Friday, May 24, 2013

ငလျင်ကို ဘယ်လိုရင်ဆိုင်မှာလဲ အပိုင်း-၆



ငလျင်ကို ဘယ်လို ရင်ဆိုင်မလဲ
အပိုင်း-၆
အန္တရာယ် ဖြစ်ပေါ်နိုင်မှု အလားအလာများ ခွဲခြားဖော်ထုတ်ခြင်း ( Risk Identification )

ညွန့်အောင် ( မြစ်မခ )

         ထိရောက်သော သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စနစ်တွင် အောက်ဖော်ပြပါ ကဏ္ဍများ ၅-ရပ် ပါဝင်လေ့ရှိပါသည်။

·        အန္တရာယ် ဖြစ်ပေါ်နိုင်မှု အလားအလာများ ခွဲခြားဖော်ထုတ်ခြင်း ( Risk Identification )
·        အရေးပေါ် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခြင်း (Emergency Preparedness )
·        သီးသန့်တာဝန်ယူ အဖွဲ့အစည်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ခြင်း ( Institutional Capacity Building )
·        အန္တရာယ် ဖြစ်ပေါ်နိုင်မှု အလားအလာများ လျော့နည်းသက်သာရေး ( Risk Mitigation )
·       ရုတ်တရက်ဖြစ်ပွားတတ်သော သဘာဝဘေး များအတွက် ဘဏ္ဍာငွေ ချမှတ်သုံးစွဲခြင်း ( Catastrophe Risk Financing )
ဤကဏ္ဍ ၅-ရပ်ပါ အကြောင်းအရာများအား အသေးစိပ် ဆက်လက်ဆွေးနွေးမည်ဖြစ်ပါသည်။


အန္တရာယ် ဖြစ်ပေါ်နိုင်မှု အလားအလာများ ခွဲခြားဖော်ထုတ်ခြင်း ( Risk Identification )

          သဘာဝ ဘေးအန္တရာယ်တွေ ကြုံတွေ့ရတဲ့အခါ သေကျေပျက်စီးမှုတွေ လျှော့ချနိုင်ရန်အတွက် အရေး အကြီးဆုံး နဲ့ အရင်ဆုံးလုပ်ရမှာက ဘယ်လို ပြဿနာတွေဖြစ်ပေါ်လနိုင်သလဲဆိုတာ ရှာဖွေ ဖော်ထုတ် နားလည်ထားရန် ဖြစ်ပါတယ်။ ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ် အခြေပြ မြေပုံတွေ ပြင်ဆင်ရေးဆွဲခြင်း၊ နေရာ ဒေသအလိုက် အားနည်းထိခိုက်လွယ်မှု အခြေအနေ၊ ဖြစ်ပေါ်လာသော အခြေအနေများကို ရင်ဆိုင်ဖြေရှင်း နိုင်စွမ်း အား ဆန်းစစ်ခြင်း၊ ရင်ဆိုင်တွေ့ကြုံနိုင်သော အခြေအနေများကို ကြိုတင်ပုံစံထုတ်ထားခြင်း၊ ဖြစ်ပေါ် လာနိုင်သည့် ကပ်ဘေး၏ တိုက်ရိုက်ဆိုးကျိုးများ၊ သွယ်ဝိုက်ဆိုးကျိုးများ နှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ကြိုတင်တွက်ဆ သိနားလည်ထားခြင်တို့ ပါဝင်ပါသည်။

         သဘာဝ အန္တရာယ် မှ ကပ်ဘေးအသွင်ဖြစ်လာနိုင်မည့် အလားအလာများပြားလာစေသည့် အကြောင်း အရာ များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

·        လူဦးရေထူထပ်မှု- ငလျင်လှုပ်တတ်သည့် နေရာဒေသများအတွင်း လူနေထူထပ်သည် နှင့် အမျှ ကြုံတွေ့နိုင်သည့် သေကျေ ပျက်စီးမှုလည်းများလာနိုင်ပါသည်။ ကမ္ဘာပေါ်တွင် လူနေထူထပ် အများပြားဆုံး မဟာမြို့တော်ကြိး ၁၀-ခုအနက် ဂ-မြို့သည် ငလျင်လှုပ်တတ်သည့်  ဖွဲ့ဖြိုးဆဲနိုင်ငံ များတွင်တည်ရှိနေပါသည်။ ကမ္ဘာ့ငလျင်အများစုသည် ပစ္စိဖိတ် သမုဒ္ဒရာအနားသတ်မျဉ်း တစ် လျှောက်တွင် လှုပ်ခဲ့ပြိး ကမ္ဘာ့လူဦးရေ စုစုပေါင်း သုံးပုံ နှစ်ပုံခန့် နေထိုင်ရာ အာရှဒေသအတွင်း ကျရောက်လျက်ရှိပါသည်။

·        အရည်အသွေးညံ့ဖျင်းသော၊ စနစ်တကျ ဆောက်မထားသော အဆောက်အဦးများ- စနစ်တကျ တည် ဆောက်မထားသော အဆောက်အဥိးများ နှင့် စံချိန်စံညွှန်းမမီသော အဆောက်အဦးများသည် ငလျင် လှိုင်းဒဏ်မခံနိုင်ဘဲ လူအများအပေါ်ပြိုကျကာ လူအများအား သေကြေပျက်စီးစေနိုင်ပါသည်။

·        ဆငိးရဲခြင်း- ဆင်းရဲမွဲတေမှုကြောင့် လူအများသည် အန္တရာယ်မကင်းသောနေရာများ၊ အရည်အသွေး ညံ့ဖျင်းသော အဆောက်အဦးများ နှင့် နေရာကျဉ်းများတွင် မနေချင်ဘဲ ပြွတ်သိပ်နေထိုင်ကြရ ပါသည်။ ငလျင်လှုပ်သောအခါများတွင် ဆင်းရဲသားများက ချမ်းသာသူများက ပို၍ ဒုက္ခရောက်ကြရပါ သည်။ ပညာတတ်ခြင်း နှင့် အရည်အသွေးကောင်းသော အဆောက်အဦးများသည် လူအများအ သက်ကိုကယ်ပြိး လျစ်လျူရှုခြင်း နှင့် အကျင့်ပျက်လာဘ်စားခြင်းများသည် လူကအသက်များကို ဆုံးရှုံးစေပါသည်။

ထိခိုက်နစ်နာလွယ်သော နေရာများ နှင့် လူများ

         ငလျင်ဒေသအတွင်းရှိ မြို့ပြဒေသများ၊ အိုမင်းသော အဆောက်အဦးများ တွင် နေထိုင်သူများ၊ ငလျင်ဒေသအတွင်းရှိ စနစ်တကျ တွက်ချက် ပုံစံထုတ်မထားဘဲ ဖြစ်သလို ဆောက်ထာသော အဆောက်အဦး များ နှင့် ထိုနေရာများတွင် နေထိုင်သော သူများသည် ငလျင် လှုပ်သောအခါ အထိခိုက် အနစ်နာခံရဆုံးသော လူများဖြစ်ကြပါသည်။

         ပထမဆုံး လိုအပ်ချက်မှာ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်း နှင့် ထိုပြဿနာ များ၏ သဘောသဘာဝကို သိနားလည်ထားခြင်းဖြစ်ပါသည်။   ဖြစ်ပေါ်လာမည့်   ဘေးအန္တရာယ်များကို နေရာအလိုက် တိတိ ကျကျဖော်ထုတ်ကာ မှတ်တမ်းတင်ထားခြင်း၊ နေရာဒေသအလိုက် လူနေမှု အသိုင်း အဝိုင်းများ၏ အားနည်းချက်များ နှင့် အရည်အသွေး စွမ်းအားများကို လေ့လာဆန်းစစ်ခြင်း၊ အန္တရာယ် ဖြစ်စေနိုင်သည့် အလားအလာများကို ခန့်မှန်းပုံစံထုတ်ထားခြင်း၊ သဘာဝဘေး၏ တိုက်ရိုက် ဆိုးကျိုးများ၊ သွယ်ဝိုက်ဆိုးကျိုးများ နှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို သိရှိနားလည်စေရန် ကြိုတင်လေ့လာထားခြင်း တို့ ပါဝင်ပါသည်။


သဘာဝ ဘေးအန္တရာယ် လျော့နည်းရေးသည် နိုင်ငံတော် အဆင့် နှင့် ဒေသဆိုင်ရာအဆင့် ဦးစားပေးလုပ်ငန်း ဖြစ်ကြောင်း သိရှိနားလည် လက်ခံခြင်း

         တိုင်းပြည် နှင့် ဒေသဆိုင်ရာအဆင့်တွင် သဘာဝ ဘေးအန္တရာယ် လျော့နည်းရေးဆိုင်ရာ မူဝါဒများ၊ ဥပဒေများ နှင့် အထူးတာဝန်သတ်မှတ်ထားသည့် အဖွဲ့အစည်းများအတွက် မူဘောင်များချမှတ်ထာြး့ပီး တိကျ၍ တိုင်းတာ၍ ရနိုင်သော အညွှန်းကိန်းများ ချမှတ်ထားကာ တိုးတက်မှု လမ်းကြောင်းကို တိုင်းထွာစစ်ဆေးနိုင် မှသာ  လူမှုအသိုင်းအဝိုင်းအားလုံးပါဝင်လျက် အများသဘောတူလက်ခံသော သဘာဝ ဘေးအန္တရာယ် လျော့နည်းရေး လုပ်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် အင်အားကြီးကြီးဖြင့် ဆောင်ရွက်နိုင်စွမ်း ရှိလာမည် ဖြစ်ပါသည်။

သဘာဝ ဘေးအန္တရာယ် အလားအလာများကို ဖော်ထုတ်၊ စူးစမ်းလေ့လာ၊ စဉ်ဆက်မပြတ် စောင့်ကြပ် ကြည်ရှု ခြင်းအားဖြင့် ကြိုတင်သတိပေး နိုင်စွမ်းကို မြှင့်တင်ခြင်း

         သဘာဝ ဘေးအန္တရာယ် လျော့နည်းရေးကို စတင်ဆောင်ရွက်ရန် နှင့် သဘာဝ ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ တွန်းလှန်နိုင် သော အစဉ်အလာများအား မြှင့်တင်ပေးရန် အတွက် အောက်ပါ အချက်များလိုအပ် ပါသည်။

·       လူအများတွေ့ကြုံရင်ဆိုင်ရမည့် ဘေးအန္တရာယ်များ

·       ထိုဘေးအန္တရာယ်များ တွေ့ကြုံရသောအခါ ဖြစ်ပေါ်လာမည့် ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ၊ စီပွား ရေးဆိုင်ရာ နှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်နစ်နာမှုများကို သိရှိထားခြင်း

·       ရေတို နှင့် ရေရှည်ကာလအတွင်း ဘေးအန္တရာယ် အလားအလာများ နှင့် ထိခိုက်နစ်နာမှုများ၏ ပြောင်းလဲမှု လမ်းကြောင်းများ

·       ထိုပြောင်းလဲမှုများ နှင့် လိုက်လျောညီထွေဖြစ်မည့် လုပ်ဆောင်ချက်များကို ကြိုတင် ရေးဆွဲထားခြင်း

         သဘာဝ ဘေးအန္တရာယ်များ နောက်တွင် ကပ်ဘေးဒုက္ခများ ဆိုက်ရောက်လာလေ့ရှိပါသည်။ ကပ်ဘေးများ၏ သေကြေဖျက်ဆီးမှု ပမာဏသည် သဘာဝ ဘေး၏ လူမှုအသိုင်းအဝိုင်း နှင့် ပတ်ဝန်းကျင် အပေါ် ရိုက်ခတ်မှု ပြင်းအားတွင် တည်ပါသည်။ ရိုက်ခတ်မှု ဆိုးကျိုး ပမာဏမှာလည်း လူ့အသက်များ နှင့် ပတ်ဝန်းကျင် အတွက် လူသားများ၏ ရွေးချယ်မှု အပေါ် မူတည်ပါသည်။ အဆိုပါ ရေးချယ်မှုများတွင် စားနပ် ရိက္ခာများကို မည်သို့စိုက်ပျိုးသနည်း။ နေထိုင်ရန် အိမ်ရာများကို မည်သည့် နေရာတွင် မည်ကဲ့သို့ ဆောက် လုပ်ထားသနည်း။ အုပ်ချုပ်နေသောအစိုးရ အမျိုးအစား၊ နိုင်ငံတော် ဘဏ္ဍာသုံးစွဲမှု စည်းမျဉ်းစည်းကမ်းများ နှင့် စာသင်ကျောင်းများတွင် မည်သည့် သင်ခန်းစာများကို သင်ကြားပေးသနည်း စသည့် အကြောင်းအရာများစွာ အပေါ် မူတည်ပါသည်။ မိမိတို့ ဆုံးဖြတ်ချက်တိုင်း၊ လုပ်ဆောင်မှုတိုင်းသည် သဘာဝ ကပ်ဘေးများကို ရင်ဆိုင် ရသည့်အခါ ထိခိုက်နစ်နာမှုများ ခံစားရမည်လား၊ သို့မဟုတ် ကြံ့ကြံ့ခိုင် ရင်ဆိုင် ကျော်လွှားနိုင်မည်လား ဟူသော အဖြေကို ပေးမည်ဖြစ်ပေသည်။


သဘာဝ ကပ်ဘေး အန္တရာယ် လျော့နည်းရေးသည် ရွေးချယ်မှုများ အကြောင်းဖြစ်သည်

         သဘာဝ ကပ်ဘေးအန္တရာယ် အလားအလာ လျော့နည်းရေးသည် သဘာဝ ကပ်ဘေး အန္တရာယ်များ၏ အမှတ်မထင်ဖြစ်တတ်သော အကြောင်းချင်းရာများကို ခွဲခြမ်းစိတ်ဖြာလျက် လျော့နည်းသွားစေရန် စနစ်တကျ ကြိုပမ်းအား ထုတ်မှုများ အားဖြင့် အန္တရာယ် ဖြစ်ပွားနိုင်သည့် အလားအလာများကို လျှော့ချပေးနိုင်မည့် မူဝါဒ များ  နှင့် လုပ်ထုံးလုပ်နည်းများ ဖြစ်ပါသည်။ သဘာဝ ဘေးအန္တရာယ် နှင့် ထိပ်တိုက် မရင်ဆိုင်ရစေရန် ဆောင် ရွက်ခြင်း၊ လူများ နှင့်  ပိုင်ဆိုင်မှု ပစ္စည်းများ၏ အားနည်းချက်များကို လျော့နည်း သက်သာစေခြင်း၊ မြေယာ နှင့် ပတ်ဝန်းကျင်ကို ညာဏ်ပညာ နှင့် ယှဉ်လျက် စီမံခန့်ခွဲ အသုံးချခြင်း၊ ဆိုးဝါးပြင်းထန်းသော အဖြစ်အပျက်များ အတွက် ကြိုတင်ပြင်ဆင်မှုများကို အမြဲ တိုးတက်အောင် ဆောင်ရွက်ခြင်း တို့ပါဝင်ပါသည်။

သဘာဝ ကပ်ဘေး အန္တရာယ် လျော့နည်းရေးသည် လူတိုင်း နှင့် သက်ဆိုင်ခြင်း

         သဘာဝ ကပ်ဘေး အန္တရာယ် အလားအလာ လျော့နည်းရေးတွင် သဘာဝ ကပ်ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု နှင့်  အန္တရာယ် သက်သာ လျော့နည်းရေး ၊ ကြိုတင်ပြင်ဆင်ရေး စသည် လုပ်ငန်းများ ပါဝင်သည့် အပြင် ရေရှည်တည်တန့်ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ရပ်လည်းဖြစ်ပါသည်။ ဇွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ရေရှည် တည်တန့်ခိုင်မြဲရန်အတွက် အဆိုပါလုပ်ငန်းများသည် ဘေးအန္တရာယ် အလားအလာများကို လျော့ချနိုင်ရပါမည်။ တနည်းအားဖြင့် ဆိုရလျင် မခိုင်မာသော ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒများ သည် သဘာဝ ဘေးအန္တရာယ် အလားအလာများကို တိုးပွားစေပြီး ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ၊ သေကြေပျက်စီးမှုများကို မြင်မားစေမည် ဖြစ်ပါသည်။

         ဥပမာအားဖြင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များအရ တည်ဆောက်သော စာသင်ကျောင်း၊ လမ်း၊ တံတား၊ ဆေးရုံ စသည်တို့အားမတည်ဆောက်မီကပင် ငလျင်ဘေးဒဏ်ခံနိုင်သော အဆောက်အဦးများ၊ သဘာဝ ဘေး အန္တရာယ် ကျရောက်သောအခါ ( လေမုန်တိုင်း ) ခိုလှုံနိုင်သော အဆောက်အဦးများ အဖြစ် ကြိုတင် တွက်ဆ ပြီး တည်ဆောက်သင့်ပါသည်။

         သို့အတွက်ကြောင့် သဘာဝ ကပ်ဘေး အန္တရာယ် အလားအလာ လျော့နည်းရေး လုပ်ငန်းသည် လူမှု အဖွဲ့အစည်းတိုင်း နှင့် သက်ဆိုင်ပါသည်။ အစိုးရ အဖွဲ့အစည်း ဌာနတိုင်း နှင့် သက်ဆိုင်ပါသည်။ ပညာရှင်တိုင်း ပညာရပ်ဆိုင်ရာ လုပ်ငန်းတိုင်း နှင့် သက်ဆိုင်ပါသည်။ ပုဂ္ဂလိက လုပ်ငန်းတိုင်း နှင့် သက်ဆိုင်ပါသည်။

         ဥပမာအားဖြင့် လူနေတိုက်ခန်းမျာတွင် နောက်ဖက်၍ အရေးပေါ် လှေကားများ တပ်ဆငိထားသော် လည်း သတ်မှတ်ချက် အရသာ တပ်ဆငိထားလေံရှိကြပါသည်။ ခေါင်းပေါက်ပါ သံချောင်း အရွယ်အစား သေးများဖြင့် ဖြစ်ကတတ်ဆန်း တပ်ဆင်ထားသဖြင့် အရေးပေါ် အခြေအနေတွင် မဆိုထားဘိ သာမန် အချိန် များတွင်ပင် အမှန်တကယ်သုံးမရသော လှေကားများ ဖြစ်သည်ကများပါသည်။ ကန်ထရိုက်တာများကလည်း ငွေကုန်သက်သာအောင် လုပ်ပါသည်၊ အတတ်ပညာရှင်များကလည်း မိမိ ပညာရှင် ကျင့်ဝတ်ကို အလေးမထားဘဲ ငွေရှင် လုပ်ငန်းရှင် အလိုကျ ဆောင်ရွက်ပေးပါသည်၊ ပိုင်ရှင်များကလည်း အဆိုပါ အရေးပေါ် လှေကားများ၏ အရေးပါမှု နှင့် ခိုင်ခန့်မှုကို စောင့်ကြည့်ရမှန်း မသိကြပါ၊ အဆောက်အဦး ပြိးသည့်အခါ စစ်ဆေး၍ နေထိုင်ခွင့် ထုတ်ပေးရန် တာဝန်ရှိသောသူများကလည်း လျစ်လျူရှုထားကြပါသည်။

အန္တရာယ် ဖြစ်ပေါ်နိုင်မှု အလားအလာများ ခွဲခြားဖော်ထုတ်ခြင်း ( Risk Identification )

         ငလျင် အန္တရာယ်အလားအလာများ လျော့နည်းရေး နှင့် ငလျင်ဖြစ်ပေါ်ပြီးသော အခါ ပြန်လည် ထူထောင်ရေးအတွက် အောက်ပါ ရည်မှန်းချက်များအတိုင်း ဆောင်ရွက်ရန် လိုအပ်ပါသည်။

၁။  မိမိနိုင်ငံ နှင့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများအရ သတ်မှတ် ပြဌာန်းထားသော အခြေခံ အကဲဖြတ် အချက်အလက်များ ကောက်ယူရေး နည်းလမ်းများကို အသုံးပြုလျက် ငလျင် အန္တရာယ် ဘေး မြေပုံ ရေးဆွဲခြင်း ( Earthquake Hazard Mapping )

၂။  ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူများ ပူးပေါင်းလျက် စာသင်ကျောင်း၊ ဆေးရုံ စသည် အများပြည်သူ ဆိုင်ရာ အဆောက်အဦးများ နှင့် ပုဂ္ဂလိက အိမ်ရာများ၏ ငလျင်လှိုင်းဆိုင်ရာ အန္တရာယ် ကျရောက် နိုင်မှု အလားအလာများအား အကဲဖြတ် စစ်ဆေးခြင်း

၃။  လူနေ အိမ်ရာများ နေရာချထားမှု စီမံကိန်းများ နှင့် မြေအသုံးချမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ပြန်လည် သုံးသပ်ခြင်း နှင့် ငလျင် အန္တရာယ် ကျရောက်နိုင်သည့် အလားအလာများသော ဒေသများ အတွက် သင့်တော်သော အစီအမံများ ချမှတ်ခြင်း။

၎။  နိုင်ငံတော် နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်များ၏ ငလျင် ဆိုင်ရာ ကြိုတင် ပြင်ဆင်မှု၊ ငလျင် လှုပ်ပြီး ကူညီ ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ နှင့် ငလျင်လှုပ်ပြီးနောက် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ နှင့် သက်ဆိုင်သော မူဝါဒများအား ပြန်လည်သုံးသပ်ခြင်း

၅။  အသက်မွေးမှု လုပ်ငန်းများ နှင့် လူမှု စီးပွားရေးဘဝများအပေါ်  ငလျင် ဘေးအန္တရာယ် ကြောင့် ထိခိုက်ဖြစ်ပေါ်နိုင်သည့် အခြေအနေများအား ပြန်လည်သုံးသပ်ခြင်း

စသည် အခြေခံ အချက်အလက်များ ကောက်ယူခြင်းကို စတင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

No comments:

Post a Comment