ရန်ကုန်
- မန္တလေး အမြန်လမ်းမပေါ်က ယာဉ်အန္တရာယ် တရားခံ
ဘယ်သူလဲဟေ့
ညွန့်အောင်
( မြစ်မခ )
သြဂုတ် ၆
၊
အခုတလော ရန်ကုန်-မန္တလေး
အမြန်လမ်းမပေါ်က ယာဉ်အန္တရာယ် ဖြစ်ပွားမှုတွေ နှင့် အတူ ဝေဖန်သုံးသပ် ချက်တွေ အမျိုးမျိုး
ဖတ်ရှုနရပါတယ်။ နည်းပညာနှင့် ပတ်သက်လို့ မော်တော်ယာဉ် တာယာတွေ အကြောင်း တာယာအမျိုးအစား၊
ခံနိုင်ဝန်စတာတွေကို စနစ်တကျ ဖော်ပြပေးတဲ့ ဆောင်းပါးတွေလဲ တွေ့ရပါတယ်။
ဘဝင် မကျစရာကတော့
လက်ဆုပ်လက်ကိုင် မဖော်ပြနိုင်တဲ့ ကာယကံရှင် ကိုယ်တိုင်ဖော်ပြတာမဟုတ်တဲ့ ဘယ်သူ ဘယ်ဝါက
ဘယ်နားမှာ နာနာဘာဝလို့ ထင်ရတဲ့ဟာတွေ ဘယ်နားမှာတွေ့တယ်ဆိုတဲ့ အခြေအမြစ် မရှီသော သတင်းစကားတွေ၊
ပရိတ်ရွတ်၊ နာနာဘာဝ နှင် စတဲ့လုပ်ဆောင်ချက်တွေကို လုပ်တဲ့သူက လုပ်သလို ဖြန့်ကား ပွားတဲ့သူက
ပွားနေကြပါတယ်။
ကျွန်တော်တို့တစ်တွေက
ခွဲခြမ်းစိတ်ဖြာ အဖြေရှာဖို့၊ ဝေဖန်ပိုင်းခြား စဉ်းစားဖို့ ပျင်းတဲ့အခါ၊ မလုပ်ချင်တဲ့အခါ
အင်းလေ ကံဘဲပေါ့၊ မမြင်နိုင်တဲ့အရာတွေ ရှိတာကိုး၊ နာနာဘာဝတွေ စသဖြင့် လာမငြင်းတဲ့ အရာတွေပေါ်
ပုံချတတ်ပါတယ်။ ပြီးတော့လဲ ဖြစ်နေတဲ့ ဒုက္ခကို ဆက်လက်ပြီး ခါးစည်းခံနေတတ်ကြပါတယ်။
တရားခံ
မဟုတ် တောင် တာဝန်ရှိတဲ့သူ စာရင်းထဲ ပါတဲ့သူတွေ အဖွဲ့အစည်းတွေကလဲ အာရုံပြောင်းလိုက်ကြပါတယ်၊
ကျွန်တော်တို့ကလည်း လမ်းလွှဲပေးတဲ့အတိုင်း ပျော်ပျော်လေး လမ်းလွဲလိုက်ကြပါတယ်။
ဆရာအောင်မောင်းရဲ့
စဥ့်အိုးထဲ ခေါင်းစွပ်သွားတဲ့နွားပြဿနာကို နွားခေါင်းဖြတ်လိုက်၊ ပြီးတော့ စဥ့်အိုးရိုက်ခွဲ
လိုက်ဆိုပြိး ဖြေရှင်းပေးတဲ့ ပညာရှိကို အော်သူရှိပေလို့ တို့ဖာသာဆိုရင် ဘာလုပ်ရမှန်းမသိဘူးလို့
ကျေးဇူတင် နေတဲ့သူတွေ အဆင့်ကကို မတက်နိုင်ကြသေးပါဘူး။
“ရန်ကုန်-မန္တလေး
နေ့ချင်းပေါက်၊ ၁၀-နာရီနဲ့ရောက်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး လုပ်ပေးခဲ့တာ
ကျေးဇူးတင်ပါတယ်။ တလောက ဆရာတော်တစ်ပါးရဲ့ တရားဟောချက် သွားရင်းလာရင်း တစ်ပိုင်းတစ်စ
နာလိုက်မိပါတယ်။ စေတနာနဲ့ လုပ်ပေးတာလို့ ပြောတာ မပြည့်စုံဘူးတဲ့။
စေတနာဆိုတာ စေ့ဆော်ခြင်းလို့
အဓိပ္ပါယ်ရတယ် ကုသိုလ်နဲ့ယှဉ်သော စေတနာ၊ အကုသိုလ် နဲ့ယှဉ်သော စေတနာလို့ ခွဲခြား နိုင်ပါတယ်
တဲ့။ ဒေါသ၊ မောဟ၊ လောဘနဲ့ယှဉ်လျင် အကုသိုလ် စေတနာ၊ အဒေါသ၊ အမောဟ နဲ့ အလောဘ နှင့် ယှဉ်မှသာ
ကုသိုလ်စေတနာပါတဲ့၊ ဒီလမ်းဖောက်ဖို့ ကြံစည်စိတ်ကူးတုန်းကတော့ ကုသိုလ် နှင့်ယှဉ်တဲ့
စေတနာ ဖြစ်မှာတော့ သံသယ မရှိပါဘူး။ ဒါပေမဲ့ တကယ် အကောင်အထည်ဖော်တဲ့ အခါကျတော့ စေတနာတွေက
ကုသိုလ် နှင့် ယှဉ်ပါသေးတယ်ဆိုတာတော့ သံသယဖြစ်စရာပါပဲ။
သိသင့်သိထိုက်တဲ့
နည်းပညာတွေ၊ လိုက်နာကျင့်သုံးအပ်တဲ့ စံချိန်စံညွှန်းတွေ ကို လျစ်လျူပြုခဲ့တဲ့ မောဟတွေ၊
အမြတ်အစွန်း ထွက်ချင်တဲ့ လောဘတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ ခိုးယူ အလွဲ သုံးစားမှုတွေ၊ မြန်မြန်ပြီး
မြန်မြန် ငွေရ ဆိုတဲ့ လောဘတွေ ဘယ်လောက်ပါနေလဲ မသိနိုင်ပါ။
မဟာပထဝီ မြေထုကြီးဟာ
ရှိသမျှတွေကို ထမ်းထားနိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ အချိန်ပေးရပါတယ်။ ကျောက်၊သဲ၊ဘိလပ်မြေ
ရောစပ် ကွန်ကရိသားသည် တစ်ကုဗပေလျှင် ပေါင် ၁၅၀-ခန့်လေးပါတယ်။ ဒီလမ်းပေါ် မှာဖြတ်သန်းသွားလာတဲ့
ယာဉ်နဲ့ လူတွေအလေးချိန် တွေ နေ့စဉ် ဖြတ်သန်းတဲ့အခါ ကွန်ကရစ်လမ်းအောက် က အောက်ခံမြေသားဟာ
ကွန်ကရစ်လမ်းရဲ့ အလေးချိန်ကို အမြဲတမ်းထမ်းထားရတယ်။ ဖြတ်သန်းမောင်းနှင် သည့် မော်တော်ယာဉ်
နှင့် ယာဉ်ပေါ်ပါ အလေးချိန်းများ၏ ရွေ့လျား အရှိန်နဲ့ ဖြတ်သန်းသွားသည့် ရွေ့လျား အလေးချိန်
နှင့် ရိုက်ခတ်မှုလည်း ခံရပါတယ်။
အောက်ခံမြေသားတွေကို
ဒီအလေးချိန်တွေ အမြဲတမ်း ခံနိုင်အောင် ဘယ်လောက်အချိန်ပေးပြီး ဘယ်လောက်စနစ်တကျ ပြုပြင်ထားပါသလဲ။
ကွန်ကရိလောင်းပြိးမှ လိုရင် ပြန်ပြင်တာပေါ့လို့ နောက်မှ မြေကို ပြန်ထုထောင်းလို့မရပါ၊
အလုပ်တိုင်းမှာ ပစ္စည်းအလိုက် အသားကျချိန်ဆိုတာ ရှိပါတယ်။ မြေသားကို အလွှာလိုက်၊ ရေလောင်းလိုက၊်
ကြိတ်လိုက၊် နောက်တစ်လွှာတင်လိုက်စသဖြင့် တစ်ခုပြီး မှတစ်ခုလုပ်ရတဲ့ အဆင့်တွေ ရှိပါတယ်။
အမြတ်များများ ကျန်အောင် လုပ်အား၊ အချိန်၊ စက်အား၊ စက်သုံးဆီ တွေ ချွေတာ ( ခိုး ) လိုက်လျင်
မြေသားခိုင်မာမှု နိမ့်ကျပါတယ်။
တည်ဆောက်ရေး
လုပ်ငန်းတိုင်းမှာ ဒီမြေသားအောက်ခံ ပြဿနာဟာ အမြဲရှိပါတယ်၊ တံတားတွေ၊ လူနေအိမ် တွေ၊
လမ်းတွေ၊ ပလက်ဖောင်းတွေ တည်ဆောက်ပြီး မကြာခင် ကျိုးတာ အက်တာ၊ ကျွံကျတာတွေ အမြဲတမ်း
တွေ့ရပါတယ်၊ မြေသားမခိုင်မာတဲ့ အောက်ခံပေါ်လောင်းထားတဲ့ ကွန်ကရိလမ်း၊ ကျောက်ခင်း လမ်းတွေဟာ
မကြာခင် လှိုင်းတွန့်တွေ ပေါ်ပေါက်လာပါတယ်။
လှိုင်းတွန့်တွေပေါ်မှာ
အမြန်နှုန်းတင်မောင်းတော့ အန္တရာယ်များတာပေါ့။
နောက်တခုက
လမ်းရဲ့ ဖြောင့်တန်းမှု နှင့် အကွေ့အဝိုက်များအခြေအနေပါ။ ငယ်စဉ်က ရူပဗေဒ သင်ခန်းစာ ထဲက ဗဟိုခွာအားတို့ ဗဟိုချဉ်းအားတို့ မှတ်မိဦးမယ်ထင်ပါတယ်။
အကွေ့အဝိုက်တစ်ခုကို မောင်းနှင်နေစဉ် မှာ လမ်းအကွေ့၏ အချင်းဝက် အနည်းအများ၊ မောင်းနှင်နေတဲ့အလျင်
အပေါ်မူတည်ပြီး မော်တော်ယာဉ် သည် အကွေ့၏ အချင်းမျဉ်းလားရာအတိုင်း ဗဟိုချက်မှ ဝေးရာသို့
တွန်းထုတ်ခံရပါတယ်။ ဗဟိုခွာအားကြောင့် လည်း ကားတွေ လမ်းပေါ်က ချော်ကျပြီး မတော်တဆ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် လမ်းကွေ့တွေမှာ အကွေ့ အချင်းဝက် အတိုင်း ဗဟိုချက်နှင့် ဝေးရာ လမ်းနှုတ်ခမ်းမျက်နှာပြင်ကို
အနည်းငယ် အတွင်းဖက်ကို စောင်း ပေးရပါတယ်။ ထို့အတူ လမ်းအကွေ့တွေမှာ အရှိန်လျှော့ ဖို့
လိုအပ်ပါတယ်။
နောက်တစ်ခုက
လမ်းမျက်နှာပြင်မှာ ကတ္တရာခင်းထားခြင်း နှင့် ကွန်ကရိသားခင်းထားခြင်း အခြေအနေသည် မော်တော်ယာဉ်ဘီး
တာယာ နှင့် ပွတ်တိုက်မှု အခြေအနေကွာခြားပါသည်း ကတ္တရာမျက်နှာပြင်က မော်တော်ယာဉ် တာယာကို
စေးကပ်ဆွဲငင်ထားပြီး၊ ကွန်ကရိမျက်နှာပြင်ကတော့ အမာခံမျက်နှာပြင် ဆိုတော့ စေးကပ်အားမရှိပါဘူး။
နေအပူချိန် စုပ်ယူအောင်းထားရာမှာလည်း ကတ္တရာစေး နှင့် ကျောက်မှုန့်များ နှင့် ဖွဲ့စည်းထားတဲ့
နိုင်လွန်ကတ္တရာသားမှာ လေအောင်းအပေါက်ငယ်များ ရှိသည့်အတွက် အပူးပမာဏမျာစွာ စုပ်ယူ မထားနိုင်ပါ။
ကွန်ကရိကတော့ ကျောက်တုံးငယ်များ၊ သဲ၊ ဘိလပ်မြေတို့ ရောစပ်ထားသည့်အတွက် ကျောက်သားထုကဲ့သို့
အပူအောင်းထားပြီး တာယာ၏ အပူချိနိကို မြင့်တက်စေကာ လေဖိအားတက်ပြိး တာယာကို ပိုခုန်စေ၊
တာယာကို ပွင့်ထွက်စေနိုင်ပါတယ်။
မိုးရွာသွန်းလို့
လမ်းပေါ်မှာ ရေတင်နေရင်၊ ရွှံ့နွံများ တင်နေလျင် မော်တော်ယာဉ်ဘီး တာယာမျက်နှာပြင် ပေါ်ရှိ
လိုင်းများကြား ရေ နှင့် ရွှံ့များဝင်သွားကာ လမ်းနဲ့တာယာ ထိတွေ့မှု လျော့နည်းကာ ဘိးချော်စေနိုင်ပါတယ်။
မော်တော်ယာဉ်ကို
တစ်နာရီ ကီလိုမီတာ ၁၀၀- နှုန်းနှင့် မောင်းနှင်ရာတွင် တစ်မိနစ်လျင် မီတာ ၁၆၆၇ ၊ တစ်စက္ကန့်လျင် ၂၇ ဒဿမ ၇၈ မီတာ ရွေလျားနေပါတယ်။ လမ်း၏ အနိမ့်အမြင့်၊
အကွေ့အဝိုက်၊ ညအချိန်ဆိုလျင် အလင်းရောင်စသည် တို့ကြောင့် မြင်ကွင်းက မည်သည့် အကွာအဝေး
အထိကြိုမြင်ရသလဲ ဆိုသည့် အချက်၊ လမ်းပေါ်မှာ မမျှော်လင့် ထားသော အရာများ အနှေးယာဉ်များ၊
တိရစ္ဆာန်များ စသည်တို့ကို ရုတ်တရက် ပေါ်လာရင် ယာဉ်မောင်းရဲ့လျှပ်တပြက် တုံ့ပြန်မှု၊ ကျွမ်းကျင်မှုများအပေါ်မူတည်ပြီး
မတော်တဆမှု ဖြစ်ပေါ်နိုင်ပါသည်။ မော်တော်ယာဉ် မောင်းနှင်သည့် အမြန်နှုန်းမြင့်လေလေ အန္တရာယ်ဖြစ်ပေါ်နိုင်သည့်
အလားအလာများလေလေ ဖြစ်ပါတယ်။
မော်တော်ယာဉ်များကလည်း
အသစ်၊ အဟောင်း ၊ အပြင်ပန်း အမြင်လှပေမယ့် ပကတိအခြေအနေ ဘယ်လိုရှိမှန်းမသေချာ၊ ကောင်းလျှင်သော်မှ
အစိတ်အပိုင်းများစွာ စုပေါင်းထားတဲ့ အရာဆိုတော့ အချိန်အရွေး၊ ပျက်နိုင်ချို့ယွင်းနိုင်ပါတယ်။ မောင်းနှင်တဲ့သူကလည်း သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ်
ဆိုတော့ အိပ်ငိုက် နိုင်ပါတယ်။ သတိလက်လွတ် ဖြစ်နိုင်ပါတယ်။
ပြင်စရာရှိတာ၊
မွမ်းမံစရာ ရှိတာတော့ ပညာရှင်တွေ၊ သက်ဆိုင်ရာ ဌာနတွေ ဆက်လက် ဆောင်ရွက်ပါ လိမ့်မယ်။
ခရီးသည်တင်ဘတ်စ်ကားမောင်းသူများ၊ ကိုယ်ပိုင် ကား မောင်းသူများအနေဖြင့် ခရီးသွား ပြည်သူတွေ အန္တရာယ်ကင်းကင်း ခရီးဆုံးသို့
ရောက်နိုင်ဖို့ လိုရာမရောက်၊ သေရွာရောက်နိုင်တယ် ဆိုတဲ့ သတိပေးစကား၊ အသက်ဥာဏ်စောင့် ဆိုတဲ့စကားတွေ နှလုံးသွင်းပြီး မိမိအသက် အများအသက်ကို စောင့်ရှောက်နိုင်ကြပါစေ။
No comments:
Post a Comment