Thursday, July 11, 2013

သက်စွန့် ကြိုးပမ်း ပရဟိတ ဝန်ထမ်း





သက်စွန့် ကြိုးပမ်း ပရဟိတ ဝန်ထမ်း
အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း ဝန်ထမ်း ဒါဏ်ရာရ သေဆုံး

ညွန့်အောင် ( မြစ်မခ )



 လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ဒါဖာဒေသ မြို့ပြမှာဖြစ်ပေါ်သည့် တိုက်ခိုက်မှု ကြား လက်ပစ်ဗုံး ထိမှန်သဖြင့် ရရှိသော ဒါဏ်ရာများကြောင့် ဆူဒန်နိုင်ငံသာ ဝေါလ်ဗွီရှင် ဝန်ထမ်းတစ်ဦး သေဆုံး သွား ကြောင်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အဖွဲ့အစည်းများထံမှ သိရပါသည်။

အခြား အလားတူ ဝန်ထမ်းတစ်ဦးလည်း ကြာသပတေးနေ့က နိုင်ယာလာ မြို့တွင် တိုက်ပွဲဖြစ်ပွားစဉ် သေဆုံးခဲ့ပါသေးသည်။ အဆိုပါတိုက်ပွဲသည် ဒါဖာတောင်ပိုင်း မှ အရာရှိများက လုံခြုံရေးတပ်ဖွဲ့များ အတွင်း သဘောထားကွဲလွဲမှုကြောင့် ဖြစ်ပေါ်ခဲ့ကြောင်း ပြစ်တင်ပြောကြးပါသည်။

“ ကြာသပတေးနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့်  သူခေါင်းမှာ ဒါဏ်ရာရပါတယ်။ ၂-ရက်အကြာမှာတော့ ဒီ ဒါဏ်ရာ နဲ့ဘဲ သူဆုံးသွားပါတယ်” ဟု အမည်မဖော်လိုသူ လူမှုရေး အဖွဲ့ ဝန်ထမ်းတစ်ဦးကပြောပါသည်။

ဆူဒန်နိုင်ငံအခြေစိုက် ကုလသမဂ္ဂရုံး အကြိးအကဲ မစ္စတာ အလီ အယ်လ် ဇာတာရီ က သတင်း ထုတ်ပြန်ချက် တစ်ရပ်တွင် လူသားချင်းစာနာမှု ဆိုင်ရာ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ ဝေါလ်ဗွီရှင် အဖွဲ့၏ ဝန်ထမ်း ဆူဒန်နိုင်ငံသား နှစ်ဦး သေဆုံးသွားကြောင်း အတည်ပြု ဖော်ပြထားပါသည်။

"  တတိယမြောက် ဝေါလ်ဗွီရှင် ဝန်ထမ်းတစ်ဦးလည်း အပြင်းအထန် ဒါဏ်ရာ ရထားပါသေးတယ်",  ဟု ဇာတာရီက ဆက်ပြောပါသေးသည်။

အကူအညီ ပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဝေါလ်ဗွီရှင် အဖွဲ့ ရုံးသည် တိုက်ခိုက်ရေးသမားများ အပြန်အလှန် ပစ်ခတ်မှု အတွင်း ကြားညှပ်သွားခြင်း ဖြစ်ကြောင်း သိရပါသည်။

လူမှုရေး အဖွဲ့အစည်း ဝန်ထမ်ူတစ်ဦးက  “ လောင်ချာဗုံးသီး တစ်လုံး ဝေါလ်ဗွီရှင်ရုံး ခေါင်မိုးကို ထိမှန်ပြီး မြေပြင်ပေါ် လိမ့်ကျလာရာက ပေါက်ကွဲလို့ ထိမှန်သွားတာပါ” ဟုပြောပါသည်။

ဤဖြစ်ရပ်သည် ဆူဒန် အနောက်ပိုင်းဒေသတစ်ခုလုံးတွင် လုံခြုံရေး အခြေအနေဆိုးဝါးလာကြောင်း ဖော်ပြချက်ကို ထပ်လောင်း အတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။
ဒါဖာဒေသတွင် အစိုးရ နှင့် သူပုန်များအကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၁၀-နှစ်ကျော်ကြာမြင့်ခဲပြီ ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစု အချင်းချင်း တိုက်ခိုက်မှုများ၊ လူပြန်ပေးဆွဲမှုများ၊ ကားဗုံးထောင်မှုများ နှင့် အခြား အစိုးရနှင့် အဆက်အသွယ်ရှိသော လက်နက်ကိုင်တပ်ဖွဲ့များ နှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ကျူးလွန်သည်ဟု သံသယဖြစ်ဖွယ်ရာ ပြစ်မှုများကြောင့် အခြေအနေများမှ  ပိုမိုရှုတ်ထွေးနေခြင်း ဖြစ်ကြောင်း သိရပါသည်။

နိုင်ယာလာမြို့တွင် ဖြစ်ပွားသောတိုက်ပွဲများသည် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးအဖြစ်လည်း တာဝန်ယူထား သည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ဒေသခံ ဓါးပြတစ်ဦး အသတ်ခံရရာမှ စတင်ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သိရပါသည်။

နိုင်ယာလာမြို့တွင် အခြေအနေများ တင်းမာလျက်ရှိပြီး သောကြာနေ့အထိ ပစ်ခတ်သံများ ကြားနေရသေးကြောင်း နောက်ထပ် လူမှုရေး အဖွဲ့အစည်းတစ်ခုက ပြောပါသည်။
တိုက်ပွဲများအတွင်း မြို့ပေါ်ရှိ အကောင်းဆုံး ဟိုတယ်ပျက်စီးသွားကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

   ဒါဖာဒေသရဲ့ လူဦးရေ အများဆုံး မြို့တစ်မြို့မှာ တိုက်ပွဲ တွေ ဖြစ်ပွားနေခြင်းဟာ ဒေသရဲ့ လုံခြုံရေး အခြေအနေ မတည်ငြိမ်သေးဘူး ဆိုတာကို မီးမောင်းထိုး ဖော်ပြနေတာပါ “ ဟု ဇာတာရီက ဆက်လက် ပြောကြားခဲ့ပါသည်။

“ ကျွန်တော်တို့ ဝန်ထမ်းတွေ နဲ့ လုပ်ဖော်ကိုင်ဖက် တွေအတွက် ဘေးအန္တရာယ် မကင်းတော့၊ မလုံခြုံတော့လို့ လူသားချင်းစာနာရေး အထောက်အပံ့လုပ်ငန်းတွေ ဆုတ်ခွာသွားရရင် ဒါဖာဒေသကလူအမြောက်အများ ဒုက္ခ ပိုရောက်ကြမှာပါ ” ဟု လည်းဆက်လက်ပြောကြားပါသည်။

အမေရိကန်ပြည်ထောင်စု ၏ ဆူဒန် နိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲ ဂျိုးဇက် စတက်ဖို့ဒ် ကလည်း ဆူဒန်အစိုးရ နှင့် လက်နက်ကိုင်သူပုန်တပ်ဖွဲ့များအကြား ပဏ္ဍိပက္ခများ နှင့် လုံခြုံရေး အခြေအနေများ ပိုမို ဆိုးဝါးလာခြင်းကို စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။

ဆယ်နှစ်ကြာ ပဏ္ဍိပက္ခများကြောင့် ဒါဖာဒေသခံ ၁.၄ သန်းခန့် စစ်ပြေး ဒုက္ခသည်များအဖြစ် စခန်းများတွင် ခိုလှုံလျက်ရှိကြောင်း သိရပါသည်။
( ရည်ညွှန်း- ဖောက်စ် နယူး ဝက်ဘ်ဆိုက် - ၇-၇- ၂၀၁၃ )

Wednesday, July 10, 2013

လုံခြုံရေး သတိ ပိုတယ်မရှိပါ

လုံခြုံရေး သတိ ပိုတယ်မရှိပါ

ဗုဒ္ဓဂါယာက ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ် နေရာတွေမှာ ဗုံးတွေကွဲတော့ လုံခြုံရေး အားနည်း ချက်တွေ ပေါ်လာပါတယ်။ ထောက်လှမ်းရေးတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေက ဗုဒ္ဓဂါယာမှာ အကြမ်းဖက် ဖောက်ခွဲမှုတွေ လုပ်ဖို့ ကြံစည် နေတယ်ဆိုတာ လပေါင်းများစွာ ကြိုတင် သတိပေး ထားတဲ့ကြားက အကြမ်းဖက်လုပ်ရပ်တွေ အောင်မြင်သွားတော့ လက်ရှိပြည်နယ် ဝန်ကြီးချုပ်ကို အတိုက်အခံတွေက ဝိုင်းဝန်းပြစ်တင်ရှုံ့ချနေကြပါတယ်။

 တပ်ဆင်ထားတဲ့ စီစီတီဗွီ ကင်မရာ ၁၆-လုံးမှာ ၁၅-လုံးဘဲ အလုပ်လုပ်တယ်။ အလုပ်လုပ်တဲ့ ကင်မရာတွေ မှတ်တမ်းတင်ထားတာလည်း မှုန်ဝါးဝါးဖြစ်နေတယ်ဆိုဘဲ။

လက်လုပ်ဗုံးတွေကလည်း တစ်လုံးကို ၄.၅ ကီလိုဂရမ် ( ၁၀-ပေါင် ခန့် ) လေးပြီး ဗုံး ၁၃-လုံးကို လုံခြုံရေးတွေ ကြားထဲက ဘုရာ ပရဝုဏ်ထဲကို ရောက်အောင်သွင်းသွားနိုင်ပါတယ် လို့ စစ်ဆေးရေး အဖွဲ့က စစ်ဆေးတွေ့ရှိပါတယ်။

အိန္ဒိယ သတင်းဌာနတွေ အဆိုအရ ရိုဟင်ဂျာ ယူနီယန် ကွန်ဖရင့်ကို တနင်္ဂနွေနေ့က ဆော်ဒီအာရေဗျ နိုင်ငံ ဂျက်ဒါမြို့မှာ အစည်းအဝေး လုပ်နေကြပါတယ်တဲ့။ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့ အဖွဲ့ တည်ထောင်သူ မော်လာနာ အန်ဝါ နှင့် ဒေါက်တာ ယူနွတ်တို့ နှစ်ဦးဟာ ငွေရေးကြေးရေး အထောက်အပံ့ လမ်းကြောင်းစီစဉ်ရန် အတွက် လန်ဒန် နှင့် ဆော်ဒီအအာရေဗျသို့ ခရီးဆန့် နေကြတယ် လို့ သိရပါတယ်။

မြန်မာပြည်မှာ ရှေးမြန်မာမင်းများလက်ထက် သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့် အုပ်စိုးစဉ် ဗုဒ္ဓဘာသာ သာသနာပိုင် ဆရာတော်များက သက်ဦးဆံပိုင် ဘုရင်တွေအပေါ် ဩဇာအာဏာလွှမ်းမိုးခွင့် ရှိနေစဉ် ကတည်းက ဗုဒ္ဓဘာသာ နိုင်ငံတော်မှာ အခြားသော ဘာသာတရားတွေ ဝင်ရောက်လာပြီး မြေနေရာ တွေပေး ချီးမြှောက်သင့်တာ ချီးမြှောက်ခွင့်ပြုသင့်တာခွင့်ပြု ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ပြီး မိမိယုံကြည်ရာ လွတ်လပ်စွာကိုးကွယ်လာခဲ့ကြတာပါ။ ဘယ်ခေတ် ဘယ်အခါမှာမျှ အခြားဘာသာဝင် တွေကို ပြည်သူတွေကရော အုပ်ချုပ်ရေးပိုင်းကပါ တစ်ပြည်လုံး အတိုင်းအတာနဲ့ နစ်နာအောင် ဆောင်ရွက်ခြင်းမျိုး မရှိခဲ့ပါဘူး။

လိုအပ်လျင် ( လိုအပ်တယ်လို ထင်လျင် ) ဗုဒ္ဓဘာသာဝင် အုပ်ချုပ်သူတွေဟာ သံဃာတော်တွေကို တစ်ပါတီစနစ် လက်ထက်သာသနာတော်သန့်ရှင်းရေး လုပ်ခဲ့တာ၊ စစ်အစိုးရလက်ထက်မှာ အုပ်ချုပ်မှု ကို ဆန့်ကျင်တဲ့ သံဃာတော်တွေကို အရေးယူထောင်ချခဲ့တာ တွေရှိခဲ့ပါတယ်။

အသွင်ပြောင်းလဲပါတော့မယ်လို့ ကြေငြာပြီး ပြောင်းလဲဖြေလျှော့မှုတွေ စတင်လာမှ ဘာသာရေး ကို ရှေ့တန်းတင်ပြီး နိုင်ငံတော် နှင့် ဗုဒ္ဓဘာသာကို အမျိုးအမျိုးစွပ်စွဲပြီး သိက္ခာကျအောင် ဆောင်ရွက်လာ တာ၊ သီးသန့်နေရာတစ်ခုရအောင် တောင်းလာတာ တကယ်ရော ဘာသာရေးကြောင့်လား။

ကျွန်တော်တို့ နည်းနည်းလေး ပိုစဉ်းစားဖို့ လိုအပ်လာပါပြီ။ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲလာတဲ့ အခါ ရင်းနှီးမြုပ်နှံမှု အသွင်၊ အားကိုးအားထားရမည် ကဏ္ဍတွေ ပြောင်းလဲလာပါပြီ။ အရင်က စက်မှုလုပ်ငန်း အခြေခံ ထုတ်လုပ်မှုလုပ်ငန်းတွေကို ဦးစားပေးခဲ့ရာမှ ရာသီဥတု ပြောင်းလဲလာမှုကြောင့် ထိခိုက်လာ မည့် စားနပ်ရိက္ခာ ထုတ်လုပ်မှုကို ဦးစားပေး စဉ်းစားလာခဲ့ကြပါပြီ။

တစ်ချိန်မှာ လျော့နည်း ပျောက်ကွယ်သွားနိုင်တဲ့ ရုပ်ကြွင်းလောင်စာတွေ အပေါ်မှီခိုနေတဲ့ နိုင်ငံတွေက ရင်းနှီးမြုပ်နှံမှုပုံစံတွေပြောင်းနေကြပါတယ်။ ရေနံကိုသာ မှီခိုနေရတဲ့ စီးပွားရေးဘဝကနေ စီမံခန့်ခွဲမှု နှင့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု အရေးပါတဲ့ နိုင်ငံဖြစ်လာအောင်၊ အစားအစာကို သူများ အပေါ် မှီခိုရာက ကင်းလွတ်အောင် ကိုယ်တိုင် စိုက်ပျိုး ထုတ်လုပ်နိုင်အောင် ဖွဲဖြိုးဆဲ နိုင်ငံတွေက မြေယာတွေကို ခေါင်းမြီးခြုံ ဝယ်နေတာ အခြား အာရှ အာဖရိက နိုင်ငံတွေမှာ ရင်ဆိုင်နေရတာကြာပါပြီ။

မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ ( ထေရဝါဒ )ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် လုံးဝဆုပ်ကိုင် ကာကွယ် ထိန်းသိမ်းလာတဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေထဲမှာ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ နက်နက်နဲနဲ လေ့လာ သင်ယူမှု အားနည်းချင်နည်းမယ် ဗုဒ္ဓဘာသာကိုတော့ နည်းနည်းမှ အထိမခံ ထိုးဖောက်ရတာ ခက်ခဲ တော့ ရှိသမျှ အင်အားတွေစုစည်းပြီး ဘက်ပေါင်းစုံက တိုက်ခိုက်လာကြတာပါ။

အရင်က တရားမဝင်ရွှေ့ပြောင်းခိုးဝင်လာတဲ့ ပြဿနာကို လူမျိုးရေး ဘာသာရေး အရောင်ဆိုးပြီး အပြည်ပြည်ဆိုင်ရာ လူမျိုးရေး ဘာသာရေး ဖိနှိပ်မှု အသွင်ပြောင်းအကြောင်းပြပြီး နေရာခြေကုတ် တစ်ခု လုယူဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။

လူ့သဘာဝအရ အကြောင်းအရာတစ်ရပ်ကို ကိုယ်တိုင် ခွဲခြမ်းစိပ်ဖြာပြီး ယုံရမည့်အစား ဆင်သွားရင် လမ်းဖြစ် ဆိုတဲ့ စကားအတိုင်း နာမည်ကြီး သတင်းဌာနတွေ ရေးရင်ပြောရင် စီစစ်နေမည့်အစား သမန်ကာ လျှံကာဘဲ လက်ခံလိုက်ကြတာ များပါတယ်။ ဒီတော့ နာမည်ကြီး သတင်းဌာနတွေကို လွှမ်းမိုးဖို့၊ သတင်းဌာနတွေ ထူထောင်ဖို့ ကြိုးစားအားထုတ်လာကြပါတယ်။

ရုပ်ရှင်တွေ၊ ဝတ္ထုတွေမှာ မြင်ခဲ့ ဖတ်ခဲ့ရသလို သတင်းကို လိုက်သူ အဖြစ်ကနေ သတင်းကို ဦးဆောင် ဖန်တီးသူဖြစ်လာအောင် တည်ဆောက်နေကြတာတွေ မြင်လာရပါတယ်။

လွန်ခဲ့သော လအနည်းငယ်များအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း ငွေအင်အား ပစ္စည်း အင်အားသုံးပြီး ငြိမ်းချမ်း သိမ်မွေ့သည်းခံမှုကို အခြေခံထားတဲ့ ဗုဒ္ဓဘာသာကို အမည်ဆိုး တပ်ဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ အကြမ်းဖက် ရဟန်း၊ အကြမ်းဖက် သံဃာဆိုတဲ့ စကားလုံး ထွက် လာအောင် ဖြားယောင်းသွေးဆောင် လာပါတယ်။ တော်တည့်မှန်ကန်တယ်လို့ မှတ်ယူထားတဲ့ သတင်းအေဂျင်စီ အချို့ ဒီလိုနည်းလမ်းကြိုးစားလာလို့ သတင်းဝယ်တဲ့ ဖောက်သည်အဖြစ်က ရပ်လိုက်ရတာ လက်တွေ့ပါဘဲ။

လက်စလက်နရှိတဲ့ လူငယ်မီဒီယာသမားတွေကိုငွေနဲ့ ဖြားယောင်းသွေးဆောင်ပြီး တည်းဖြတ်စရာ မလို၊ တာဝန်ယူစရာမလို၊ နာမည်ခံစရာ မလိုတဲ့ သတင်းအချက်အလက်၊ သတင်းဓါတ်ပုံ နှင့် သတင်း ဗွီဒီယို တွေကို ပို့ခိုင်းပြီး လိုသလို ဖြတ်ညှပ်ကပ် ထုတ်လွှင့်တာတွေ လုပ်လာကြပါတယ်။

ဒီအချိန်မှာဘဲ နာမည်ကျော် စာစောင်တစ်ခုမှာ အကြမ်းဖက် ဗုဒ္ဓဘာသာဝင် ဆိုတဲ့ စကားလုံး စတင် 
မိတ်ဆက် သုံးစွဲလိုက်တာ၊ အနောက်တိုင်း နိုင်ငံတစ်ခုက ဆရာတော်ကြီး အချို့အား ပြည်ဝင်ခွင့် ငြင်း ပယ်လိုက်တာ၊ ပဋိပက္ခကာလတွင်းက အဖြစ်အပျက်တွေကို ဖြတ်ညှပ်ကပ် ဗွီဒီယိုတွေ ထွက်လာတာ၊ ရေနံ နိုင်ငံတစ်ခုမှာ ကွန်ဖရင့် လုပ်နေတာ၊ ဗုဒ္ဓဂါယာ ဗုံးဖောက်ခွဲမှု စတာတွေဟာ မတော်တဆ တိုက်ဆိုင် တာလို့ မထင်သင့်ပါဘူး။ ရေနံ ဒေါ်လာ လက်မဲကြီးတွေ လက်တန် ရှည်လာပါတယ်။

ဘယ်သူဘယ်ဝါတွေကို ဘာမျှ မယိုးစွပ်လိုပေမယ့် မြန်မာနိုင်ငံမှာ အခါကြိး ရက်ကြီးတွေသာမက နေ့စဉ် ဘုရားဖူးသွားရောက်နေကြတဲ့ ဘုရား ပုထိုးတွေ အထူးသဖြင့် ရွှေတိဂုံစေတီတော်လို၊ မန္တလေး မဟာမုနိလို အထင်ကရ နေရာတွေမှာ လုံခြုံရေးကို စနစ်တကျ ကျွမ်းကျင်သူတွေနဲ့ စီမံချက်ချ ဆောင် ရွက်သင့်ပါပြီ။
ဘုရားဖူးများနှင့် ဧည့်သည်များ၏ လွတ်လပ်ခွင့်ကို မထိပါးသလို လုံခြုံရေးကိုလည်း အာမခံချက် ပေးမည့် အစီအစဉ်တွေ ရေးဆွဲကြေငြာပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။

တတ်ယောင်ကား အာဏာပြချင်တဲ့ သူတွေကို တာဝန်ပေးတာမဟုတ်ဘဲ စနစ်တကျ လုပ်ထုံး လုပ်နည်းနှင့် အညီ မျက်နှာမလိုက်တမ်း အာဏာအလွဲသုံးစား မလုပ်တမ်း လုပ်နိုင်မည့်သူတွေ လိုအပ်တဲ့ နည်းပညာ နှင့် ပစ္စည်း ကိရိယာ အကူအညီတွေနဲ့ ဆောင်ရွက်သင့်ပါတယ်။

မီးဘေးရှောင် မလောင်ခင်ကတား ဆိုသလို အကြမ်းဖက်မှုတွေ ကျူးကျော် မခံရအောင်၊ ခံရပြီးမှ စုံစမ်း စစ်ဆေးရေးတွေ နောက်ကြောင်းပြန် မလုပ်ရလေအောင် စနစ်တကျ ကြိုတင်ကာကွယ်မှုတွေ လုပ်သင့်ပါတယ်လို့ တင်ပြလိုက်ရပါတယ်။

Tuesday, July 9, 2013

ဗုဒ္ဓဂါယာ ဗုံးကွဲမှုများအတွက် အိန္ဒိယ မူဂျာဟစ်ဒင်များအား စစ်ဆေးနေ


ဗုဒ္ဓဂါယာ ဗုံးကွဲမှုများအတွက် အိန္ဒိယ မူဂျာဟစ်ဒင်များအား စစ်ဆေးနေ
 

ညွန့်အောင် ( မြစ်မခ )

အကြမ်းဖက်မှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးသူများသည် လက်လုပ်ဗုံး ၁၃-လုံးအသုံးပြုခဲ့ကြောင်း နှင့် ၎င်းတို့အနက် ၃-လုံးမှာ မပေါက်ကွဲဘဲ ကျန်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဗုံးများအား တစ်လုံးလျင် ၂.၅ ကီလိုဂရမ်စီ အလေးချိန်စီးသော အယ်လ်ပိဂျီဓါတ်ငွေ့ဆလင်ဒါ ၁၃-လုံးအတွင်းသို့ တစ်လုံးလျင် အမိုနီယမ် နိုက်ထရိတ် ၂-ကီလိုမီတာ နှင့် ဒိတိုနေတာ များ အသီးသီး ထည့်သွင်းထား ကြောင်း အခင်းဖြစ်ပွားရာနေရာများမှ နမူနာများ စုဆောင်နေသည့် နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ဈေးပေါသော လိုတပ်စ် ( ကြာပန်း ) တံဆိပ် နှိုးစက်နာရီများအား အချိန်ကိုက်ခွဲရန် အသုံးပြုထားပြီး ဆလင်ဒါအိုးပေါ်တွင် ဖောက်ခွဲမည့် နေရာများကို အူရဒူဘာသာ နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စာတမ်းများ ကပ်ထားကြောင်း ဖော်ပြထားပါသည်။
အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့သည် အလားတူ ဓါတ်ငွေ့ဆလင်ဒါများသုံး၍ ၂၀၀၈-ခုနှစ်ကလည်း အာမက်ဒဘတ်မြို့တွင် ဗုံးဖောက်ခွဲခဲ့ဘူးပါသည်။ အကြမ်းဖက် ဖောက်ခွဲရေးသမားများသည် စုစုပေါင်းအလေးချိန် ၆၅-ကီလိုဂရမ်ခန့်လေးသော ဗုံး ၁၃-လုံးအား ရဲ နှင့် အကြမ်းဖက် နှိမ်နင်းရေး ဆိုင်ရာ တပ်ဖွဲ့ ဝန်ထမ်း ၂၂-ဦး တာဝန်ကျနေသော ဘုရားပရဝုဏ် အတွင်းသို့ ခိုသွင်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ပြောကြားပါသည်။

သင်္ကန်းများ၊ ဒါးမြှောင် တစ်ချောင်း နှင့် လျှပ်စစ်ဝါယာတိပ်ခွေ များထည့်ထားသော အိတ်တစ်လုံ့း နှင့် ဗီနော့ မစ်စ်ထရီ အမည်ပါ မဲပေး မှတ်ပုံတင်ကတ်ပြားတစ်ခုအား အခင်းဖြစ်ပွားရာနေရာမှ တွေ့ရှိခဲ့ပြီး၊ ထိုသူအား မေးမြန်းစစ်ဆေးရာတွင် မှတ်ပုံတင်ကတ်ပြားကို လွန်ခဲ့သော ၃-ရက်ခန့်က ပျောက်ဆုံး သွားပြိး ဘုရားဝင်းအတွင်း မည်ကဲ့သို့ ရောက်ရှိနေသည်ကို မသိကြောင်း အက်စ်အက်စ်ပီ ဂနက်ရှ်ကူမာက ပြောကြားပါသည်။

စေတီတော်ပရဝုဏ်အတွင်းတပ်ဆင်ထားသော စီစီတီဗွီ ၁၆-လုံးအနက်မှ ၁၅-လုံးမှာ ဗွီဒီယိုမှတ်တမ်း များရိုက်ကူးထားသော်လည်း အရည်အသွေး ညံ့ဖျင်းသဖြင့် စုံစမ်းစစ်ဆေးရေးကို နှောင့်နှေးစေ ကြောင်း နှင့် အဓိက သံသယရှိသူများမှာ မကြာခင်က ခြိမ်းချောက်မှုများ ပြုလုပ်ထားသည့် အိန္ဒိယ မူဂျာဟစ်ဒင်များ ဖြစ်သော်လည်း ရှုထောင့် ပေါင်းစု့မှ စုံစမ်းစစ်ဆေးလျက်ရှီကြောင်း  နိုင်ငံတော် စုံစမ်းစစ်ဆေးရေး အေဂျင်စီမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားပါသည်။

အဆိုပါအဖွဲ့ တည်ထောင်သူ မော်လာနာ အန်ဝါ နှင့် ဒေါက်တာ ယူနပ်စ် တို့သည် ငွေရေးကြေးရေး ထောက်ပံ့ရေးလမ်းကြောင်းများ စိစဉ်ဆောင်ရွက်ရန် လန်ဒန် နှင့် ဆော်ဒီအာရေဗျသို့ ခရီးသွားလျက် ရှိကြောင်း အရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားပါသည်။
 ထောက်လှမ်းရေး အစီရင်ခံစာများအရ နူးရ် ဘတ်ရှာ အမည်ရ ပါကစ္စတန် အခြေစိုက် အယ်လ်ကိုင်ဒါ အဖွဲ့ဝင်တစ်ဦးသည် ဖောက်ခွဲရေး သင်တန်းများပေးရန် ယခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။

လွန်ခဲ့သော အောက်တိုဘာလကတည်းက ဖမ်းဆီးထးသေအိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် နှစ်ဦး ဖြစ်သော အာဆဒ်ခန်း နှင့် ဆိုင်ယက် မက်ဘူးလ်တို့အားစစ်ဆေးရာတွင်လည်း အဖွဲ့ခေါင်းဆောင် ရီယတ်ဇ် ဘတ်ကားလ် က ၎င်းတို့အား မဟာဗောဓိ စေတီတော်ဝင်းအတွင်း ဖောက်ခွဲမှုများ ပြုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း ဝန်ခံသည်မှလွဲ၍ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သိရပါသည်။

ဘင်္ဂလားပြည်နယ် ချင်နားဆွာမိ အားကစားကွင်း ဖောက်ခွဲမှုနောက် တိမ်းရှောင် သွားသော အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ခေါင်းဆောင် ဘတ်ကားလ်၏ လက်ထောက် တာရှင် အက်တာ အားလည်း သံသယ ရှိသူအဖြစ် သတ်မှတ်ထားပါသည်။

( ရည်ညွှန်း - ဟင်ဒူစတန် တိုင်းမ်စ် ၉-၇-၂၀၁၃)

ဗုဒ္ဓဂါယာ လက်လုပ်ဗုံးခွဲ တရားခံဟု ယူဆရသူ တစ်ဦးအား စစ်ဆေးနေ

ဗုဒ္ဓဂယာ လက်လုပ်ဗုံးခွဲ တရားခံဟု ယူဆရသူတစ်ဦးအား စစ်ဆေးနေ

 ဗုဒ္ဓဂါယာနှင့် မဟာဗောဓိစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း ရည်ရွယ်ဖောက်ခွဲခဲ့သည့် ဗုံးများ ဖေါက်ခွဲ မှုနှင့်ပတ်သက်၍ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းအရ ဗုံးထောင်သူ နှစ်ဦးအား တွေ့ရှိခဲ့ပြီး တစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်ဟု ဒေသတွင်း ရဲအရာရှိများအား ကိုးကား၍ ရေးသားထားခြင်း ဖြစ်သည်။

  Vinod Mistri ဆိုသူ လူတဦးကို ဗုဒ္ဓဂယာ ပဒေသာ ဗုံးများ ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားပါတယ် ဟု ရဲအရာရှိ S.K. Bharadwaj က နယူးဒေလီသတင်းတစ်ရပ်၌ပြောကြားထားသည်။
 Mistri ဆိုသူကို မော်ဝါဒီ သူပုန်များ၏ အမာခံနယ်မြေ ဘာရာချတ္တီတွင် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသ မှာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ မော်ဝါဒီ လက်နက်ကိုင်တပ်များ အန္တရယ်စိုးရိမ်ရသည့် ပြည်နယ်များ အနက်တစ်ခု အပါအဝင်ဖြစ်သည်။

 ဘုရားဖူးဧည့်သည်အများအပြား လာရောက်ရာ ကမ္ဘာကျော်မြို့ ဗုဒ္ဓဂါယာနှင့် မဟာဗောဓိစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း ရည်ရွယ်ဖောက်ခွဲခဲ့သည့် ဗုံးများတွင် အမိုနီယမ် နိုက်ထရိတ် နှင့် ဆာလဖာ များရောနှော ဖော်စပ်ထားခြင်းဖြစ်ပြီး ပြွန်ချောင်းငယ်များအတွင်း စနစ်တကျ သိပ်ထည့်ထားသည် လက်လုပ်ဗုံးများဖြစ်သည် ဟု ပဏာမအစီရင်ခံစာအရ သိရသည်။

 ဗုဒ္ဒဂါယာ မဟာဗောဓိစေတီတော် ပရဝုဏ်အတွင်း အင်အားပျော့ ဗုံး ၉-လုံ့း ပေါက်ကွဲပြီးနောက် ဗိမာန်တော် မုဒ်ဝတစ်ခုပျက်စီးသွားသည်ဟု အေအက်ဖ်ပီ သတင်း၌ ဖော်ပြထားပါသည်။

 စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့က ဗုံးပေါက်ကွဲရာ နေရာများမှ ပစ္စည်းနမူနာများ ကောက်ယူစုဆောင်း ပြီးနောက် ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးထံသို့ အစီရင်ခံစာ တင်သွင်းရာတွင် အင်အားပျော့ ဗုံးများသည် ဒေသတွင်းမှ ရရှိသည့် ပစ္စည်းများဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်ဟန်တူကြောင်းနှင့် သာမာန်လက်တံပြဒိုင်ခွက်နာရီများ အသုံးပြု ၍ ဖောက်ခွဲသွားခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

 စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ အမိုနီယမ်နိုင်ထရိတ်၊ ဆာလဖာ နှင့် ပိုတက်စီယမ် အရည်ပျစ် အတွင်း တွင် ထိခိုက်ပျက်စီးစေမည့် သံတိုသံစများကိုလည်း ထည့်သွင်းထားကြောင်းနှင့် အဆိုပါ ပေါက်ကွဲပစ္စည်းများ နှင့် ဗုံးဆံများအား စက်မှုလုပ်ငန်းသုံး သံပြွန်ချောင်းငယ်လေးများအတွင်း ထည့်သွင်းထားသည်ဟု သိရသည်။

 တနင်္ဂနွေနေ့ညနေပိုင်းတွင် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသော နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ ( National Security Guard- NSG ) သည် နမူနာပစ္စည်းများ ထပ်မံစုဆောင်းပြီးမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားထားသည်။

 ပြည်ထဲရေးဝန်ကြီးဆူရှီလ်ကူမာ ရှင်ဒေက တနင်္လာနေ့က သတင်းထောက်များအား မဟာဗောဓိ စေတီတော် ပရဝုဏ်အတွင် ဗုံး ၁၃-လုံး ထောင်ထားသည့်အနက် ၁၀-လုံးပေါက်ကွဲကာ သံဃာတော် နှစ်ပါး ထိခိုက်ဒါဏ်ရာ ရသွားကြောင်း ပြောကြားထားသည်။

 ပြည်ထဲရေးဝန်ကြီး ရှင်ဒေက ပူနေမြို့မှ ၁၀၀-ကီလိုမီတာခန့် ကွာဝေးသော တာလေဂါရုံမြို့ ဗဟိုအရန် ရဲတပ်ဖွဲ့ဆေးရုံဖွင့်ပွဲ အခမ်းအနားအပြီး၌ ပြောကြားထားခြင်း ဖြစ်သည်။

 ထောက်လှမ်းရေးအဖွဲ့က လွန်ခဲ့သော နှစ်အနည်းငယ်ခန့်မှစ၍ ပြည်ပတွင် အခြေစိုက်နေထိုင်သော ဘီဟာပြည်နယ်သား အကြမ်းဖက်သမား ညီအစ်ကိုနှစ်ဦး အကြမ်းဖက် တိုက်ခိုက်မှုများ ကျူးလွန်ရန် ပြည်နယ်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြောင်း ပြည်နယ်အစိုးရထံ အသိပေး နှိုးဆော်ထားသည်ဟု အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။

အင်အားပျော့ဗုံးများအား လုပ်ငန်းသုံး သာမန်ဓါတုကုန်ကြမ်းပစ္စည်းများကို ရောစပ်သုံးစွဲထားခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်မြတ်ဆုံး ဘုရားစေတီများ ဖြစ်သည့် အေဒီ ၇-ရာစုနှစ် အတွင်းက တည်ဆောက်ထားသော မဟာဗောဓိစေတီတော်မှာ ယူနက်စကိုအဖွဲ့၏ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ်သတ်မှတ်ထားသော နယ်မြေဖြစ်ပါသည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု မရှိဟု သိရသည်။

ဘုရာ ပရဝုဏ်အတွင်းရှိ ဗုဒ္ဓမြတ်စွာဘုရား သဗ္ဗညုတ ညာဏ်တော်ရရှိရာ ဗောဓိညောင်ပင်အား ကမ္ဘာအနှံ့ အပြားမှ ဗုဒ္ဓဘာသာဝင်အမြောက်အများ နှစ်စဉ်လာရောက် ဖူးမြှော်လေ့ရှိပါသည်။ ဘီဟာပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အဘယာ နန္ဒ က “ မဟာဗောဓိ ညောင်ပင်တော်ကြီး အား အထိအခိုက်မရှိ အန္တရာယ် ကင်းရှင်းပါတယ် ” ဟု ပြောကြားထားသည်။

 မဟာဗောဓိစေတီတော် ပရဝုဏ်အတွင်း ဗုံး ၄-လုံးပေါက်ကွဲခဲ့ပြိး၊ သတ္တဒဿမမြောက် ကမ္မပါဆရာတော်ကြီး အော့ရင် ထရင်လေ ဒေါရ်ဂျီ သီတင်းသုံးရာ တေရေဂါ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တွင် ဗုံး ၃-လုံး ပေါက်ကွဲခဲ့ပါသည်။ တိဘက် ဗုဒ္ဓဘာသာ ဂိုဏ်ကြီး လေးဂိုဏ်းအနက် တစ်ဂိုဏ်းဖြစ်သော ကမ္မကာဂျူဂိုဏ်း၏ ဂိုဏ်းချုပ် ဆရာတော်ကြိးသည် အခင်းဖြစ်ပွားစဉ်ကေုဒ္ဓဂါယာမြို့၌ မရှိဟု သိရသည်။

 အခြားဗုံးတစ်လုံးသည် ဥာဏ်တော် ပေ ၈၀-ရှိ ဘရားဆင်းတုတော် ခြေရင်း အနီးတွင် ပေါက်ကွဲခဲ့ ကြောင်း နှင့် နောက်တစ်လုံးမှာ အနီးတွင် ရပ်နားထားသော ခရီးသွား ဘတ်စ်ကားအလွတ် တစ်စီး အတွင်းပေါက်ကွဲ ခဲ့ကြောင်းနှင့် ဗုဒ္ဓဆင်းတုတော်အနီး နှင့် အခြားတစ်နေရာမှ မပေါက်ကွဲသေးသော ဗုံး ၂-လုံးတွေ့ရှိသဖြင့် စနက်တံအား ဖြုတ်ခဲ့ရကြောင်း ဂါယာမြို့တော်ရဲချုပ်ချန်ဒန်ကုရှ်ဝါဟာက ပြောသည်။

 ဗဟိုအစိုးရက ဗုံးပေါက်ကွဲမှုဖြစ်ပွားရာသို့ နိုင်ငံတော် ထောက်လှမ်းရေး အေဂျင်စီနှင့် နိုင်ငံတော် လုံခြုံရေး တပ်ဖွဲ့မှ ကျွမ်းကျင်သူများအား အမြန်ဆုံး စေလွှတ် တာဝန်ပေးခဲ့သည်ဟု သိရသည်။

 ဘီဟာပြည်နယ် ဝန်ကြီးချုပ် နီတစ်ရှ် ကူမာသည် ဗုံးဖောက်ခွဲမှုများကို ပြစ်တင်ရှုံ့ချလိုက်ပြီး ပြည်နယ် မြို့တော် ပတ္တနားမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၄၀-ခန့်ကွာဝေးသော ဗုဒ္ဓဂါယာမြို့သို့ ချက်ချင်းထွက်ခွာ သွားပြီး ထောက်လှမ်းရေးဗျူရို နှင့် အခြားလုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများမှ ပြည်နယ် အစိုးရထံ အသိပေး နှိုးဆော်ထားကြောင်းး ဝန်ခံပြောဆိုခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ် ကူမားက ဗဟိုအစိုးရထံ မဟာဗောဓိ စေတီတော်အတွက် ဗဟိုစက်မှုဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ (Central Industrial Security Force – CISF ) အား တာဝန်ချထားပေးရန် တောင်းဆိုမည်ဖြစ်ကြောင်းနှင့် “ အခုအချိန်မှာတော့ ဒီအဖွဲ့အစည်းက လုံခြုံရေးတာဝန် ယူဖို့ အသင့်တော်ဆုံးပါဘဲ “ ဟု ပြောကြားထားသည်။

 ပြည်နယ် ရဲတပ်ဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူးချုပ် အက်စ်ကေ ဘဒ်ဝပ်က လက်ရှိ အထောက်အထား များအရ အကြမ်းဖက်အဖွဲ့အစည်း တစ်ဖွဲ့ဖွဲ့၏ လက်ချက်ဖြစ်ကြောင်းပြောကြားသော်လည်း မည်သည့် အကြမ်းဖက်အဖွဲ့အစည်းကမျှ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြော်ငြာခြင်း မရှိသေးပေ။

( ရည်ညွှန်း- နယူဒေလီနှင့် ဟင်ဒူစတန်တိုင်းမ် ၈-၇-၂-၁၃ )

ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု


ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု

ဗုဒ္ဓဂါယာမြို့ ဗုဒ္ဓဘာသာအထွဋ်အမြတ် နေရာများ၌ ဗုံးပေါက်ကွဲခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ပေါက်ကွဲသည့် အကြောင်းအရင်းအား သေချာစစ်ဆေးလျက်ရှိပြီး လုံခြုံရေးကျိုးပေါက်သည့် နေရာများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ ဖော်ထုတ် စစ်ဆေး သွားမည်ဟု သိရသည်။

 ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ် မဟာဗောဓိစေတီတော် တည်ရှိရာ ကမ္ဘာကျော် သတ္တသတ္တာ ဟအဝင် ပရိဘောဂစေတီတော်များ တည်ရှိရာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာမြို့၌ ဇူလိုင်လ(၇)ရက်နေ့ နံနက် မြန်မာစံတော်ချိန် ၆၊၃၀ နာရီမှ ၆၊၅၈ နာရီ ( အိန္ဓိယစံတော်ချိန် နံနက် ၅၊၃၀ နာရီမှ ၅၊၅၈ နာရီအတွင်း ဗုံး ၉-လုံး အချိန်ခြား၍ ဆက်တိုက် ပေါက်ကွဲခဲ့သည်။  

ကမ္ဘာကျော် ဗုဒ္ဓဘာသာစေတီ ပုထိုးများတည်ရှိရာ ဗုဒ္ဓဂါယာမြို့တွင် မဟာေောဓိစေတီတော်ဝင်း အတွင်း ဗုံး ၄-လုံးအပါအဝင် စုစုပေါင်း ဗုံး ၉-လုံးပေါက်ကွဲခဲ့ရာ တစ်မြို့လုံးနီးပါး တုန်လှုပ်ချောက်ခြား ခဲ့သလို ထိုပေါက်ကွဲသံများကြောင့် သံဃာတော် ၂-ပါး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
သတင်းများအရ မဟာဗောဓိစေတီတော် ပရဝုဏ်အတွင်း ဗုံး ၄-လုံး၊ ကမ္မပါ ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ၃-လုံး၊ ဥာဏ်တော်အမြင့်ပေ- ၈၀ ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး အနီးတွင် ၁-လုံး နှင့် လမ်းဘေးဘတ်စ်ကား မှတ်တိုင်အနီး၌ ၁-လုံး စုစုပေါင်း ဗုံး ၉-လုံ့း ပေါက်ကွဲခဲ့ခြင်းဖြစ်ပါသည်။

သက်ဆိုင်ရာ အာဏာပိုင်များက ဗုံးများသည် ဒေသတွင်း ရရှိနိုင်သော ပစ္စည်းများဖြင့် ပြုလုပ်ထား သော လက်လုပ်ဗုံးများ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်ဟု ဒေသခံ ရုပ်သံသတင်းများ၌ ဖော်ပြထားသည်။

ဗုံးများအား နံနက်လင်းအားကြီးအချိန်တွင် ဖောက်ခွဲခဲ့သဖြင့် လူသူထိခိုက်မှု အနည်းဆုံး ဖြစ်ခဲ့ ကြောင်းနှင့် မဟာဗောဓိစေတီတော်ကြီးအား တစုံတရာမျှ ထိခိုက်ပျက်စီးမှုများ မဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။

မဟာဗောဓိစေတီတော်ကြီးသည် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ် ဘုရားဖူးရာ နေရာများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဘီဟာပြည်နယ်၏ အရေးအပါဆုံး ကမ္ဘာ့ခရီးသွားများအား ဆွဲဆောင်ရာ နေရာ တစ်ခုလည်း ဖြစ်ပါသည်။

သတင်းများ အဆိုအရ ဗုဒ္ဓဂါယာအား အထူးဦးစားပေးဒေသအဖြစ် သတ်မှတ်ထားပြီး တစ်နှစ်ပတ်လုံး လုံး လုံခြုံရေး လုံလောက်စွာ ချထားလေ့ရှိကြောင်း နှင့် ခရီးသွား ဘုရားဖူးများအား သေချာစွာ စစ်ဆေးပြီးမှသာ ပရဝုဏ်အတွင်းသို့ ဝင်ရောက်ခွင့်ပြုထားကြောင်း သိရသည်။

လွန်ခဲ့သော သြဂုတ်လ ၁-ရက်နေ့က ပူနေးမြို့တွင် မအောင်မြင်သော ဗုံးဖောက်ခွဲမှုအတွက် စွပ်စွဲဖမ်းဆီးခံရသော အိန္ဒိယ မူဂျာဟစ်ဒင် အဖွဲ့ဝင်များကလည်း မြန်မာနိုင်ငံတွင်းရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် ကျူးလွန်မှုများအတွက် ကလဲ့စားချေသည့် အနေဖြင့် ဗုဒ္ဓဘာသာ ဘာသာရေး ဆိုင်ရာ အထွတ်အမြတ်နေရာများတွင် အသေခံ ဗုံးဖောက်ခွဲမှုများ ပြုလုပ်ရန် ဗုဒ္ဓဂါယာဒေသတွင် စူးစမ်းလေ့လာမှုများ ဆောင်ရွက်ထားကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် သက်ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့မှ ပြည်နယ်အစိုးရထံ သတိပေးထားကြောင်းလည်း သိရပါသည်။

ရည်ညွှန်: အေအင်န်အိုင် နယူးဒေလီ ၇-၇-၂-၁၃