတွေရှိပါတယ်။ အဲဒီလိုပေးဆောင်ရမယ့် အရာတွေကို သက်ဆိုင်ရာဌာနက တာဝန်မယူဘဲ စာရင်းစစ်အစီရင်ခံစာက ထောက်ပြမှ ပေါ်လာတာမျိုးဆိုရင် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ တာဝန်မကျေပွန်မှု၊ ကြီးကြပ်ကွပ်ကဲမှု အားနည်းတာတွေကို ဖော်ပြနေတာဖြစ်ပါတယ်။

အများပြည်သူနဲ့ သက်ဆိုင်သည့် စီမံကိန်းများတွင်လည်း အစိုးရဌာနဆိုင်ရာများသည် လုပ်ဆောင်ချက်များကိုသာ ဖော်ပြနေကြပါသည်။ လုပ်ဆောင်ချက်များသည် အမှန်တကယ် အကောင်အထည် ဖော်မှု ရှိမရှိ၊ အကျိုးရလာဒ် ရှိမရှိ စစ်ဆေးဖော်ပြရမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် တောင်သူလယ်သမားတွေကို တစ်ဧကသတ်မှတ်နှုန်းဖြင့် စိုက်ပျိုးစရိတ်တွေ ထုတ်ချေးတာမျိုး၊ မူလတန်းကျောင်းသားကျောင်းသူများကို ကျောင်းသုံးစာအုပ်များ အခမဲ့ ထုတ်ပေးတာမျိုး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် ဆင်းရဲသားများအား ငွေကြေးအရင်းအနှီး ထုတ်ချေးတာမျိုးစသည့် လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။ ဒီနေရာတွေမှာအလွဲအချော်တွေ ဖြစ်နေတယ်လို့ ပြောခြင်းမဟုတ်ပါ၊ ထင်သာမြင်သာ ဖြစ်စေရန် ဖော်ပြခြင်းဖြစ်ပါတယ်။

အစိုးရ၏ လုပ်ဆောင်ချက်က တောင်သူလယ်သမားများကို စိုက်စရိတ်ထုတ်ချေးခြင်း ဖြစ်ပါတယ်။ အစိုးရလက်ထဲက စိုက်စရိတ်တွေ ထုတ်သုံးလိုက်ခြင်းဖြင့် မပြည့်စုံသေးပါ၊ တောင်သူလယ်သမားများ စိုက်စရိတ်လက်ခံရရှိပြီးမှသာ ရည်ရွယ်ချက်အောင်မြင်မှာ ဖြစ်ပါတယ်။ ပေးသည့်ပမာဏအတိုင်း လက်ခံသူရရှိပါသလား၊ ကြားထဲတွင် ကော်မရှင်၊ ပွဲခ၊ လာဘ်ပေးလာဘ်ယူ၊ အပြင်စီးပွားရေးသမားများ နှင့် ပူးပေါင်းလျက် လယ်သမားများ မဝယ်လိုသောပစ္စည်းများ ဇွတ်အတင်းမယူမနေရ ရောင်းချသလား၊ ဧည့်ခံစရိတ်ဟု အမည်တပ်လျက် ဖြတ်တောက်ခြင်းများရှိသလား၊ အမည်လိမ် လယ်သမားမဟုတ်သူများဖြင့် အစားထိုး လိမ်လည်ထုတ်ယူ အလွဲသုံးစားမှုများရှိသလားစသဖြင့် မသမာမှုများရှိမရှိ စဉ်ဆက်မပြတ် စောင့်ကြပ် ကွပ်ကဲရမှာဖြစ်ပါတယ်။ အစိုးရမှ တောင်သူ လယ်သမားများအား ကျပ်သန်းပေါင်းမည်မျှ ထုတ်ချေးမည်ဆိုသည့် သတင်းထုတ်ပြန်ချက်အစား တောင်သူလယ်သများများ နိုင်ငံတော် အစိုးရထံမှ စိုက်စရိတ်ချေးငွေ ကျပ်သန်းပေါင်း မည်မျှ လက်ခံရရှိသည်ဟု ရဲရဲဝံ့ဝံ့ဖော်ပြနိုင်သည်အထိ နိုင်ငံတော်အစိုးရတွင် တာဝန်ရှိပါသည်။

မူလတန်းကျောင်းများအား မသင်မနေရ မူလတန်းပညာရေးစနစ် အကောင်အထည်ဖော်ရန်၊ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ဖြစ်သည့် လူတိုင်းမူလတန်းပညာရေး အောင်မြင်စေရန် ရည်ရွယ်လျက် မူလတန်းကျောင်းသားကျောင်းသူများအား နိုင်ငံတော်မှ ကျောင်းသုံးဖတ်စာအုပ်များ လေ့ကျင့်ခန်းစာအုပ်များ အခမဲ့ပေးသည်ဟူသည့် လုပ်ဆောင်ချက် အစီရင်ခံစာအစား မူလတန်း ကျောင်းသားကျောင်းသူများ ကျောင်းသုံးဖတ်စာအုပ်များ အခမဲ့လက်ခံရရှိသည်ဟု အကျိုးရလာဒ်ကို ရဲရဲဝံ့ဝံ့ဖော်ပြနိုင်သည်အထိ တာဝန်ယူရမည် ဖြစ်ပေသည်။ ဗဟိုစုရပ်တွင် သွားရောက်ထုတ်ယူရသဖြင့် ခရီးစရိတ် သယ်ယူစရိတ် အချိုးကျ ထည့်ဝင်ရခြင်း၊  စာရင်းနှင့် အမှန် အင်အားစာရင်းကွာဟသဖြင့် အချိုးကျလျှော့၍ လက်ခံရရှိခြင်း၊ အရည်အသွေးကောင်းပစ္စည်းများအား အရည်အသွေးညံ့ပစ္စည်းများ ဖြင့် အစားထိုးခြင်းစသည့် အလွဲသုံးစားမှုနှင့် စီမံခန့်ခွဲမှု အားနည်းမှုများရှိမရှိ စဉ်ဆက်မပြတ် စောင့်ကြည်ပြီး မကောင်းသော အပြုအမူများအားနည်းချက်များ မဖြစ်ပေါ်စေရန် အချိန်နှင့် တပြေညီစောင့်ကြည့် ကွပ်ကဲမှုများ လိုအပ်ပါတယ်။

ထို့အတူအသေးစားချေးငွေများထုတ်ချေးရာတွင် ပွဲခကော်မရှင်များပေးရခြင်း၊ ဧည့်ခံစရိတ်များ ကျခံရခြင်း၊ မလိုအပ်သော ပစ္စည်းများဝယ်ယူရခြင်း၊ အဖွဲ့ငယ်များ ဖွဲ့ရာတွင် မရှိသောသူများ ထည့်သွင်း၍ လိမ်လည်ထုတ်ယူခြင်းစသည့် မသမာမှုများမရှိအောင် အဆင့်ဆင့် ကွပ်ကဲရမှာ ဖြစ်ပါတယ်။
ပေးကားပေး၏ မရ မဖြစ်စေရန် ၊ နိုင်ငံတော် ဘဏ္ဍာမှ ထွက်သွားသမျှ အလေအလွင့်မရှိစေဘဲ အကျိုးခံခွင့် ရရှိသူထံ အပြည့်အဝရောက်သွားသည်အထိ တာဝန်ယူရမည်ဖြစ်ပေသည်။ လုပ်ဆောင်ချက်ဖြင့် တင်းတိမ်မနေဘဲ အကျိုးရလာဒ်ဖြစ်သည်အထိ တာဝန်ယူဆောင်ရွက်ခြင်းသည် သာကောင်းမွန်သော အုပ်ချုပ်မှု စနစ်၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်လာစေမည် ဖြစ်ပါသည်။


လုပ်ဆောင်ချက် တင်ပြရုံမျှမဟုတ်ဘဲ အကျိုးရလာဒ်ကို အစီရင်ခံတင်ပြသော အစိုးရဌာနများ အဖြစ် ပြောင်းလဲအကောင်အထည်ဖော်ကြရန် တိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment