Thursday, May 2, 2013

ပို ဆိုးမသွားအောင် ငါ ဘာလုပ်ပေးနိုင်လဲ



ပိုဆိုး မသွားအောင် ငါ ဘာလုပ်ပေးနိုင်လဲ

ညွန့်အောင် ( မြစ်မခ )

          လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀-ကျော် အင်ဂျင်နီယာဘွဲ့ ရပြီးနောက် လုပ်ငန်းခွင် ထဲ ရောက်ခါစက အတွေ့ အကြုံလေးပါ။ စက်ရုံတည်နေရာက မိုးတွင်းမှာ အင်းရေပြင်ကျယ်ကြိး ဖြစ်သွားတဲ့ ကျေးလက် ဒေသ နဲ့ မြို့နယ်ရုံးများစိုက်ရာ မြို့ငယ်လေးတစ်ခု အကြားမှာ တည်ရှိပါတယ်။ စက်ရုံဆိုတော့ ရုံးကားငယ်တွေ၊ ကုန်တင်ယာဉ်တွေနဲ့ တောနယ်မှာ ပြည်သူတွေ အားကိုးချင်စရာလေးပေါ့။

          တစ်နေ့တော့ အသက် ၇၀- နီး အဖိုးတစ်ယောက် လက်ဝါးပြင်မှာ တစ်မတ်လုံးအရွယ် အရှည် တစ်တောင်လောက် မြှားတန် တန်းလန်းစိုက်ဝင်လျက်ဖြင့် စက်ရုံကို ရောက်လာပါတယ်။ ရောက်လာချိန်က နေမွန်းတည့်ချိန်၊ သံချောင်းရှည်က လက်ဖဝါးပြင် အလည် လက်ခလယ် နဲ့ လက်သူကြွယ် အရိုးကြားမှာ ဖြတ်ပြီး စူးဝင်နေပါတယ်။ တစ်မတ်လုံး သံချောင်း ( အချင်း လေးပိုင်းတစ်ပိုင်းလက်မ ) အရှည် ၁၈-လက်မ ကို ထိပ်မှာ ထုပြီး မြှားဦးချွန် အထစ် နဲ့ နောက်မှာလဲ ထုပြီး အထစ်လုပ်ထားပါတယ်။

          အဖိုးက လောင်းလှေလေး ဖာသာလှော်ပြီး  အင်းထဲမှာသွားရင်း ရေတိမ်တိမ်မှာ ကိုင်းပင်ကိုလက်နဲ့ တွန်းဖယ်ရာမှာ ဗျိုင်းထောင်တဲ့ ကိုင်းထောက်ပြုတ်ကာ လက်မှာ မြှားစိုက်ဝင်လာတာဖြစ်ပါတယ်။ မြှားထိပ်ကို ရေမျက်နှာပြင်မှာ မပေါ့်တပေါ်လေးထားပြီး၊ လေးညှို့နဲ့ မောင်းတင်ထားတာ ငါးကောက်တဲ့ ဗျိုင်းရဲ့ ရင်ဝ အစား အဖိုရဲ့ လက်ဝါးပြင်းကို ထိုးဖောက်လိုက်တာ ဖြစ်ပါတယ်။

         မြှားတန်က လက်ဝါးပြင် အရိုးငယ် နှစ်ချောင်းကြားညှပ်ပြီး စိုက်ဝင်နေတာဆိုတော့ ဆွဲထုတ်လို့မရတော့ ပါဘူး။ ဖောက်ဝင်တုန်းက ဝင်သွားပေမယ့် ထိပ်ကအထစ် နဲ့ နောက်ကအထစ်က ဆွဲထုတ်လို့ မရနိုင် တော့  ပါဘူး။ သံချောင်းကလဲ အရိုးနှစ်ချောင်းကြား ညှပ်နေတာဆိုတော့ နဲနဲလှုပ်ရင် အဖိုးခမြာ အသဲခိုက် အောင် နာကျင်မှုကို ခံစားနေရ၊ သွေးကလဲ အလွန်အကျွံ မဟုတ်ပေမဲ့ ထွက်သင့်သလောက်တော့ ထွက်ထားတော့ အဖိုးရဲ့ အသက်အရွယ်အနေနဲ့တော့ သတိလစ်လုနီး ဖြစ်နေပါပြီ။

         လာရတဲ့ခရီးကလည်း ကုန်းတစ်တန်၊ ရေတစ်တန်။ လှေစီးလိုက်၊ လှည်းစီးလိုက်၊ စောင်ပုခက်နဲ့ ထမ်းလိုက် ၄-နာရီကျော်ကြာနေပါပြီး။ စက်ရုံသာဆိုရ အခြားစက်ရုံကြီးတွေလို ဆေးခန်းတွေ၊ သူနာပြု တွေ မရှိတဲ့နေရာဆိုတော့ ရုံးသုံးကားငယ်တွေ မရှိတော့ အလုပ်လုပ်နေတဲ့ ကုန်တင်ယာဉ်ကို ခေါ်ပြီး ၁၀-မိုင်လောက် အကွာမှာ ရှိတဲ့ ဆေးရုံကို ကိုယ်တိုင် လိုက်ပို့ပေးပါတယ်။

        ဆရာဝန်ကလဲ နံနက်ပိုင်းတာဝန်တွေ ထမ်းဆောင်ပြီးတော့ အိမ်မှာ နားနေတော့ လူနာအဖိုးကို အိုပီဒီမှာ  ဆရာမလေးတွေနဲ့ထားခဲံပြိး လူနာရှင်တွေနဲ့အတူ ဆရာ့ကို လိုက်ခေါ်ပေးပါတယ်။ အကျိုးအကြောင်းပြောပြ တော့ ဆရာက ကျွန်တော့ကို ခင်ဗျား ဘာလုပ်ပေးထားလဲ  လို့ မေးလိုက်ပါတယ်။ ဆရာရယ် ကျွန်တော့ဆီမှာ ဆေးခန်းလဲမရှိ ဆရာမလဲ မရှိ ဆိုတော့ ဆရာ့ ဆီရောက်အောင် ပို့ပေးတာလေ လို့ ကျွဲမြီးတိုတဲ့ လေသံနဲ့ ဖြေလိုက်ပါတယ်။ ဆရာဝန်က  ကျွန်တော့ကို ပြုံးပြလိုက်ပါတယ်။ ဘာမှတော့ မပြောတော့ပါဘူး။

         ပြင်ပလူနာဌာနရောက်တော့ ဆရာက အဖိုးကို ဆေးရုံ အပြင် ဘက် မှာရှိတဲ့ တွင်ခုံ ဝပ်ရှော့ရှိရာ လူနာတွန်းလှည်းနဲ့ သယ်လာ၊ ဝပ်ရှော့  မှာရှိတဲ့ ပြုတ်တူ ( Vise ) နဲ့ သံချောင်းကို မလှုပ်အောင် ညှပ်ပြီး သံဖြတ်လွှနဲ့ ဖြတ်ပါတော့တယ်။ သံချောင်း ပြတ်သွားတော့ ကျန်နေတဲ့ သံချောင်း အပိုင်း ကို အသာအယာ ဆွဲနှုတ်လိုက်ပါတယ်။

          နာကျင်မှု သက်သာသွားတဲ့ အဖိုးကိ့ ပြင်ပလူနာဌာနမှာဘဲ မေးမြန်းစမ်းသပ်ပြီး အရိုးတွေ၊ အကြောတွေ မထိုခိုက်တဲ့အတွက် သန့်စင်ဆေးကြောပြီး ဆေးထည့် ပတ်တီးစီးပေးလိုက်ပါတယ်။ လူမမာတွေက နောက် ဆေးထည့်ရမည့် ရက်တွေအတွက် ရွာအပြန် မလိုက်သေးဘဲ မြို့ပေါ်က ဆွေမျိုးတွေ အိမ်မှာဘဲ တည်းခို နေထိုင်မယ် ဆိုပြီး ဆေးရုံမှ ပြန်သွားကြပါတယ်။

          ခင်ဗျား ဘာလုပ်ပေးထားလဲ အမေးခံရတဲ့ ကျွန်တော် မကျေနပ်တာနဲ့ ဆရာနဲ့ စကားဆက်ပြောဖြစ် ပါတယ်။

“ ဆရာ ကလူနာကို ဆရာဝန်လိုလည်းမကုဘဲ၊ ဘာလို့ တွင်ခုံခေါ် သွားရတာလဲ”   
ဟု ပြသနာရှာလိုက်ပါတယ်။

 “ အော် အော် အင်ဂျင်နီယာလေးက ဘာလုပ်ပေးထားလဲ မေးလို့ စိတ်တိုနေပါလား၊ လက်ဝါးမှာ     သံချောင်းစိုက်နေတာ လက်ဝါးဖြတ်ရမှာလား၊ သံချောင်းဖြတ်ရမှာလား            

  ဆရာကလဲ၊ သံချောင်း ဖြတ်ရမှာပေါ့ ”       

 “ အေးလေ၊ ဒါကြောင့် သံချောင်း ဖြတ်နီင်တဲ့ တွင်ခုံ သွားတာပေါ့။ ခင်ဗျား စက်ရုံ မှာလည်း ပြုတ်တူ နဲ့ သံဖြတ် လွှ ရှိတာဘဲ။ ခင်ဗျား စက်ရုံမှာ သံချောင်းကို ဖြတ်ပေးပြိးမှ ဆေးရုံခေါ်လာရင် လူနာ ခပ်စောစော နာကျင်တာ သက်သာမှာပေါ့ ”

“ မသိဘူးလေဆရာရယ်၊ လူနာဆိုရင် ဆေးရုံ နဲ့ ဆရာဝန် အလုပ်လို ထငိတာကိုး ”  

 “ အေးလေး၊ ခင်ဗျားက လူနာသည် ဆရာဝန် နှင့် သာ ဆိုင်ပါသည် လို့ အသေမှတ်ထားတော့ လူနာ အဖိုးကြိး အတော်ခံလိုက်ရတာပေါ့၊ ခင်ဗျားစက်ရုံမှာ၊ ဒါမှ မဟုတ် ရွာမှာ ကတည်းက သံဖြတ်လွှနဲ့ သံချောင်းကို ဖြတ်ပြီးမှ ဆေးရုံကို ခေါ်လာရင်း လူနာအဖိုးအို ဒီလောက် မနာတော့ဘူးလေ ”

           ကျွန်တော့ ကို ထိုလူနာ အဖိုး နှင့် ဆရာဝန်မှ ဘာဘဲ ဖြစ်ဖြစ် ကောင်းအောင် ကိုယ်ဘာလုပ်ပေးနိုင် သလဲ ဆိုတာ စဉ်းစားဆောင်ရွက်ဖို့ သင်ခန်းစာပေးခဲ့ပါတယ်။

           အဖြစ်အပျက် တစ်ခုခု နဲ့ ကြုံလာရင် ကျွန်တော်တို့ ဘာလုပ်သလဲ။

မီးစပြိး လောင်တာတွေ့ရင် မီးသတ်ကို ဖုန်းဆက်လိုက်၊  ပြီးတော့ မီးသတ်က အရောက်နောက်ကျတာကိုး လို့ အပြစ်တင်လိုက်။

မသမာသူတွေ လူကောင်းကို အနိုင်ကျင့် နေရင် ရဲကိုဖုန်းဆက်လိုက်၊ ရဲ အချိန်မီ မရောက်လို့ အသတ်ခံရတာ၊ လို့ အပြစ်တင်လိုက်။

မိန်းခလေးငယ်တစ်ယောက် အနိုင်ကျင့် ခံရရင် ဝိုင်းကြည့်နေလိုက်၊ ပြီးမှ အခုခေတ်လူတွေက ကိုယ်ကျင့်တရား မကောင်းတော့ဘူး၊ မိန်းခလေးကိုယ်က မလုံ့တလုံ ဝတ်ထားတာကိုး လို့ အပြစ်တင်လိုက်။

ရွှေရောင်းရင်း ပြသနာတက်ရင် မီစတစ်ဖက်၊ ရေမှုတ် တစ်ခွက် ကိုင်ရင်း ကြည့်နေလိုက်၊ လူတွေသေ၊ မီးတွေ လောင်မှ၊ အစိုးရ အပြစ်တင်လိုက်၊ ရဲ အပြစ်တင်လိုက်၊ သူများအပြစ်တင်လိုက်။

ကိုရင်လေး နဲ့ မိန်းခလေးတစ်ယောက် မတော်တဆတိုက်မိလို့ သပိတ်အဖုံးကွဲသွားရင် အသာရပ်ကြည့် နေလိုက်။ ထုံစံ အတိုင်းကိုယ်ကလွဲရင် ကျန်သူအားလုံး အပြစ်တင်လိုက်။

သူများလောင်တာ ငါ့အိမ်နဲ့ အဝေးကြီးဘဲ အနေသာကြီးလို့ မထင်ပါနဲ့၊

ပြသနာ သေးသေးလေး တွေ့ရင်၊ မီးစသေးသေးလေးတွေ့ရင် တွေ့တွေ့ချင်း ငြိမ်းလိုက်ပါ။

မီးအားများရင် လေပွေဝေ့လာရင် သစ်ရွက်ခြောက်၊ကိုင်းပင် ခြုံဖုတ်သာမက အပင်ကြီးတွေ၊ သစ်ပင်စိမ်းစိမ်း စိုစိုတွေ၊ ကျောက်တုံးကျောက်ဆောင်တွေတောင် မီးကျွမ်းတတ်ပါတယ်။   

မီးပင်လယ်အလည်ခေါင်မှာ မီးတောက်တွေ ပတ်ခြာလည်းအဝိုင်းခံရမှ နောင်တမရမိပါစေနှင့်။

ပို ဆိုးမသွားအောင် ငါ ဘာလုပ်ပေးနိုင်သလဲ



No comments:

Post a Comment