Friday, April 5, 2013

တွင်းထွက် သယံဇာတ နှင့် သတ္ထုရိုင်း




တွင်းထွက်သယံဇာတ နှင့် သတ္ထုရိုင်း

ညွန့်အောင် ( မြစ်မခ )

         လက်ပံတောင်းတောင် စီမံကိန်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက် လာသောအခါ ဂယက်တော်တော် ရိုက်ခတ်သွားပါတယ်။ မျက်စိမှိတ်ြပီးအော်သူတွေ၊ နောက်ကွယ်
က ဇာတ်ညွှန်းရေးဆရာတွေ၊ စီစဉ် ညွှန်ကြားသူတွေ၊ အမူအရာကောင်းကောင်းနဲ့ ကင်မရာ လှမ်းကြည့်
လိုက် ငိုပြောလေးပြောငိုလိုက် သရုပ်ဆောင်သူတွေ၊ အစီရင်ခံစာ မထုတ်ပြန်မီ ကတည်းက အတင်းလိုက်နာပါမယ်၊ ပူးပေါင်းပါမယ် ကြိုတင်ကတိပေးနေသူတွေ၊ လက်ရှိလူ နှင်ထုတ်ပြီး စဘော်ငွေ ကောင်းကောင်းနဲ့ နောက်လူ အသစ်တင်ချင်လို့ ရေလာမြောင်းပေးလုပ်နေသူတွေ၊ ဒေသ
ခံတွေရဲ့ကယ်တင်ရှင် ဝင်လုပ်ချင်သူတွေ၊  သဘာဝကြီးကို ဖက်တွယ်ထားချင်သူတွေ အများကြီးပါဘဲ။

         ငယ်ငယ်က ဂဏန်းသင်္ချာ သင်ခန်းစာမှာ ပုစ္ဆာတွက်ရင် အနည်းလို အများစားခြေ၊ အများလို အနည်းစား ခြေဆိုပြိး သုံးချက်တွက်နည်းတွေ တွက်ခဲ့ပါတယ်။ အဖြေမှန်ရရင် ပျော်လို့ပေါ့။ အရင်များ ပြိးလို့ကတော့ ငါ လူတော်ကွလို့ လက်မ ထောင်ချင်သေးတယ်။

         အလယ်တန်းအဆင့် ရောက်လို့ အက္ခရာသင်္ချာ သင်တော့မသိကိန်း ၂-လုံး၊ ၃-လုံးပါ ပုံသေနည်းတွေ တွက်ရတော့ နည်းနည်းလေးအင်အားစိုက်ထုတ်လာရတယ်။ အဆင့်မြင့်တန်းမှာ ဟိုဆီးရီး ဒီဆီးရီး စတဲ့ နာမည်တောင် ကောင်းကောင်းမမှတ်မိတော့တဲ့ သင်္ချာတွေ တွက်ရတော့ ငယ်ငယ်က သုံးချက်တွက်နည်းကို လွမ်းမိပါတယ်။

     အော် လောကမှာ ပြဿနာတွေကို သုံးချက်တွက်နည်းသုံးပြီး လွယ်လွယ်ရှင်းလို့ရရင်ကောင်းမှာဘဲလို့ တမ်းတမိပါတယ်။ ကော်မရှင်အစီရင်ခံစာကို လေ့လာကြည့်လျင် ရတတ်သမျှ အချိန်အတွင်းမှာ ရသမျှအချက် လက်တွေအပေါ်အခြေခံပြီး လက်လှမ်းမီသမျှ ပညာရှင်များ အကူအညီဖြင့် အသင့်တော်ဆုံး အကြံပြုချက် ( optimal solution ) ပေးထားကြောင်းတွေ့ရပါတယ်။ အထက်ကပြောသလို သုံးချက်တွက်နည်းဖြင့် တိုင်းတာ လျင်တော့ လက်ခံနိုင်မှာမဟုတ်ပါဘူး။ 

         သယံဇာတရောင်းပြီး ဝင်ငွေရှာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ အိမ်နီချင်း တရုတ်နိုင်ငံ ၏အခန်းကဏ္ဍလျှော့ချရေး၊ ဦးပိုင် ကုမ္ပဏီ၏ လုပ်ငန်းများ  လျှော့ချရေး၊ သိမ်းဆည်းမြေယာများ ကိစ္စ၊ ဒေသခံများ၏ လူနေမှုဘဝ အပြောင်းအလဲ နှင့် အခက်အခဲ၊ ဒေသခံနှင့် ကူညီသူများ၏ ဆန္ဒ ဖော်ထုတ်မှု၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဆန္ဒပြမှုများအား ကိုင်တွယ်ဖြေရှင်းရာတွင် လိုအပ်သည်ထက် အင်အား ပိုမို သုံးစွဲခြင်း၊ ပြည်ပ ကုမ္ပဏီ နှင့် ဦးပိုင် ကုမ္ပဏီတို့၏ အပြည်ပြည်ဆိုင်ရာ နှင့် ပြည်တွင်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ လိုက်နာမှု အားနည်းခြင်း နှင့် အဆင့်ကျော်ခြင်း၊ စသည့် အကြောင်းအရာ တစ်ရပ်တည်း ကို ရှေ့တန်းတင်ပြီး အစွဲများနှင့် ဖြေရှင်းရန် ကြိုးစားပါက လက်ရှိရောက်နေသော အနေအထားကို မျက်ကွယ် ပြုရာ ရောက်ပါမည်။

သယံဇာတ ထုတ်လုပ်မှု ဆိုင်ရာ စီမံခန့်ခွဲခြင်း

         မိမိတို့တိုင်းပြည်မှာ သယံဇာတပေါကြွယ်ဝကြောင်း ကိုယ်တိုင်လဲပြော၊ အပြည်ပြည်ဆိုင်ရာမှလည်း အသိ အမှတ်ပြုကြပါတယ်။ သယံဇာတဆိုရာမှာ တွင်းထွက်သယံဇာတ၊ မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တော သယံဇာတ၊ လူသယံဇာတ စသဖြင့် အမျိုးအစား တော်တော်များပါတယ်။ လူသယံဇာတကလွဲ၍ ကျန်သယံဇာတများမှာ သဘာဝအရ ဖြစ်တည်နေခြင်းဖြစ်ပါတယ်။ သို့အတွက်ကြောင့် သဘာဝကပေးထား သော လက်ဆောင်ပံ့ပိုးမှု ( natural endowment ) ဟုတင်စားကြခြင်းဖြစ်ပါတယ်။ အဆိုပါ သယံဇာတများ အနက် တွင်းထွက်သယံဇာတမှလွဲ၍ အခြားသယံဇာတများသည် သက်တမ်းရှည်စေရန်၊ စဉ်ဆက်မပြတ် သုံးစွဲ နိုင်ရန် လူသားများက အသိဉာဏ်နှင့် ယှဉ်လျက် ဆောင်ရွက်နိုင်ပါသည်။

         မြေသယံဇာတ မကုန်ခမ်းစေရန် အတွက် မြေဆီလွှာထိန်းသိမ်းခြင်း၊ မြေတိုက်စားမှု နည်းပါးစေရန် ဆောင်ရွက်ခြင်းစသည်တို့ကို စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် တာရှည်သုံးစွဲနိုင်ပါသည်။

         ရေသယံဇာတများဖြစ်သော မြစ်၊ ချောင်း၊ အင်း၊ အိုင်များအား သက်ဆိုင်ရာ ရေဝေရေလဲ ဒေသများ
အားစနစ်တကျ ပြုစုစောင့်ရှောက်ခြင်း၊ ရေထု မညစ်ညမ်းစေရန် စောင့်ရှောက်ခြင်း၊သဘာဝ ရေစီးရေလာ လမ်းကြောင်းများ၊ ရေထိန်းရေလှောင် ရေအိုင်များ၊ ရွှံ့နွံ စိမ့်အိုင်များ၊ စသဖြင့် စဉ်ဆက်မပြတ် သုံးစွဲနိုင်စေ
ရန် ဆောင်ရွက်နိုင်ပါသည်။
  
       သစ်တောသယံဇာတများကို သဘာဝအတိုင်းသစ်ပင်တိုးပွားနှုန်းကို တွက်ချက်၍ သစ်ထုတ်လုပ်မှု နှင့် သစ်ပင်တိုးပွားမှုကို ကိုက်ညှိထုတ်လုပ်ခြင်းဖြင့် သဘာဝသစ်တောများအား မလျော့စေဘဲ ထိန်းသိမ်းထုတ်လုပ် နိုင်ပါသည်။ သဘာဝတိုးပွားနှုန်းထက် ပိုမိုထုတ်လုပ်လိုပါက သစ်တောများအား အစားထိုးစိုက်ပျိုးခြင်းဖြင့် ဖြည့်စွက်ပေးနိုင်ပါသည်။ ရှေးယခင်က ကျွန်းသင်းသတ်ခြင်း နှင့် အလှည့်ကျ သစ်ထုတ်ခြင်းစနစ်သည် မြန်မာ့ သစ်တောစနစ်အား အခြားနိုင်ငံများက အတုယူခဲ့ရသော တာရှည် အကျိုးရှိသည့် သစ်တောထိန်းသိမ်း သစ်ထုတ်လုပ်မှု စနစ်ဖြစ်ပါသည်။
  
        တွင်းထွက်သယံဇာတများမှာ အထက်ဖော်ပြပါ သယံဇာတများ နှင့် ကွဲပြားပါသည်။ သဘာဝ မြေ။
 ကျောက်ထုအတွင်း နှစ်သန်းပေါင်းများစွာက ဖြစ်ပေါ်ခဲ့သော သယံဇာတ ဖြစ်ပါတယ်။ ပြန်လည်ပြုစု
ပျိုးထောင် အစားထိုး၍လည်းမရပါ။ ကုန်ခမ်းလွယ်သော သယံဇာတ အမျိုးအစားဖြစ်ပါသည်။
          
      သို့အတွက် တွင်းထွက်သယံဇာတများကို ထုတ်လုပ်ရာတွင် ထုတ်လုပ်ရေးဆိုင်ရာ မူဝါဒ ချမှတ်ရေး သည် အလွန်အရေးကြီးပါသည်။ထိုသယံဇာတ အားဖြင့် အကျိုးဖြစ်ထွန်းမှု အများဆုံး ရရှိစေရန် အပြင် အလျင် အမြန်ကုန်ခမ်း မသွားစေရန်၊ ပေါပေါများများ ထုတ်လုပ်မှုကြောင့် ဈေးနှုန်းကျမသွားစေရန်၊ သဘာဝပတ်ဝန်း ကျင် မပျက်စီးစေရန် သတိထားသင့်ပါသည်။
    
      ကမ္ဘာပေါ်တွင် စိန်၊ ရွှေ ကို ထွက်သလောက် မထုတ်ပါ။ ဈေးကွက် ကိုထိန်းချုပ်ထားနိုင်ရန် ထုတ်လုပ်မှု ပမာဏကို တွက်ချက် ထုတ်လုပ်ပါသည်။ မိမိတို့ နိုင်ငံတွင် မိမိတို့တွင်သာ ရှိသော ဂျေဒိုက်အမျိုးအစား ကျောက်စိမ်းကို တန်ဖိုးမြှင့် လက်ဝတ်ရတနာ ဖြစ်အောင် မကြိုးစားဘဲ လမ်းခင်းကျောက်ထုတ်သလို ယမ်းခွဲ ထုတ်လုပ်နေသည်မှာ ရင်နင့်ဖွယ်ရာဖြစ်ပါသည်။
  
       မိမိတို့နှစ်စဉ် ရရှိနေသော ကျောက်စိမ်းအရိုင်း/ ကျောက်မျက် အတွဲများ ရောင်းရငွေထက် အဆမတန်များပြားသော လက်ဝတ်ရတနာများရောင်းရငွေကို တရုတ်၊ တိုင်ဝမ်၊ ဟောင်ကောင် နှင့် ထိုင်း နိုင်ငံ လက်ဝတ် ရတနာလုပ်ငန်းများမှ ရရှိနေသည်ကို သင်ခန်းစာယူသင့်ပါသည်။
  
       ရုပ်ရှင်၊ ဝတ္ထုဇာတ်လမ်းများထဲမှာသာ ရတနာသိုက်များသည် ကျိန်စာသင့်စေသည် မဟုတ်ပါ။ သယံဇာတ များသည်လည်း စနစ်တကျ ထိန်းထိန်းသိမ်းသိမ်း မထုတ်လျင် ကောင်းကျိုးထက် ဆိုးကျိုးများစေနိုင်ပါသည်။      

တွင်းထွက် သယံဇာတ နှင့် သတ္ထုရိုင်း

         တွင်းထွက်သယံဇာတ ဆိုသည်မှာ ယေဘုယျအားဖြင့် တိကျသော ဓါတုဖွဲ့စည်းပုံရှိသော သဘာဝ အတိုင်း ထွက်ရှိသော အရာများကို တွင်းထွက်  သတ်မှတ်ပါသည်။ ရေသည်လည်း တွင်းထွက် သယံဇာတ တစ်မျိုးဖြစ်ပါသည်။

         တွင်းထွက် သယံဇာတများကို ပမာဏအများအပြား အမြတ်အစွန်းဖြင့် ထုတ်လုပ်နိုင်သော အခါမှသာ သတ္ထုရိုင်း ( ကုန်ကြမ်း ) ဟု သတ်မှတ်ပါသည်။ ဥပမာအားဖြင့် ရွှေတစ်ကျပ်သားပေါက်ဈေး
သည် ကျပ် ခွန်နှစ်သိန်းရှိချိန်တွင် တစ်ကျပ်သား ရရှိရန် ကုန်ကျစရိတ် ကျပ်ရှစ်သိန်း သုံးစွဲရပါက ထိုရွှေသည် တွင်းထွက် သယံဇာတအဆင့်သာ ဖြစ်ပြိး ရွှေသတ္ထု အဆင့် မသတ်မှတ်နိုင်ပါ။
   
       တွင်းထွက် သယံဇာတများအား လူသုံးကုန် ပစ္စည်းများအဖြစ် ထုတ်လုပ်ရန် အသုံးချခြင်း ဖြစ်ပါသည်။ တွင်းထွက် သယံဇာတများအား ယေဘုယျအားဖြင့် - 

·              စက်မှုကုန်ကြမ်း တွင်းထွက် သယံဇာတများ ၊ ( mineral resources for Industrial Raw material ) ဥပမာ- ထုံးကျောက်၊ ဆီလီကာသဲ၊ ဂေါဒန်ကျောက်၊ ဘရိုင်းတီးကျောက်၊ စသည်
·  
       အဖိုးတန် သတ္ထု တွင်းထွက် သယံဇာတများ ( mineral resources for Precious metals ) ဥပမာ- ရွှေ၊ ငွေ၊ ပလက်တီနမ်

·                ကျောက်မျက်ရတနာ နှင့် အလှဆင်ကျောက်မျက်များ(Gems and Decorating Stones )
ဥပမာ- ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ စသည်

·                       သံ၊ သံ နှင့်အလားတူ သတ္ထုများ ( mineral resources for ferrous metals )
       သံ၊ နစ်ကယ် စသည်
           
             သံမှအပအခြားသတ္ထုများ ( Mineral resources for non-ferrous metals )
စသည်တို့ဖြစ်ပါသည်။
        
       တွင်းထွက် သယံဇာတများသည် လူသုံးကုန် ပစ္စည်းအဖြစ် တိုက်ရိုက် အသုံးမချနိုင်ပါ။ ဥပမာအားဖြင့် သတ္ထုများသည် ဓါတ်စင်များဖြစ်သော်လည်း သဘာဝတွင်းထွက်များသည် ဓါတ်စင်ထက် ဓါတ်ပေါင်းအဖြစ်သာ တည်ရှိနေလေ့ရှိပါသည်။ ထို့အပြင် ဓါတ်ပေါင်းများသည်လည်း တစ်မျိုးတည်း သီးသန့် တည်ရှိနေခြင်း မဟုတ် ဘဲ အခြားဓါတ်စင်များ နှင့် ပူးတွဲ နေလေ့ရှိပါသည်။ ထို့ကြောင့် အသုံးလိုသော ဓါတ်ပေါင်းတစ်ခု ရရှိရန် အခြားပူးတွဲနေသော ဓါတ်စင်များကိုပါ မလွှဲမရှောင်သာ ထုတ်ယူပြီး စွန့်ပစ်ပစ္စည်းအဖြစ် ဖယ်ရှားရပါသည်။ မိမိ ရည်မှန်းချက်ထားသည့် ဓါတ်ပေါင်းရရှိလာသောအခါတွင်လည်း မိမိသုံးနိုင်သော ဓါတ်စင်အဖြစ် ရောက်အောင် စက်မှုနည်းလမ်း၊ ဓါတုနည်းလမ်းများဖြင့် ပြောင်းလဲပေးရပါသည်။
   
      ထိုသဘာဝ တွင်းထွက် သယံဇာတအား မိမိအသုံးလိုသော ဓါတ်စင်ဖြစ်လာသည် အထိ တူးဖော်ခြင်း၊ သန့်စင်ခြင်း အဆင့်ဆင့် ဆောင်ရွက်စဉ် သဘာဝမြေပြင် အနေအထားပျက်ယွင်းခြင်း၊ သဘာဝ မြေပြင်ရှိ အပင် နှင့် သတ္တဝါ မျိုးစိတ်များ အနေအထား နှင့် နေရင်းဒေသပျက်စီးခြင်း၊ လေထုအတွင်း သတ္ထုတူးဖော်ရာမှ ထွက်ပေါ်လာသော အမှုန်အမွှားများ ပျံ့လွင့်ခြင်း၊ သဘာဝ မြေဆီလွှာ ၊သဘာဝ မြေပေါ် မြေအောက် ရေ အရင်းအမြစ်များအား ညစ်ညမ်းစေခြင်း၊ ပျက်စိးစေခြင်း၊ သတ္ထုရိုင်းအား ကုန်ချောအဖြစ် ပြောင်းလဲ သန့်စင်ရာတွင် စက်မှုဆိုင်ရာ ဓါတုဆိုင်ရာ ဘေးထွက်ပစ္စည်းများ ထုတ်လွှတ်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် အား ညစ်ညမ်းပျက်စီးစေခြင်း စသည့် ဆိုးကျိုးများ ပူးတွဲဖြစ်ပေါ်စေပါသည်။
   
      သို့သော်လည်း လူသုံးပစ္စည်းများ ရရှိရေးအတွက် တိုင်းပြည်ထုတ်ကုန်( ဝင်ငွေ ) တိုးပွားရေးအတွက် သယံဇာတများကို ထုတ်လုပ်သုံးစွဲရမည်သာ ဖြစ်ပါသည်။ ထိုသို့ သယံဇာတ များကို ထုတ်လုပ်ရာတွင် မိမိတို့ လူသားများ မှီတင်းနေထိုင်ရာ သဘာဝ ပတ်ဝန်းကျင်အား ပျက်စိးစေမည့်၊ သက်တမ်းတိုစေမည့် နည်းလမ်းများ ကို ရှောင်ရှား၍ ရေရှည်တည်တန့် ခိုင်မြဲနိုင်သော သဘာဝ ဝန်းကျင် နှင့် မိတ်ဆွေ ဖြစ်သော နည်းလမ်းများ ဖြင့်သာ ရွေးချယ်လျက် လုပ်ငန်းသဘာဝ နှင့် အတိုင်းအဆ ပမာဏအပေါ် မူတည်၍
 နိုင်ငံသားများ သို့မဟုတ် ဒေသခံလူထုများ ပွင့်လင်းမြင်သာ ဖြစ်စေရန် ကောင်းကျိုး ဆိုးပြစ်များကို
 နှိုင်းချိန် သဘောပေါက်စေရန် ရှင်းလင်း တင်ပြဆွေးနွေး ဆောင်ရွက်သင့်ပါသည်။


No comments:

Post a Comment