Thursday, May 2, 2013

ငလျင်ကို ဘယ်လို ရင်ဆိုင်မလဲ အပိုင်း-၅


ငလျင်ကို ဘယ်လို ရင်ဆိုင်မလဲ
အပိုင်း-၅
သဘာဝဘေး ကြောင့် အန္တရာယ် ဖြစ်နိုင်မှု အလားအလာ လျှော့ချခြင်း
ညွန့်အောင် ( မြစ်မခ )
        
        ၂၀၁၂ ခုနှစ် ဒီဇင်ဘာအတွင်း မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း အတွင်း ငလျင်လှုပ်ခဲ့တာကို အခြေခံပြီး ငလျင်ဆောင်းပါးတွေ ရေးလာတာ အပိုင်း-၅ ရောက်လာပါပြီ။ ပညာရပ်ဆိုင်ရာ စကားလုံးတွေ သုံးတာများလျင် စာဖတ်သူတွေအတွက် လေးသွားနိုင်သလို အများနားလည်မည့်စကားလုံးတွေကိုဘဲ သုံးနေလျင် ပညာရပ်ဆိုင် ရာ အသုံးအနှုန်းတွေ အဓိပ္ပါယ်တွေ လွဲချော်သွားမှာလည်း စိုးရိမ်ရပါတယ်။
       
         အရင်ဆောင်းပါးများတွင် ငလျင်၏အခြေခံ အကြောင်းအရာများ၊ အတိတ်ကာလမှ အပြည်ပြည်ဆိုင်ရာ ငလျင်အတွေ့အကြုံများ၊ အင်အားပြင်းထန်သော၊ လူအသေမပျောက်များသော၊ ဆုံးရှုံးပျက်စီးမှုများသော ငလျင်များကို လေ့လာရင်း ကြိုတင်ပြင်ဆင်မှုအားကောင်းသဖြင့်  လူသေ ပျက်စီးဆုံးရှုံးမှု သက်သာမှုကို လည်း ကောင်း၊ ကြိုတင်ပြင်ဆင်မှုအားနည်းသဖြင့် လူများသေဆုံးမှု ပျက်စိးဆုံးရှုံးမှု များပြားခြင်းကိုလည်ကောင်း တွေ့ ရှိခဲ့ ရပါတယ်။ လူ့သမိုင်းတစ်လျှောက်တွင် လူများသည် ဘေးအန္တရာယ်များ၊ သဘာဝဘေးများ၊ ကပ်ဘေးများ အသီးသီးကို ရင်ဆိုင်ရင်း ကျော်လွှားခဲ့ကာ ပြောင်းလဲတိုးတက်လာခြင်း ဖြစ်ပါတယ်။

ဘေးအန္တရာယ်များ (  Hazards )

         လူသားများ၊ ပစ္စည်း ဥစ္စာများ၊ လူသားများ၏ လှုပ်ရှားဆောင်ရွက်မှုများ နှင့် ပတ်ဝန်းကျင်အား ပျက်စီးစေ ရန် သို့မဟုတ် အနှောက်အယှက်ဖြစ်စေရန် အလားအလာရှိသော ထူးကဲသော ဖြစ်ရပ်များ အခြေအနေများ အား ဘေးအန္တရာယ်ဟုခေါ်ပါသည်။

         လူ အသက်ဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရစေခြင်း နှင့် အခြားကျန်းမာရေး ထိခိုက်မှုများ၊ ပစ္စည်း ဥစ္စာ ပျက်စီး ဆုံးရှုံးမှုများ၊ လူနေမှုဘဝ နှင့် သက်ဆိုင်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ နှင့် ဝန်ဆောင်မှု လုပ်ငန်းများ ပျက်စီးဆုံးရှုံးခြင်း၊ လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာ ပျက်စီး နှောင့်နှေးမှုများ နှင့် သဘာဝ ပတ်ဝန်း ကျင် ပျက်စီးမှုများ ကို ဖြစ်ပေါ်စေသော အန္တရာယ်ပေးနိုင်သော ထူးကဲသည့် ဖြစ်ရပ်များ၊ အရာဝတ္ထုများ၊ လူလုပ်သည့် လုပ်ဆောင်ချက်များ သို့မဟုတ် အခြေအနေများကို ဘေးအန္တရာယ်များဟု သတ်မှတ်ပါသည်။

သဘာဝ( ကပ် ) ဘေး ( Disaster )

         သဘာဝအလျောက်ဖြစ်သော ဘေးအန္တရာယ်များသည် သဘာဝဘေး ( disasters ) အလိုအလျောက် ဖြစ်မသွားနိုင်ပါ။ ထိတွေ့ထိုခိုက်သော လူဦးရေ ပမာဏ၊ တုံ့ပြန်ဆောင်ရွက်ရန် ကြိုတင် ပြင်ဆင်မထားခြင်း၊ နိုင်နိုင်နင်းနင်း ကိုင်တွယ်မဖြေရှင်းနိုင်ခြင်း နှင့် ထိုအကျိုးဆက်များကြောင့် ဆိုးဆိုးဝါးဝါး ထိုခိုက်ပျက်စီးမှုများ ဖြစ်ပေါ်သောအခါမှသာ သဘာဝ(ကပ်)ဘေးအဖြစ် သတ်မှတ်လေ့ရှိပါသည်။

သဘာဝဘေးကြောင့် အန္တရာယ်ဖြစ်ပွားမှု အခြေအနေ လျှော့ချရေး ( Disaster Risk Reduction )

သဘာဝဘေးကြောင့် အန္တရာယ်ဖြစ်ပွားမှု အခြေအနေ လျှော့ချရေး ဆိုသည်မှာ -
·        ကျယ်ပြန့်သော ရေခံမြေခံ နှင့် ကိုက်ညီသော စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ကို ဦးတည်သော
·         သဘာဝ ဘေးအန္တရာယ် ၏ ဆိုးဝါး ပြင်းထန်သော ထိခိုက်ပျက်စီးမှုများ ကို လျော့နည်းသက်သာ စေခြင်း နှင့် အရန်သင့် ပြင်ဆင်ထားခြင်း အားဖြင့် ကန့်သတ်နိုင်ရန် သို့မဟုတ်
·         ကြိုတင်ကာကွယ်ခြင်းအားဖြင့် ရှောင်ရှားနိုင်ရန်
·        ပြည်သူလူထု၊ အစိုးရ အဖွဲ့ အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု မှ တဆင့်
·        ဘေးအန္တရာယ် ကျရောက်လွယ်နိုင်သည့် ပျော့ကွက်များ၊ အားနည်းချက်များ နှင့် ဘေးအန္တရာယ် ကျရောက်နိုင်သည့် အခြေအနေများကို လျော့နည်းစေနိုင်မည့်
ဖြစ်နိုင်စွမ်းများကို ထည့်သွင်းချမှတ်ထားသည့် မူဝါဒပိုင်းဆိုင်ရာ အခြေခံထားသော မူဘောင်အချက်
အလက်များ ပါဝင်သည့် အစီအစဉ်ဖြစ်ပါသည်။

သဘာဝဘေးကြောင့် အန္တရာယ်ဖြစ်ပွားမှု အခြေအနေ လျှော့ချရေး အစီအစဉ် ရေးဆွဲရာတွင် ထည့်သွင်း စဉ်းစား ရမည့် အကြောင်းအရာများ

ခုခံနိုင်စွမ်းအားနည်းသဖြင့် ထိခိုက်လွယ်မှု ( Vulnerability )
       လူမှုအသိုင်းအဝိုင်း( တိုင်းပြည်၊မြို့ရွာ ဒေသ )၊ လှုပ်ရှားဆောင်ရွက် ဖွဲ့စည်းမှု တစ်ရပ် ( သွင်းအားစုများ သုံး၍ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများပေးနိုင်သောအဖွဲ့အစည်း၊နေရာ၊ အဆောက်အဦ စသည် ) နှင့် တန်ဖိုးရှိ ရုပ်ဝတ္ထုပစ္စည်းများ( အိမ်၊စက်ရုံ၊ ကျောင်း၊ ဈေး၊ လမ်း၊တံတား၊ ဆေးရုံ စသည် ) တို့၏ ပင်ကိုယ် အရည်အသွေး နှင့် ဆက်စပ်အခြေအနေအရပ်ရပ်တို့၏ ဘေးအန္တရာယ် ပေါ်ပေါက်လာသောအခါ၊ အနှောက် အယှက် အဟန့်အတားပေါ်ပေါက် ရင်ဆိုင်ရသော အခြေအနေများတွင် ထိခိုက်ပျက်စီးလွယ်မှု အခြေအနေ ကိုဆိုလိုပါသည်။

         ထိုခိုက်လွယ်မှုတွင် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စိးပွားရေးဆိုင်ရာ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများစွာ ပါဝင်ပတ်သက်ပါသည်။ ဥပမာအားဖြင့် အခြေခံ ပုံစံ နှင့် တည်ဆောက်မှု အရည် အသွေး ညံ့ဖျင်းသော အဆောက်အဦးများ၊ အဖိုးတန်ပစ္စည်းများအား လုံလောက်သော ကာကွယ် စောင့်ရှောက် မှု အားနည်းခြင်း၊ အသိပညာပေးမှု နှင့် အများပြည်သူဆိုင်ရာ သတင်းထုတ်ပြန်မှု စနစ်အားနည်းခြင်း သို့မဟုတ် လုံးဝမရှခြင်း၊ အန္တရာယ် ဖြစ်ပွားနိုင်မှု အလားအလာ နှင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ရန်လိုအပ်ချက်များအား အုပ်ချုပ်သူ များက အလေးအနက်မထားခြင်း နှင့် သဘာဝပတ်ဝန်းကျင်အား စနစ်တကျ အရှည်မျှော်ကိုး၍ စီမံခန့်ခွဲရန် အလေးမထားခြင်း စသည်တို့ပါဝင်ပါသည်။

         ထိခိုက်လွယ်မှုအခြေအနေသည် လူမှုအသိုင်းအဝိုင်းအလိုက်၊ အချိန်အလိုက် ပြောင်းလဲလေ့ရှိပါသည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ ထိခိုက်လွယ်မှု အခြေအနေသည် သဘာဝအရ အန္တရာယ်နှင့် ထိတွေ့ဆက်စပ်နေမှု နှင့် မသက်ဆိုင်ဘဲ စိတ်ဝင်စားမှု အခြေအနေနှင့်သာ သက်ဆိုင်ပါသည်။ သို့သော်လည်း အများအားဖြင့် ထိခိုက် လွယ်မှုကို သဘာဝအနေအထားကို ထည့်သွင်းစဉ်းစား ဖော်ပြလေ့ရှိပါသည်။ ဥပမာအားဖြင့် အချို့ဒေသများတွင် ငလျင်လှုပ်ခြင်း၊ လေမုန်တိုင်းကျရောက်ခြင်း မကြာခန ပြင်းပြင်းထန်ထန် ဖြစ်ပွားလေ့ရှိသော်လည်း ကြိုတင်ပြင်ဆင်မှု အားကောင်းပါက ထိခိုက် သေကြေ ပျက်စီးမှု နည်းပါးပါသည်။ တစ်ချို့ နိုင်ငံများတွင် ပြင်းထန်သော လေမုန်တိုင်းကျရောက်သောအခါ အဦးဆုံး အကြိမ်များတွင် သေကြေ ပျက်စီးမှုများသော်လည်း ထပ်ခါထပ်ခါ ကြုံတွေ့လာရသောအခါ ကြိုတင်ပြင်ဆင်မှု အားကောင်းလာသဖြင့် အင်အားပြင်းထန်စေကာမူ သေကြေပျက်စီးမှု နည်းပါးသွားပါသည်။

ဆောင်ရွက်နိုင်စွမ်း ( Capacity )

         ဆောင်ရွက်နိုင်စွမ်း ဆိုသည်မှာ အားလုံသဘောတူလက်ခံထားသော ရည်မှန်းချက်များ ပေါက်မြောက် ရေးအတွက် လူမှုအသိုင်းအဝိုင်း၊ လူမှု အဖွဲ့အစည်း နှင့် လုပ်ငန်းအဖွဲ့အစည်းများအတွင်းရှိ ရနိုင်သမျှသော အင်အားများ၊ ပင်ကိုယ်အရည်အချင်းများ နှင့် အရင်းအမြစ်များ အားလုံ စုပေါင်းထားခြင်းဖြစ်ပါသည်။

             ဆောင်ရွက်နိုင်စွမ်းတွင် အခြေခံ အဆောင်အဦများ၊ ရုပ်ဝတ္ထု ပစ္စည်းများ၊ ရည်မှန်းချက်တစ်ရပ်ကို အခြေပြု တည်ထောင် ထားသော အဖွဲ့အစည်းများ။ လူမှု အသိုင်းအဝိုင်းတစ်ရပ်၏ လိုက်လျောညီထွေ ပြောင်းလွဲဆောင်ရွက်နိုင်စွမ်း၊ လူမှုရေးဆိုင်ရာ ပေါင်းသင်းဆက်ဆံရေး( လူမျိးစုခြား ဘာသာခြားများအတွင်း ဆက်ဆံရေး)၊ ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှုများ အပါအဝင် ပြည်သူလူထု၏ အသိညာဏ် ဗဟုသုတ နှင့် ကျွမ်းကျင်မှုများ အားလုံးပါဝင်ပါသည်။

         ဆောင်ရွက်နိုင်စွမ်း အကဲဖြတ်ခြင်းဆိုသည်မှာ အုပ်စုတစ်ခု၏ သတ်မှတ်ထားသော ရည်မှန်းချက် တစ်ရပ် နှင့် ပတ်သက်၍ ပြန်လည်ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကို ဆိုလိုပါသည်။ ဆောင်ရွက်နိုင်စွမ်း ကွာဟချက်များကို ဖော်ထုတ်၍ လိုအပ်ချက်များကို ဖြည့်ဆည်းရပါသည်။


အန္တရာယ်ကျရောက်နိုင်မှု အလားအလာ၊ အန္တရာယ် ဖြစ်နိုင်ချေ ( Risk )

            ဖြစ်ရပ်တစ်ခု နှင့် ထိုဖြစ်ရပ်၏ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည် အလားအလာများကို ပေါင်း၍ အန္တရာယ်ကျရောက်နိုင်မှု အလားအလားဟု ခေါ်ဆိုပါသည်။ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်နိုင်သော အလား အလာ နှင့် ထိုဖြစ်ရပ်ကြောင့် ကြုံတွေ့လာနိုင်သည် ဆုံးရှုံးမှုများ ပါဝင်ပါသည်။ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ပြီးနောက် နောက်ဆက်တွဲ ဆိုးကျိုးများသည် နေရာ၊ အချိန်ကာလ နှင့် အခြေအနေ အရပ်ရပ်အပေါ် မူတည်လျက် ဖြစ်ပေါ် နိုင်ပါသည်။

ဘေးအန္တရာယ်အား ခံစား၊ တွန်းလှန်၊လွန်မြောက်နိုင်စွမ်း ( Resilience )

         လူမှုအသိုင်းအဝိုင်း၊ လူမှု အဖွဲ့အစည်း နှင့် လုပ်ငန်းအဖွဲ့အစည်းတစ်ရပ်၏ ဘေးအန္တရာယ်နှင့် ကြုံကြိုက် ရသောအခါ တွန်းလှန်၊ ခံစား၊ လွန်မြောက်နိုင်ပြီး ထိုအန္တရာယ်ကြောင့် ဖြစ်ပေါ်သော ပျက်စီး ဆုံးရှုံးမှုများ သင့်တော်သော အချိန်ကာလအတွင်း အရည်အချင်းပြည့်မီစွာဖြင့် ပြန်လည်ထူထောင် နိုင်သည့် စွမ်းအား အရည် အချင်းကို ခေါ်ပါသည်။ လိုအပ်သော အရင်းအမြစ်များရှိပြီး အရေးပေါ်ကာလ မတိုင်မီ နှင့် အရေးပေါ် အခြေအနေအတွင်း စုစည်းစီမံဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။

နိုင်နိုင်နင်းနင်း စီမံ ဆောင်ရွက် နိုင်စွမ်းရှိခြင်း ( Coping Capacity )

         ပြည်သူလူထု၊ အဖွဲ့အစည်းများ နှင့် လှုပ်ရှားဆောင်ရွက်သည့် စနစ်များသည် ရရှိနိုင်သည့် အရင်းအမြစ် များ နှင့် ကျွမ်းကျင်မှုများကို အသုံးချလျက် ဆိုဝါးပြင်းထန်သော အခြေအနေများ၊ အရေးပေါ် အခြေအနေများ နှင် သဘာဝ ကပ်ဘေးများအတွင်း ရင်ဆိုင် ဖြေရှင်း စီမံခန့်ခွဲနိုင်စွမ်းရှိခြင်းဖြစ်ပါသည်။ ပုံမှန်အခြေအနေများ နှင့် ဆိုးဝါးပြင်းထန်သော အခြေအနေများအတွင်း စဉ်ဆက်မပြတ် အသိပညာပေးမှု၊ အရင်းအမြစ်များ နှင့် ကောင်းမွန်သော စီမံခန့်မွမှု ရှိရန်လိုအပ်ပါသည်။ နိုင်နိုင်နင်းနင်း စီမံဆောင်ရွက်နိုင်စွမ်းအားဖြင့် သဘာဝကပ် ဘေး  အန္တရာယ်ကျရောက်နိုင်မှု အလားအလာကို လျှော့ချနိုင်ပါသည်။

ရေရှည်တည်တန့် ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု ( Sustainable Development )

         နောင်အနာဂတ် မျိုးဆက်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စွမ်းအား မထိခိုက်စေဘဲ လက်ရှိကာလ    ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ဖွံ့ဖြိုးမှု ကို ရေရှည်တည်တန့်ခိုင်မြဲသော ဖွံ့ဖြိုးမှု ဟု ခေါ်ပါ သည်။

သဘာဝဘေး စီမံခန့်ခွဲမှု စနစ် ( Disaster Management System )

         သဘာဝ ဘေးတစ်ခုခု ဖြစ်ပေါ်သောအခါတွင် ပျက်စီးဆုံးရှုံးမှုများ 
နည်ပါးစေရန်အတွက် ကောင်းမွန် သော သဘာဝဘေး စိမံခန့်ခွဲမှု စနစ် တစ်ရပ်ရေးဆွဲထားရန်လိုအပ်ပါသည်။ စနစ်တကျ ပြင်ဆင်ထားမှသာ ဘေးအန္တရာယ် ကျရောက်သောအခါ စနစ်တကျ ရင်ဆိုင်ကာ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည် ဆယ်တင် နိုင်မည်ဖြစ်ပါသည်။ ပြန်လည်ဆယ်တင်ရေး ဆိုင်ရာ စီမံခန့်ခွဲမှု၏ အဓိက ရည်ရွယ်ချက်မှာ လူမှုအသိုင်း အဝိုင်း၊ ပြည်သူလူထု၊ အဆောက်အဦးများ၊အရေးကြီးသော အထောက်အပံ့ ပစ္စည်းများ ( ရေ၊ လျှပ်စစ်စသည် )၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ် နှင့် သဘာဝပတ်ဝန်းကျင် စသည်တို့ နှင့်ပတ်သက်၍ ဘေးအန္တရာယ်အား တွန်းလှန်၊ ခံစား၊ ကျော်လွန်နိုင်စွမ်း တည်ဆောက်ရန် သို့မဟုတ် စွမ်းရည် မြှင့်တင်ပေးရန် အခွင့်ကောင်းတစ်ရပ်အနေဖြင့် အသုံးချနိုင်ရန်ဖြစ်ပါသည်။

         ထိရောက်သွက်လက်သော သဘာဝဘေး ကြောင့် အန္တရာယ် ဖြစ်နိုင်မှု အလားအလာ လျှော့ချရေး ဆိုင်ရာ မူဝါဒဘောင်များ ရေးဆွဲချမှတ်ရာတွင်အဓိက တာဝန်ယူထားသော အဖွဲ့အစည်းများမှ အဓိကလှုပ်ရှား သူများ နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် နှင့် မိမိတို့ နှင့် သက်ဆိုင် သောကဏ္ဍ နှင့် တာဝန် ဝတ္တရားများကို အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ မိတ်ဖက်အဖွဲ့အစည်းများ ဆိုရာ တွင် ဗဟိုအစိုးရအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့၊ ခရိုင် နှင့် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ဌာနဆိုင်ရာများ အပြင် သက်ဆိုင်ရာ ပြည်သူလူုထုများပါဝင်ကြပါသည်။

          ထိရောက်သော သဘာယ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စနစ်တွင် အောက်ဖော်ပြပါ ကဏ္ဍများ ၅-ရပ် ပါဝင်လေ့ရှိပါသည်။
·        
 အန္တရာယ် ဖြစ်ပေါ်နိုင်မှု အလားအလာများ ခွဲခြားဖော်ထုတ်ခြင်း ( Risk Identification )
·        အရေးပေါ် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခြင်း ( mergency Preparedness )
·        သီးသန့်တာဝန်ယူ အဖွဲ့အစည်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ခြင်း ( Institutional Capacity Building )
·        အန္တရာယ် ဖြစ်ပေါ်နိုင်မှု အလားအလာများ လျော့နည်းသက်သာရေး ( Risk Mitigation )
·       ရုတ်တရက်ဖြစ်ပွားတတ်သော သဘာဝဘေး များအတွက် ဘဏ္ဍာငွေ ချမှတ်သုံးစွဲခြင်း ( Catastrophe Risk Financing )
ဤကဏ္ဍ ၅-ရပ်ပါ အကြောင်းအရာများအား အသေးစိပ် ဆက်လက်ဆွေးနွေးမည်ဖြစ်ပါသည်။


No comments:

Post a Comment