အကြမ်းဖက်မှုတွေအတွင်းမှာ
ဘာသာခြားတွေကို အန္တရာယ် မကြောက်ဘဲ ကာကွယ်စောင့်ရှောက်မှုပေးခဲ့ကြတဲ့ စိတ်ဓါတ်ကို ကာတာ
ချီးကျူး
ညွန့်အောင်
( မြစ်မခ )
မုန်းတီးရေး စကားများသည် အကြမ်းဖက်မှုကို
ဦးတည်စေကြောင်း ထောက်ပြရင်း အကြမ်းဖက်မှုတွေ အတွင်းမှာ မိမိ အန္တရာယ်ကို မငဲ့ကွက်ဘဲ
လူနည်းစု ဘာသာခြားများကို ကာကွယ်စောင့်ရှောက်ခဲ့ကြသော စိတ်ဓါတ်များကို ချီးကျူးပါကြောင်း
ရန်ုကုန်မြို့ ပါ့က်ရွိုင်ရယ်လ် ဟော်တယ် ခန်းမတွင် ပရိသတ် ၅၀၀-ခန်အား မိန့်ခွန်းပြောကြားရာတွင်
သမ္မတဟောင်း ဂျင်မီကာတာက ထည့်သွင်းပြောကြားသွားပါသည်။
သမ္မတကြိး နှင့်တကွ နိုင်ငံတော်အစိုးရ အဖွဲ့ဝင်များ၊
လူမျိုးစုခေါင်းဆောင်များ နှင့် နိုင်ငံရေးခေါင်းဆောင် များကို မြန်မာနိုင်ငံ၏ သမိုင်းဝင်
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေခြင်းအတွက်
ဂုဏ်ပြုသွားပြီး လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ တရားမျှတမှု၊ ချို့တဲ့ အားနည်းသူများ
အပေါ် မေတ္တာထားမှု၊ အချင်းချင်း ခွင်လွှတ်ခြင်းများ အားဖြင့်သာ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး ပန်းတိုင်သို့ အလျင်အမြန် ရောက်နိုင်မည်
ဖြစ်ကြောင်းလည်း အကြံပြု တိုက်တွန်းသွားပါသည်။
လူမျိုးစုများ နှင့် အစိုးရ အကြား အချင်းချင်း
ယုံကြည်မှု မရှိခြင်း နှင့် ကွဲပြားသော ဘာသာဝင်များ အကြား ယုံကြည်မှု ကင်းမဲ့နေခြင်းများသည်
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကြီးမားသော အဟန့်အတား ဖြစ်စေနိုင်ကြောင်း ပြောကြားရင်း
ပဋိပက္ခဖြေရှင်းရာတွင် အပစ်အခတ်ရပ်စဲရေးသာမက တစ်ဖက် နှင့် တစ်ဖက် အပြစ်တင် နေခြင်းကို
ရပ်တန့်ပြိး နိုင်ငံရေး စေ့စပ်ညှိနိုင်းမှုများလည်း
ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်း လည်းပြောကြားခဲ့ပါသည်။
ဆင်းရဲချမ်းသာအကြား ကွာဟမှုများမှာလည်း တည်ငြိမ်မှုကို
အနှောင့်အယှက်ပေးပြီး၊ မကျေနပ် မှုများကိုဖြစ်ပေါ်စေသဖြင့် အခြေခံလူတန်းစားများ စီးပွားတိုးတက်လာစေရန်
နှင့် မြေယာပိုင်ဆိုင်မှုများ ကို အာမခံချက်ပေးရန် လိုကြောင်း အစိုးရကို တိုက်တွန်း
ရင်း အပြည်ပြည်ဆိုင်ရာမှလည်း စီးပွားရေး ကန့်သတ်ချုပ်ခြယ်မှုများ ကို ပယ်ဖျက် ပေးရန်လိုကြောင်း
တိုက်တွန်းလိုက်ပါသည်။
မိခင်များ ပညာတတ်ခြင်းဖြင့် ကလေးငယ်များ၏
ကျန်းမာရေး၊ ပညာရေး နှင့် အခြားသော ဖွံ့ဖြိုးတိုး တက်မှုများ ရရှိစေနိုင်သဖြင့် ပညာရေးကိုလည်း
မြှင့်တင်သင့်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် တက္ကသိုလ် နှင့် ကောလိပ်ပေါင်း၁၆၂ ခုခန့်ရှိသည်ဟုသိရပါကြောင်း၊
တက္ကသိုလ်ကျောင်းသားများ အနေဖြင့် လွတ်လပ်မှုများ ပိုမိုရရှိလာပြီး မိမိပညာရေးဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားရင်း
နိုင်ငံဇွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွင် ပါဝင်ဆောင် ရွက်လာနိုင်ပြီဖြစ်ကြောင်းလည်း အကြံပြုသွားပါသည်။
ထို့အတူ ဆက်သွယ်ရေးပိုင်းတွင်လည်း ဆယ်လူလာ ဖုန်းများကို လူတိုင်းသုံးနိုင်စေရန် အမြန်
ဆောင်ရွက်သင့်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားပါသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြိးက
သမ္မတ ဂျင်မီကာတာသည် သူ၏ငယ်ဘဝကပင် အထင်ကြိးလေးစားခဲ့ရသည့် လူစွမ်းကောင်း ဖြစ်ကြောင်း
နှင့် နိုင်ငံအား ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် အရေးအပါဆုံးမှာ ပါလီမန်လည်းမဟုတ်၊
အစိုးရလည်းမဟုတ် နိုင်ငံသူ နိုင်ငံသားများသာဖြစ်ကြောင်း သမ္မတ အိုဘားမား၏ စကားကို ထပ်လောင်းပြောကြားလိုကြောင်း
မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။
သမ္မတဟောင်း ဂျင်မီကာတာ၏ မိန်ခွန်းကို အမျိုးသား
ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ ဦးတင်ဦး နှင့်အတူ သံတမန်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ အရပ်ဖက်
လူမှု အဖွဲ့အစည်း နှင့် တိုင်းရင်းသား အဖွဲံ့အစည်းများ မှခေါင်းဆောင်များ၊ လူငယ်များ
နှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း ၅၀၀-ခန့် တက်ရောက်နားထောင် ကြပြီး ညနေ ၇၊၁၅
နာရီတွင်စတင်၍ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပါသည်။
No comments:
Post a Comment