Sunday, April 21, 2013

Happy Birthday Our Beloved Mr. President U Thein Sein

Happy Birthday Our Beloved Mr. President U Thein Sein.

စာရေးဆရာတစ်ဦး ရေးတာလား ဟောပြောတာလား မမှတ်မိတော့ပါ

ဝတ္ထု တစ်အုပ် ရေးရင်း ဇာတ်လမ်း ဇာတ်ကွက် ဇာတ်ကောင်တွေ ချပြီး ရေးတယ်

ရေးရင်း ရေးရင်း နဲ့ သူ့ဇာတ်ကောင် ကို သူစိတ်ကူးထားတဲ့အတိုင်း ဆက်ပြီး ကခိုင်းလို့

မရတော့ဘူးတဲ့

ဇာတ်ကောင်က သူ့ ဇာတ်ကောင်စရိုက်အတိုင်း လက်ရှိ ဇာတ်လမ်းအတိုင်းဘဲ သူ့ဖာသာသူ

ဆက်ပြီးလှုပ်ရှားကပြသွားတာ ဇာတ်လမ်းက အစက သူစိတ်ကူးထားတဲ့ အတိုင်း မဟုတ်တော့ဘဲ

ပြောင်းလဲသွားပါတယ်တဲ့။

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်-

ဘုန်ကြီးလို့ သက်ရှည်၊ သက်ရှည်လို့ ဘုန်းကြိးပါစေ

ကိုယ် စိတ် နှလုံး သုံးပါးလုံး ကျန်းမာ ချမ်းသာပါစေ

တစ်ဦးတစ်ယောက်၊ တစ်စု တစ်ဖွဲ့ မျက်နှာထက်

အများပြည်သူ မျက်နှာ အထူးသဖြင့် ဆင်းရဲ နိမ့်ကျ အားကိုးရာမဲ့ သူများအတွက်

တရားမျှတမှုဖော်ဆောင်ပေးနိုင်ပါေ

ဖိနှိပ် အနိုင်ကျင့်မှုများ ကို ဖယ်ရှားပေးနိုင်ပါစေ

အတိအကျတော့ မမှတိမိပါ ကျန်စစ်သားမင်းကဲ့သို့

လက်တစ်ဖက်ဖြင့် ပြည်သူ့ မျက်ရေ သုတ်ပေး၍

လက်တစ်ဖက်ဖြင့် အစာရေစာ လောက်ငအောင် ကျွေးမွေးနိုင်ပါစေ

နိုင်ငံ နှင့် လူမျိုးအတွက် အကောင်းဆုံး အကျိုးပြု ဆောင်ရွက်နိုင်ပါစေကြောင်း

ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Thursday, April 18, 2013

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး


                                               သဘာဝ ပတ်ဝန်းကျင်

      သဘာဝ ပတ်ဝန်းကျင် နှင့် အဆက်အစပ်မရှိသော အရာဟူ၍ ရှာမတွေ့နိုင်ပါ။ အစားအသောက်၊ လမ်းပမ်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ဆေးဝါး၊ စွမးအင်၊ စီးပွားရေးလုပ်ငန်း၊ခရီးသွားလုပ်ငန်း၊ ဆင်းရဲမွဲတေမှု၊ အားကစား စသည် မည်သည့်အရာမျှ သဘာဝ ပတ်ဝန်းကျင် နှင့် မလွတ်ကင်းနိုင်ပါ။ ထို့အတူ သဘာဝ ပတ်ဝန်းကျင်ကလည်း လူသားများကို လွှမ်းမိုးလျက်ရှိပါသည်။ လူသားများ၏ အနေအထိုင်၊ အစားအသောက် နှင့် အလုပ်အကိုင် အားလုံး သဘာဝအပေါ် မှီခိုနေပါသည်။

       လူသားများ၏ သဘာဝ ပတ်ဝန်းကျင်အား မှီခိုနေခြင်း၊ တစ်ပြိုင်တည်းမှာပင် သဘာဝ ပတ်ဝန်းကျင်အား လူသားများက ဖျက်ဆီးနေခြင်းသည်ပင် ၂၁-ရာစု၏ အကြီးကျယ်ဆုံး စိန်ခေါ်မှုကြိး တစ်ရပ်ပင်ဖြစ်ပေသည်။ အာရှတစ်လွှား အလျင်အမြန် တိုးတက်ဖွံ့ဖြိုးမှု၊ စဉ်ဆက်မပြတ် ညစ်ညမ်းမှုများ၊ ကမ္ဘာတစ်လွှား အရင်းအမြစ်များအား  ထုတ်ယူ သုံးစွဲနေမှုများသည် သိပ္ပံပညာရှင်အများ စိုးရိမ်သကဲ့သို့ ကမ္ဘာကြီးအား ကျွမ်းထိုးမှောက်ခုံဖြစ်စေရန် တွန်းပို့လျက်ရှိပါသည်။

       ဤအခြေအနေများသည် ဂျာနယ်လစ်များအား သဘာဝ ပတ်ဝန်းကျင် အကြောင်း ရေးကောင်းစေရန် လှုံ့ ဆော်လျက်ရှိပါသည်။ သဘာဝ ဘေးများအကြောင်း နှင့် စက်မှုလုပ်ငန်းများကြောင့် သဘာဝဝန်းကျင် ညစ်ညမ်းမှုကို ရေးနိုင်သည်။ တောတောင်များတွင်လှည့်လည်၍ သစ်တောပြုန်းတီးမှုများ၊ တောရိုင်း တိရစ္ဆာန် များ အလွန်အကျွံ သတ်ဖြတ်ခံရမှုများအကြောင်း ရေးသားနိုင်သည်။ သိပ္ပံပညာရှင်များ နှင့် တွေ့ဆုံမေးမြန်း လျက် ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်မှုများ၊ စီးပွားရေးလုပ်ငန်းများကို လေ့လာ၍ ပတ်ဝန်းကျင် နှင့် သဟဇာတဖြစ်သော ထုတ်ကုန်ပစ္စည်းများအကြာင်း ရေးနိုင်သည်။

      သဘာဝပတ်ဝန်းကျင်သည် ကျယ်ပြန့်သော အကြောင်းအရာ ဖြစ်သဖြင့် တစ်ဥိးတစ်ယောက်တည်းက တာဝန်ယူရေးသားရန် မတတ်နိုင်ပါ။ သို့သောလည်း စီးပွားရေးလုပ်ငန်း၊ အစိုးရအဖွဲ့ နှင့် အခြားအကြောင်းအရာ များကို သဘာဝ ပတ်ဝန်းကျင် ရှုထောင့်မှ ချဉ်းကပ်ရေးသားနိုင်ပါသည်။

      သဘာဝ ဝန်းကျင်ဆိုရာတွင် အိမ်၊ ကျောင်း၊ မော်တော်ယာဉ်၊ စက်ရုံ စသည့် လူဖန်တည်းသည့် သဘာဝ ပတ်ဝန်းကျင် ရှိသကဲ့သို့ လေထု၊ မြေထု၊ ရေထု၊ သစ်ပင်သစ်တောများ၊ တိရစ္ဆာန်များ နှင့် တွင်းထွက် သယံဇာတများစသည့် သဘာဝအလျောက်ဖြစ်သော သဘာဝ ပတ်ဝန်းကျင်လည်းရှိပါသည်။သဘာဝ ပတ်ဝန်း ကျင်ဆိုသည်မှာ မိမိတို့ပတ်လည်တွင်ရှိသော အရာခပ်သိမ်းပင်ဖြစ်၍ မိမိတို့သည် ၎င်း၏ အစိတ်အပိုင်း တစ်ခု သာဖြစ်ပါသည်။

သဘာဝ ပတ်ဝန်းကျင်၏  အရေးပါမ

      မိမိတို့ အသက်ရှင်သန်ရေးအတွက် သန့်ရှင်းသော လေ နှင့် ရေ လိုအပ်ပါသည်။ စားသုံးသော အစာများကို မြေပေါ်တွင် စိုက်ပျိုး မွေးမြူရပါသည်။ သို့မဟုတ် ပင်လယ်ပြင်မှ ဖမ်းယူရပါသည်။ ချည်ထည်၊ပိုးထည်၊ သားရေ နှင့် သိုးမွှေး စသည့် အဝတ်အထည်များကို အပင် နှင့် တိရစ္ဆာန်များမှ ရရှိပါသည်။ အုတ်၊ ကျောက်၊ သဲ၊ သစ်၊ ဝါး၊ ဘိလပ်မြေ၊ သံထည် စသည့် အိမ်ဆောက်ပစ္စည်းများကို မြေကြီး နှင့် သစ်တောများမှ ရရှိပါသည်။

      အသက်မွေးဝမ်းကျောင်းအတွက် မြေပြင် နှင့် ရေပြင် ကို အားထားရပါသည်။ မြို့နေလူထုသည်လည်း သဘာဝ ကိုမှီခိုရပါသည်။ မော်တော်ယာဉ်များ မောင်းနှင်ရန်အတွက် ရုပ်ကြွင်းလောင်စာများကို အသုံးပြုရပါသည်။ အိမ် နှင့် ရုံးခန်းများအတွက် လိုအပ်သော စွမ်းအင်များကို ကျောက်မီးသွေးများ မီးရှို့ခြင်းဖြင့် လည်းကောင်း၊ ဆည်များအတွင်း သိုလှောင်ထားသော ရေများစီးဆင်းစေခြင်းဖြင့် ရရှိပါသည်။ လူသုံးဆေးဝါး များသည်လည်း အပင်များမှ တိုက်ရိုက်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ စက်ရုံများစွာတိုကမှာလည်း သဘာဝ ကုန်ကြမ်းများကို အသုံးပြုလျက် ကုန်ချောများ ထုတ်ုလပ်နေကြခြင်းဖြစ်ပါသည်။

       သဘာဝပတ်ဝန်းကျင်သည် မိမိတို့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။ လေထု၊ ရေထု နှင့် အစားအစာများ အဆိပ်သင့်နေလျင် မိမိတို့ ကျန်းမာရေး ယိုယွင်းလာပြိး အလုပ်ပျက်ကွက်မည်။ အလုပ်မလုပ် နိုင်လျင် ဝင်ငွေမရှာနိုင် သည့်အပြင် ဆေးကုသစရိတ်များလည်း ကုန်ကျဦးမည်။ စာရင်းဇယားများအရ တရုတ်နိုင်ငံတွင် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် နှစ်စဉ် လူသိန်းပေါင်းများစွာ သေဆုံးနေကြောင်း သိရပါသည်။ သဘာဝ ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပွားရသော ဖျားနာမှုများကြောင့် စီးပွားရေး ကဏ္ဍတွင် ၃-ရာခိုင်နှုန်းခန့် ဆုံးရှုံးရကြောင်းသိရပါသည်။

       သဘာဝ ဝန်းကျင်သည် လူသားများ၏ ဘဝအရည်အသွေး မြင့်မားရေးအတွက် အဓိက နေရာမှပါဝင် လျက်ရှိပါသည်။ တောင်တန်းများ၊ သစ်ပင်များ၊ ရေကန်များ၊ မြစ်များ၊ ရင်ပြင်များ နှင့် ပန်းဥယျာဉ်များသည် မိမိတို့အတွက် အပမ်းဖြေ အနားယူရန် နှင့် လေ့ကျင်ခန်းများပြုလုပ်ရန် အေးချမ်း ဆိတ်ငြိမ်သော နေရာလေးများ ဖြစ်ပါသည်။

      အာရှတိုက်တစ်လွှား ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ နှင့် ရင်ဆိုင်ရလျက် ရှိကြပါသည်။ ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်လာသည်နှင့် အမျှ သဘာဝအရင်းအမြစ်များ လျော့ပါးလာသကဲ့သို့ မြစ်များ၊ရေကန်များ၊ သစ်တောများ နှင့် မြေယာ ပျက်စီးမှုများ ဖြစ်ပေါ်လာစေပါသည်။ ဖွံ့ဖြိုးတိုးတက်မှုကြောင့် အလုပ်အကိုင်အသစ်များ ပေါ်ထွက်လာပြိး ခေတ်မီ စာသင်ကျောင်းများ၊ သန့်ရှင်းသော ရေပေးဝေရေးစနစ် နှင့် ကျန်းမာရေး နှင့် ညီညွတ်သော သန့်ရှင်းရေး စနစ်များ ပေါ်ထွန်းလာသ ဖြင့် ကောင်းကျိုးများခံစားရပါသည်။ သို့သော်လည်း ဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ မော်တော်ယာဉ်များ။ စက်ရုံများ နှင့် ဆောက်လုပ်ရေး လုပ်ငန်းများ များပြားလာသကဲ့သို့ ထိုအကျိုးဆက်များကြောင့် ညစ်ညမ်းမှုများ တိုးပွားလာပြိး၊ အိမ် နှင့် ပရိဘောဂများအတွက် သစ်သားလိုအပ်မှု မြင့်တက်လာကာ စွမ်းအင်လည်း ပိုမို လိုအပ်လာပါသည်။

      မြို့ပြအိမ်ယာများ တိုးချဲ့လာခြင်းကြောင့် သဘာဝ ရွှံ့ညွှန်တောများ နှင့် သဘာဝ အပင် နှင့် သတ္တဝါမျိုးများ နေထိုင်ပေါက်ပွားရာ နေရာများ ပျက်စိး လျော့နည်းလာပါသည်။ လူအများစားသုံးမှုမှ အမှိုက်သရိုက်များ ပိုမို များပြားလာပါသည်။ လူဦးရေ တိုးပွားလာမှုကြောင့် သစ်တောများအား စိုက်ခင်များအဖြစ် ခုတ်ထွင်ပြောင်းလဲမှု မျာလာသည့်အပြင် စိုက်ခင်းများတွင်လည်း အထွက်နှုန်း တိုးရန်အတွက် ဓါတ်မြေသြဇာ နှင့် ပိုးသတ်ဆေးသုံးစွဲမှု မြင့်တက်လာကာ သက်ရှိများ အဆိပ်သင့်ခြင်း၊ ရေထု နှင့် မြေထု အရည်အသွေး ပျက်စီးလာခြင်းများ ဖြစ်ပေါ်စေပါသည်။

      ကုလသမဂ္ဂအဖွဲ့၏ ခန့်မှန်းချက်အရ ၂၁-ရာစု နှစ်လည်တွင် ကမ္ဘာ့လူဦးရေ သည် သန်းပေါင်း ၉၀၀၀ ခန့် အထိတိုးပွားလာမည်ဖြစ်ပါသည်။ ယခု လူဥိးရေ သန်းပေါင်း ၇၀၀၀ တွင် နောက်ထပ် တရုတ်နိုင်ငံ တစ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တစ်နိုင်ငံ တိုးလာမည့် သဘောပင်ဖြစ်ပါသည်။ သို့သော် လူဦးရေသာ တိုးလာခြင်းဖြစ်ပြိး မြေယာ နှင့် အရင်းအမြစ်များ မှာမတိုးလာဘဲ နဂိုအတိုင်းပင် ရှိနေမည်ဖြစ်ပါသည်။

      သို့အတွက် စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိင်ဖြေရှင်းရန် လိုအပ်လာပါသည်။ နောင်အနာဂတ်မျိုးဆက်များ အတွက် သဘာဝ အရင်းအမြစ်များ လုံလုံလောက်လောက်ချန်ထားနိုင်ပြီး လက်ရှိသဘာဝ ဝန်းကျင်အား မပျက် စီးစေဘဲ လူများသည် ထိုက်သည့်သော အဆင့်အတန်းတစ်ရပ် အနေအထားအတိုင်း နေထိုင်နိုင်မည့် လိမ္မာ ကျွမ်းကျင်သော စီမံချက် ချမှတ်နိုင်ရန် အရေးကြီးလာပါသည်။ ထိုအခြေအနေကို ရေရှည်တည်တန့် ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှု ဟုခေါ်ပါသည်။

      စိတ်ချမ်းသာဖွယ်ရာ သတင်းကောင်းမှာ လူထု နှင့် ဂျာနယ်လစ်များသည် လက်ရှိအခြေအနေကို သထိထားမိလာခြင်းပင် ဖြစ်ပါသည်။ဘန်ကောက်ကဲ့သို့သော မဟာမြို့တော်ကြီးများသည် ၎င်းတို့ မြို့တော်၏ လေထု အရည်အသွေးအား ပိုမိုသန့်ရှင်းကောင်းမွန်လာစေရန် စတင် ဆောင်ရွက်နိုင်ကြကာ စွန့်ပစ်ပစ္စည်း အမြောက်အများကိုလည်း ပြန်လည်သန့်စင်ခြင်း၊ကုန်ကြမ်းအဖြစ်သုံး၍ ပြန်လည် ထုတ်လုပ်ခြင်း တို့ကို အရှိန် တိုးမြှင့် ဆောင်ရွက်လာကြပြီ ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများသည်လည်း စွမ်းအင်ချွေတာရေး နည်းလမ်းများကို  အလေး ထားလာပြိး ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို လျှော့ချလာခဲ့ကြပါသည်။ ထို့အတူ တရုတ်ကဲ့သို့သော နိုင်ငံအချို့တို့သည် အစိမ်းရောင် ဂျီဒီပီ ခေါ် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ကြောင့် သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှုကို တိုင်းတာရန် နည်းလမ်းတစ်ရပ်ကို စတင်ဆွေးနွေးလာကြပြီ ဖြစ်ပါသည်။

      အစိုးရ နှင့် စီးပွားရေးလုပ်ငန်းများသည် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းပါးသည့် နည်းပညာများ၊ စွမ်းအင်သုံးစွဲမှု သက်သာသော ထုတ်လပ်မှုလုပ်ငန်းများကို ရွေးချယ်လျက် ရင်းနှီးမြုပ်နှံခြင်း အားဖြင့် သဘာဝပတ်ဝန်းကျင် ပြဿနာများကို စီပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ တိုင်းပြည်များ နှင့် ၎င်းတို့၏ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာခြင်းအားဖြင့် ပြည်သူပြည်သားများသည် ဝင်ငွေ တိုးတက်လာခြင်း၊ အိမ်ကောင်းများတွင် နေထိုင်ရခြင်း၊ မော်တော်ကားကောင်းများ စီးနင်းရယုံမျှသာမက သန့်ရှင်းကောင်းမွန်သော သဘာဝ ပတ်ဝန်းကျင်ကိုပါ ရရှိလာနိုင်ကြမည်ဖြစ်ပါသည်။

ဂျာနယ်လစ်များ၏ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အခန်းကဏ္ဍ

      သဘာဝ ပတ်ဝန်းကျင် အကြောင်းအရာသည် ကြီးမားကျယ်ပြန့်သည် နှင့်အမျှ ဂျာနယ်လစ်များ ပါဝင်နိုင်သည့် အခန်းကဏ္ဍမှာလည်း များပြားလှပါသည်။ ၎င်းတိုကအနက် အချို့ကို ဖော်ပြအပ်ပါသည်။
  • ·        သဘာဝပတ်ဝန်းကျင်၏ အရေးပါမှု နှင့်လူသားများကြောင့် ပတ်ဝန်းကျင် အပေါ်ရိုက်ခတ်မှု နှင့် ပတ်ဝန်းကျင်၏ လူသားအပေါ် ရိုက်ခတ်မှု ကို လူအများ သတိပြုမိလာစေရန် အသိပညာပေး လှုံ့ဆော်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။
  •         သဘာဝပတ်ဝန်းကျင်အား ကာကွယ်စောင့်ရှောက်ရေးအတွက် တည်ဆဲ ဥပဒေ နှင့် မူဝါဒများအား ပြည်သူများ သိရှိလာရေးအတွက် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။
  •   အစိုးရအဖွဲ့၏ မူဝါဒများ နှင့် လုပ်ဆောင်ချက်များအား အစိုးရမှ တာဝန်ယူရန် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေများ အသက်ဝင် လိုက်နာဆောင်ရွက်ရန် တာဝန်ရှိမှုကို စဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော်ခြင်း။
  • ·        စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံသူများ နှင့် အခြားသက်ဆိုင်သူများ၏ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု နှင့် အစားအစာထုတ်ကုန်များ အဆိပ်သင့် စေရန် မသင်္ကာဖွယ် ဆောင်ရွက်မှုများကို စုံစမ်း ဖော်ထုတ်ခြင်း။
  • ·        ပြဿနာများကိုသာမက ဖြေရှင်းရေး နည်းလမ်းများကို ရေးသား အသိပေးခြင်းဖြင့် ပြည်သူလူထုမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာ နိုင်စေရန် ဆောင်ရွက်ခြင်း။
  • ·        ပြည်သူလူထုများ သဘာဝ ပတ်ဝန်းကျင် အခြေအနေများကြောင့် အားကိုးရာမဲ့ ခံစားနေရခြင်း၊ သဘာဝ ပတ်ဝန်းကျင်အကြောင်း ကို စိတ်ကုန်သွားခြင်းများ ဖြစ်မသွားစေရန် အဆိုးများသာ ဖော်ပြ သည့် အကြောင်းအရာများကိုသာ အစဉ်တစိုက် ဖော်ပြခြင်း မပြုဘဲ အပြုသဘောဆောင်သော အကြောင်းအရာများကိုလည်း ရှာဖွေဖော်ထုတ်ရေးသားခြင်း။
  • ·        သဘာဝပတ်ဝန်းကျင် အကြောင်းအရာများကို လူအများနှင့်  သက်ဆိုင်လာစေရန် အများ ပြည်သူ ကျန်းမာရေးဖြင့်လည်းကောင်း၊ တစ်ဦးချင်း တန်ဖိုးထားရာစံများ ဖြင့်လည်းကောင်း၊ ဖတ်ရှု နားထောင်သူ များ၏ အိတ်ဆောင်မှီငြမ်းပြုရာအဖြစ်လည်းကောင်း ဆက်စပ်ပေးခြင်း။
  • ·        အကြောင်းအရာနှင့် သက်ဆိုင်သော ရှုထောင့်အားလုံး အထူးသဖြင့် သဘာဝပတ်ဝန်းကျင်အပေါ် အများဆုံး မှီခိုလျက်၊ သဘာဝ ပတ်ဝန်းကျင် နှင့် အနီးဆုံးတွင် တည်ရှိနေသော ဆင်းရဲသားများ၏ သဘောထား အသံများကို ရှာဖွေ လေ့လာ ဖော်ပြခြင်း။
      မည်သည့် မီဒီယာ အဖွဲ့အစည်းမျှ သဘာဝ ပတ်ဝန်းကျင် အကြောင်းအရာ အားလုံးကို ဖော်ပြရန်အတွက် သတင်းထောက်များအား သီးသန့် တာဝန်ပေး ခန့်အပ်ထားနိုင်မည် မဟုတ်ပါ။ သို့သော်လည်း ဂျာနယ်လစ်များ သည် မိမိတို့၏ နေ့စဉ်တာဝန်များကို လုပ်ဆောင်နေရင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို တွေ့ကြုံနေကြမည် ဖြစ်ပါသည်။
       
       ဂျာနယ်လစ်များသည် ပုံမှန်သွားလာလှုပ်ရှားရင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို တွေ့ရှိနိုင်ပါသည်။ ဖွံ့ဖြိုးရေး စီမ့ကိန်းများ၊ စွမ်းအင်စီမံကိန်းများ၊ ဆည်မြောင်း တည်ဆောက်ရေးများ၊ မြို့ပြ သန့်ရှင်းရေး စီမံကိန်းများ၊ သဘာဝ အရင်းအမြစ်များ၊ တရားမဝင် တောရိုင်းတိရစ္ဆာန် နှင့် သစ်တောထွက် ပစ္စည်းများ ရောင်းဝယ်ခြင်း နှင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များ စသည်တို့ဖြစ်ကြပါသည်။
       
ဂျာနယ်လစ်များသည် သဘာဝပတ်ဝန်းကျင် ကိုယ်စား မေးခွန်းများမေးခြင်းဖြင့် အကျိုးပြုနိုင်ပါသည်။ မည်သည့်အကြောင်းအရာကို ရေးသည်ဖြစ်စေ     ဤဖွံ့ဖြိုးရေးစီမံကိန်း၊ မူဝါဒ၊ ထုတ်ကုန်ပစ္စည်း၊ ဆောင်ရွက် ချက်သည် သဘာဝ ပတ်ဝန်းကျင်ကို မည်သို့ အကျိုးပြု / ထိခိုက်စေနိုင်ပါသနည်း ဟူသောမေးခွန်းကို မေးရန်လိုအပ်ပါသည်။
       
       ဂျာနယ်လစ်များသည် သဘာဝ ပတ်ဝန်းကျင် အကြောင်းကိုရေးရန် ကျွမ်းကျင်ပညာရှင် ဖြစ်ရန်မလိုအပ်ပါ။ သို့သော်လည်း မိမိကိုယ်တိုင် နှင့် မိမိပရိသတ်အား အသိပညာပေးနိုင်ရန် တိကျသော သတင်းအချက်အလက် များရရှိနိုင်ရန် မည်သည့်နေရာသို့ သွားရမည်ကို သိရန်လိုအပ်ပါသည်။ နိုင်ငံတိုင်းတွင် သဘာဝ ပတ်ဝန်းကျင် အကြောင်းအရာများကို ဆောင်ရွက်နေသော သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ရှိကြပါသည်။ တက္ကသိုလ် ပညာရပ် ဌာနများ၊ သိပ္ပံ ပညာရှင်များ၊ ပုဂ္ဂလိက လုပ်ငန်းများ နှင့် ဆေးရုံများမှလည်း သတင်းအချက်အလက်များ ရရှိနိုင်ပါသည်။ အစိုးရ ဌာနများတွင်လည်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းကိစ္စများ နှင့် သတင်းအချက်အလက်များ ရှိကြပါသည်။
       
        အရေးအကြီးဆုံးအချက်မှာ မေးခွန်းကောင်းများ မေးရန်၊ မူရင်း အကြောင်းအရာကို ထည့်သွင်းစဉ်းစားရန်၊ တိကျသော သတင်းအချက်အလက်များ ရှာဖွေ ဖော်ထုတ်ရန်၊ နှံ့စပ်၍ မျှတမှု ရှိစေရန်၊ အကြောင်းအချက်များ ကို ရှင်လင်းစွာ တင်ပြရန် နှင့် အချိတ်အဆက်မိ၍ စိတ်ဝင်စားဖွယ် အသွေးအရောင်စုံ ဇာတ်လမ်းများကို ဖန်တီး ထုတ်လုပ်ရန်ဖြစ်ပါသည်။

ဂေဟစနစ်များ ( Ecosystems )

      အရာခပ်သိမ်းတို့၏ အပြန်အလှန် ဆက်သွယ် အကျိုးပြုနေခြင်းကို ဂေဟစနစ်ဟုခေါ်ပါသည်။   ဂေဟစနစ် တစ်ခုသည်အသေး အကြီး မည်သည့် အရွယ်အစားမဆို ဖြစ်နိုင်ပါသည်။
 ရေစက်တစ်စက်လည်း ဖြစ်နိုင်ပါသည်။ သစ်တောတစ်အုပ်လည်း ဖြစ်နိုင်ပါသည်။ အရှေ့တောင်အာရှဒေသတွင် တောင်တန်းကြီးများ၊ မြစ်များ၊ အပူပိုင်းသစ်တောများ၊ ရွှံ့ညွှန်ရေအိုင်များ နှင့် သန္တာကျောက်တန်းများ အပါအဝင် ဂေဟစနစ် အမျိုးပေါင်း များစွာ တည်ရှိပါသည်။ ဂေဟစနစ်တစ်ခု အတွင်းရှိ သက်ရှိအမျိုးပေါင်းများစွာတို့ကို ဇီဝမျိုးကွဲများ ( Biodiversity ) ဟုခေါ်ပါသည်။ အာရှတိုက်တွင် ဇီဝမျိုးကွဲပေါင်း များစွာ ရိပါသည်။ 

      သက်ရှိအရာ မျိုးစုံ  တို့သည် အသိးသီး မိမိတို့ ကဏ္ဍအသိးသီးမှ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေကြသဖြင့် အားလုံး အရေးပါကြပါသည်။မိမိတို့ သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်သော အနုဇီဝများသည်ပင် မြေဆီလွှာအတွင်းရှိ  သေဆုံးသွားသော အရာများကို ကူညီ၍ ဓါတ်ပြိုကွဲစေခြင်းဖြင့် အပင်များအတွက် အစာသြဇာဓါတ်များ ထုတ်လုပ်ပေးနိုင်ပါသည်။ အပင်များကို ငှက်များ နှင့် တိရစ္တာန်ငယ်များက စားသုံး၍ ၎င်းတို့အား ပို၍ကြီးသော တိရစ္ဆာန်များက စားသုံးခြင်းခံကြရပါသည်။ 

      အစာကွင်းဆက်အတွင်းရှိ အရာတစ်ခုအား ဖယ်ရှားလိုက်လျင် အရာအားလုံးအား ထိခိုက်ပါသည်။ သို့အတွက်ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက မျိုးတုံးလုနီး မျိုးစိတ်များအား ကယ်တင်ရန်ကြီးစား နေကြခြင်းဖြစ်ပါသည်။ ထို့အပြင် ထိုမျိုးစိတ်များသည် မိမိတို့၏ယဉ်ကျေးမှု နှင့် ကိုယ်ပိုင်လက္ခဏာအတွက် အရေးပါသောကြောင့်လည်း ဖြစ်ပါသည်။ 

လူသားများက ဂေဟစနစ်တစ်ရပ်အတွင်း များစွာ ဝင်ရောက်စွက်ဖက် ပါက ၎င်းတို့၏ သဘာဝ ထိန်းညှိမှုကို ပျက်စိးစေပြိး တစ်ခါတစ်ရံ ကပ်ဘေးများပင် ဖြစ်ပေါ်စေပါသည်။

      သစ်ပင်အများအပြားကို ခုတ်လှဲပါက ( သစ်တောများ ပြုန်းတီးမှု ) သစ်ပင်များသည် မိုသည်းထန်စွာ ရွာသောအခါ ရေအမြောက်အများကို စုတ်ယူ မထိန်းသိမ်းထားနိုင်တော့သဖြင့် အနီးရှိရွာများတွင် ရေလျှံမှုများ၊ တောင်ပြိုမှုများဖြစ်ပေါ်စေပါသည်။ ဒီရေသစ်တောများကို ထင်းအလို့ငှာဖြစ်စေ၊ ရေငန်ပုစွန်မွေ့းမြူရန် နေရာအတွက် ဖြစ်စေ အလွန်အကျွံ ခုတ်လှဲလိုက်ပါက ဆိုင်ကလုန်း နှင့် အခြားမုန်တိုင်းများကို မကာကွယ်နိုင်တော့ပါ။ 

      ထို့အတူ မြေအောက်တွင် သဘာဝ အလျောက် သိုလှောင်ထားသော မြေအောက်ရေများကို အလွန်အကျွံ ထုတ်ယူသုံးစွဲမိပါက မြေပေါ်ရှိ အဆောက်အဦးများ နှင့် မြို့ပြီးများသည် တဖြည်းဖြည်း မြေအောက်သို့ နိမ့်ကျ  ( subsidence ) သွားပါသည်။ ထိုသို့မြေကျွံကျခြင်းအားဖြင့် ရေလွှမ်းမိုးမှုများ၊ ပင်လယ်မျက်နှာပြင် မြင့်တက် လာမှုများကို ကာကွယ်နိုင်စွမ်းလျော့နည်းလာပါသည်။

      ဒေသတစ်ခုတွင် တောင်သူလယ်သမားများသည် တိရစ္ဆာန်အရေအတွက် အမြောက်အများ မွေးမြူထား သော အခါတွင် သဘာဝ စားကျက်များအား အကုန်အစင်စားလိုက်သဖြင့် သဘာဝ အပင်များ တုံးသွားပါသည်။ ဖုံးလွှမ်းထားသော အပင်များ မရှိလျင် မြေဆီလွှာသည် လေတိုက်ခိုက်သဖြင့်လည်းကောင်း၊ မိုးရေတိုက်စား သဖြင့်လည်းကောင်း လေလွင့် မျောပါ ဆုံးရှုံးသွားပါသည်။ သဘာဝပေါက်ပင်များအား တိရစ္ဆာန်အများအပြားက အလွန်အကျွံစားသုံးခြင်းသည်လည်း တစ်စတစ်စနှင့် သဲကန္တာရဖြစ်ခြင်း ( desertification ) ၏ အကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်ပါသည်။

      သဘာဝတရားဖြစ်စဉ်များသည်ပင် ဂေဟစနစ်၏ ညီမျှထိန်းညှိမှုကို ပျက်ပြားစေတတ်ပါသည်။ မိုးခေါင်ေ၇ရှားမှုကြောင့် မြေဆီလွှာတိုက်စားခြင်း နှင့် တဖြည်းဖြည်း သဲကန္တာရဖြစ်ခြင်းကို အားပေးပါသည်။ မုန်တိုင်း နှင့် သဘာဝကပ်ဘေးများသည် တောတောင်ရေမြေ အနေအထားများကို ဖျက်ဆီး၍ မြစကြောင်းများကို ပြောင်းလဲကာ သေကြေပျက်စီးမှုများကို ဖြစ်စေပါသည်။

      သို့သောလည် သဘာဝ တရားသည် ခံနိုင်ရည်ရှိပြိး အလိုက်သင့် တွန်းလှန် ကျော်လွှားနိုင်စွမ်းလည်း ရှိပါသည်။ အချိန်ကာလ တစ်ရပ်အတွင်းမှာပင် ပြန်လည် ကောင်းမွန်လာကာ လိုအပ်သော ညှိနှိုင်းမှုများ ပြည်လည်ဆောင်ရွက်ခြင်းဖြင့် ညီမျှခြေ အသစ်ပြည်လည် တည်ဆောက်လေ့ရှိပါသည်။ သဘာဝ ကပ်ဘေးများ သည် တစ်ခါတစ်ရံ မျှော်လင့်မထားသော အကျိုးများလည်း ဖြစ်ထွန်းလာလေ့ရှိပါသည်။ ဥပမာအားဖြင့် ရေလွှမ်း မိုးမှုကြောင့် သေကြေပျက်စီးမှုများ ဖြစ်သော်လည်း ရေကျသွားသောအခါ နှုန်းများပို့ချခြင်းဖြင့် မြေဆီလွှာများ ပြည်လည်ကောင်းမွန်လာပြိး သီးနှံအထွက်တိုးလာတတ်ပါသည်။ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဆူနာမီရေလှိုင်းကြောင့် သေကျေပျက်စီးမှုများ ခံစားခဲ့ရသော်လည်း ပင်လယ်ကမ်းခြေများမှ အမှိုက်သရိုက်များ နှင့် သဲမဟောင်းများကို သယ်ဆောင်သွားပြိး ဖြူဖွေးသန့်စင်သော ပင်လယ်ကမ်းခြေများ ဖြစ်ပေါ်လာစေပါသည်။

     သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဂျာနယ်လစ်များသည် ဤသို့သောဆက်နွယ်မှုများကို ရှာဖွေ ဖော်ထုတ်လျက် ပြန်လည်တင်ပြပေးရန် ဖြစ်ပါသည်။

ကျန်းမာရေး နှင့် သဘာဝ ပတ်ဝန်းကျင်         

      သဘာဝ ပတ်ဝန်းကျင် နှင့် ပြည်သူ့ကျန်းမာရေးသည် ဆက်စပ်လျက်ရှိပါသည်။ စက်ရုံများ၊ မွေးမြူစိုက်ပျိုး ရေးလုပ်ငန်းများ နှင့် အဆောက်အဦးများ ညစ်ညမ်းလာပါက အစာကွင်းဆက်အတွင်း နှင့် မိမိတို့၏ သွေများ အတွင်း အဆိပ်သင့် ပစ္စည်းများ ဝင်ရောက်စုပုံလာကာ အဆိပ်သင့်မှုများ၊ ကင်ဆာ နှင့် အခြား ကျန်းမာရေး ဆိုင်ရာ ပြဿနာများ ဖြစ်ပွားစေပါသည်။ 

      အနောက်နိုင်ငံများမှ ကွန်ပြူတာ နှင့် ကင်မရာအဟောင်းများအပါအဝင် အီလက်ထရွန်နစ် စွန့်ပစ် ပစ္စည်းများအား အာရှနိုင်ငံများသို့ သယ်ဆောင်လာပြီး အသုံးဝင် ပစ္စည်းများ ပြန်လည်ထုတ်လုပ်ရန် လုပ်ဆောင်ကြပါသည်။ ထိုပစ္စည်းဟောင်း မျာအား ပြန်လည်ဖြုတ်ရာတွင် အန္တရာယ်ကာကွယ်ရေး ပစ္စည်များ စနစ်တကျမသုံးပါက ကင်ဆာဖြစ်စေသော ဓါတုပစ္စည်းများ နှင့် ဒိုင်အောက်ဇင်များ နှင့် ထိတွေမိကြပါသည်။ ဒိုင်အောက်ဇင်သည် ကင်ဆာ နှင့် မျိုးဆက်ပွားချို့ယွင်းမှုများကို ဖြစ်စေသော ဓါတုပစ္စည်း တစ်မျိုးဖြစ်ပြိး ပလတ်စတစ်များကို မီးရှီု့ရာမှ ထွက်ပေါ် လာပါသည်။ ထိုစက်ရုံများမှ လုပ်သားများသည် အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါများ၊ အရေပြားရောဂါများ နှင့် နာတာရှည်ရောဂါများ ဖြစ်ပွားကြပါသည်။

      ကူးစက်ရောဂါများစွာတို့သည် မိမိတို့၏ နေထိုင်ရာဝန်းကျင် နှင့် ဆက်စပ်လျက်ရှိပါသည်။ တီဘီရောဂါ သည် လေဝင်လေထွက် ညံ့ဖျင်းသော လူနေထူထပ်သည့် နေရာများတွင် ကူးစက်ပြန့်ပွားလျက်ရှိပါသည်။ ငှက်ဖျားရောဂါသည် တောတွင်း နှင့် နယ်စပ်ဒေသများတွင် ဖြစ်ပွားလျက်ရှိပါသည်။ ဆင်းရဲသူ ဆင်းရဲသားများ သည် သန့်ရှင်သောရေ နှင့် စနစ်ကျသော သန့်ရှင်းရေးစနစ်များ မရှိသည့်အားလျော်စွာ ထိခိုက်လွယ်ဆုံးသူများ ဖြစ်လာကြပါသည်။ မဖွံ့ဖြိုးသောဒေသများတွင် ရေလွှမ်းမိုးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ နှင့် ဝမ်းကိုက် ရောဂါများ ကူးစက်ပျံ့နှံ့စေပါသည်။ ဆင်းရသူ ဆင်းရဲသားများသည် လယ်ကွင်း နှင့် စက်ရုံများတွင် အလုပ်လုပ်ရင်း ဘေးကင်းသော အကာအကွယ် ပစ္စည်းများမပါဘဲ ဓါတုပစ္စည်းများနှင့် ထိတွေ့ကိုင်တွယ် နေကြရပါသည်။

နိုင်ငံများစွာ နှင့် ဆက်နွယ်မှု 

      သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းကိစ္စများသည် တစ်ခါတစ်ရံ နယ်စည်းများကို ကျော်လွန် လျက် နိုင်ငံများစွာ ပါဝင်ပတ်သက်လေ့ရှိနိုင်ပါသည်။ မြစ်အထက်ပိုင်းရှိ နိုင်ငံများက ဆည်ရေ အတွက် နှင့် ရေအားလျှပ်စစ်ထုတ်ရန် မြစ်ရေများကို အများအပြား သိုလှောင်လိုက်လျင် မြစ်အောက်ပိုင်းရှိ နိုင်ငံများအတွက် ရေရရှိမှုနည်းသွားမည် ဖြစ်ပါသည်။

      တရုတ်နိုင်ငံက မဲခေါင်မြစ်ပေါ်တွင် ဆည်များစွာ တည်ဆောက်လိုက်သဖြင့် မဲခေါင်မြစ်ကြောင်းပြောင်းသွားကာ မြစ်အောက်ပိုင်းရှိ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ နှင့် ကမ္ဘောဒီးယားနိုင်ငံများအတွက် အခက်အခဲဖြစ်လာပါသည်။ မြစ်ရေ မျက်နှာပြင် နိမ့်ကျသွားပြီး ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာသဖြင့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများတွင် ပင်လယ်ဆားငံရေ ဝင်ရောက်( saltwater intrusion ) လာစေပါသည်။
     
       ထို့အတူ အာရှဒေသမှ မီးခိုးလုံးများ၊အမှုန်များများသည် တိမ်တိုက်အသွင်ဖြင့် မြောက်အမေရိကတိုက် တိုင်အောင် လွင့်မျော သွားလေ့ရှိပါသည်။ ဖွံ့ဖြိုးပြိး စက်မှုနိုင်ငံများမှ ကာဘွန်ဓါတ်ငွေ့ထုတ်လွှင့်ညစ်ညမ်းမှု ( carbon pollution ) သည် ဖွဲ့ဖြိုးဆဲ နိုင်ငံများတွင် သဘာဝကပ်ဘေးများ ဖြစ်စေရန် တွန်းအားပေးလျက် ရှိပါသည်။
       
      သဘာဝတောရိုင်း တိရစ္ဆာန်များသည်လည်း နိုင်ငံတကာ သတ်မှတ်ထားသော နယ်နိမိတ်များကို ကျော်လွန်လျက် သွားလာရှင်သန်နေကြပါသည်။ ငှက်များ နှင့် ငါးများစွာတို့သည် ၎င်းတို့၏ မူရင်း သားပေါက် ရာဒေသများသို့ ကီလိုမီတာ ထောင်ပေါင်းများစွာ ပျံသန်း ကူးခတ်လျက် ရွှေ့ပြောင်းသွားလာနေကြပါသည်။ သို့အတွက်ကြောင့် ဒေသတစ်ခုတွင် အလွန်အကျွံ ငါးဖမ်းဆီးခြင်း၊ ဆည်ကြီးများတည်ဆောက်ခြင်းအားဖြင့် အခြားဒေသတစ်ခု၏ ငါးထုတ်လုပ်မှုကို လျော့နည်းပျက်စိးစေနိုင်ပါသည်။ နိုင်ငံများစွာတို့အကြား အခြားနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကြောင့် မိမိတို့နိုင်ငံတွင် ထိခိုက်မှုများ ကြုံရကြောင်း ငြင်းခုန်မှုများ ပိုမိုများပြားလာပါသည်။                                                                                                                           
ရာသီဥတု ပြောင်းလဲမှု ( Climate Change )
       
ရာသိဥတု ပြောင်းလဲမှုသည် ၂၁-ရာစုနှစ်၏ အရေးကြီးဆုံး အကြောင်းကိစ္စတစ်ခု ဖြစ်ပါသည်။ အခြားသော သဘာဝ ပတ်ဝန်းကျင် အကြောင်းကိစ္စများကဲ့သို့ပင် ရာသိဥတု ပြောင်းလဲမှုသည် လူတို့၏ လုပ်ဆောင်မှု များကို ကသောင်းကနင်းဖြစ်စေပါသည်။ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များ စုပုံလာခြင်း  နှင့် ကမ္ဘာမြေပြင်၏ အပူချိန် မြင့်တက်လာခြင်းတို့သည် လူသားများ နေထိုင်ရာဒေသ နှင့် နေထိုင်မှု ပုံစံများအပေါ် ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးလာမည်မှာ သေချာပါသည်။
      
       သိပ္ပံပညာများအားလုံး နီးပါးတို့သည် ကမ္ဘာကြီး၏ အပူချိန် တိုးတက်လာကြောင်း တညီတညွတ်တည်း လက်ခံ သဘောတူကြပါသည်။ လွန်ခဲ့သော နှစ်တစ်ရာကာလအတွင်း ကမ္ဘာမြေမျက်နှာပြင်၏ ပျမ်းမျှအပူချိန်သည် ၁-ဒီဂရီ ဆဲလ်စိးယပ်စ် တိုးမြင့်လာကြောင်းတွေ့ရပါသည်။ ကမ္ဘာမြေပြင် နေရာအနှံ့ ထောင်ပေါင်းများစွာသော နေရာများတွင် နှစ်ပေါင်းများစွာ အပူချိန်တိုင်း မှတ်တမ်းတင်ထားသဖြင့် တွက်ချက် ဖော်ပြနိုင်ခြင်းဖြစ်ပါသည်။ အာတိတ်စက်ဝိုင်းဒေသကဲ့သို့ အချို့နေရာများတွင် အခြားနေရာများထက် ပိုမိုလျင် မြန်စွာ ပူနွေးလာသဖြင့် ရေခဲထုများ နှင့် နှင်းထုများ လျင်မြန်စွာ အရည်ပျော်စပြုလာပါသည်။ အချို့နေရာဒေသ များတွင် ပိုမိုအေးလာပါသည်။ ဤကဲ့သို့သော အပူးချိန် အပြောင်းအလဲ၊ အတက်အကျများကို ပိုမိုကြုံတွေ့လာ ဖွယ်ရာရှိပါသည်။ သို့အတွက်ကြောင့် သိပ္ပံပညာရှင်များက ကမ္ဘာကြီူးပူနွေးမှု ( Global Warming  ) အစား ရာသီဥတု ပြောင်းလဲ မှု (  Climate Change   ) ဟုသုံးစွဲရန် ပိုမိုနှစ်သက်ကြခြင်း ဖြစ်ပါသည်။
       
      တစ်ပြိုင်တည်းမှာမင် ကမ္ဘာ့လေထုအတွင်းတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် နှင့် အခြားဓါတ်ငွေ့များလည်း တဖြည်းဖြည်း များပြားလာလျက်ရှိပါသည်။ အဆိုပါ မျက်စိဖြင့် မမြင်ရသော မော်လီကျူးများသည်   နေရောင်ခြည်မှ အပူဓါတ်များကို ဖမ်းဆွဲသိုလှောင်ထားပါသည်။ ထိုမှတဆင့် သဘာဝ ပတ်ဝန်းကျင်အား တဖြည်းဖြည်း ပူနွေးလာပါသည်။ အလုံပိတ်ထားသော ဖန်လှောင်အိမ်အတွင်း အပူဓါတ်ကို သိုလှောင်ထားကာ ရာသီဥတုအေးလာသောအခါ အပင်များ ရှင်သန်ကြီးထွားလာနိုင်စေရန် ကူညီပေးခြင်း  
ဖန်လုံအိမ် အာနိသင် ( Greenhouse effect )  နှင့် အလားသဏ္ဍာန်တူ ပါသည်။

     ကာဗွန်ဒိုင်အောက်ဆိုဒ်အား မောတော်ယာဉ်များ နှင့် ကျောက်မီးသွေးလောင်စာသုံး စက်ရုံများ အပါအဝင် အရင်းအမြစ်များစွာမှ ထုတ်လွှတ်ပေးပါသည်။ ထိုဓါတ်ငွေ့အမြောက်အများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သစ်တောများအလွန်အကျွံ ခုတ်ယူသောအခါများ နှင့် သစ်ပင်များသေကြေဆွေးမြေ့ခြင်း သို့မဟုတ် မီးရှို့ရာမှလည်း ထုတ်လွှတ်ပေးပါသည်။ ထို့အတူ သစ်ပင်များမရှိလျင် ကာဗွန်ဒိုင်အောက်ဆိုဒ်များကို စုတ်ယူခြင်း မရှိတော့သဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်များ လေထုအတွင်း ပိုမိုများပြားလာပါသည်။ ဖန်လုံအိမ် အာနိသင် ဖြစ်ပွားစေသော ဓါတ်ငွေ့များတွင် အပင်များဆွေးမြေ့ခြင်း နှင့် တိရစ္ဆာန်များ၏ စွန့်ထုတ်ပစ္စည်းများ မှထုတ်လွှတ်သော မီသိန်းဓါတ်ငွေ့ နှင့် စက်မှုလုပ်ငန်းများ နှင့် မော်တော်ယာဉ်များမှ စွန့်ထုတ်သော နိုက်ထရပ်စ် အောက်ဆိုဒ် များလည်းပါဝင်ပါသည်။   

     သိပ္ပံပညာရှင်များက ကာဗွန်ဒိုင်အောက်ဆိုဒ်များ တဖြည်းဖြည်းများပြားလာခြင်း နှင့် ကမ္ဘာကြီး ပူနွေးလာခြင်းသည် လူသားများ၏ လုပ်ဆောင်မှုများကြောင့် ဖြစ်ကြောင်း နှင့် လူသားများတွင် တာဝန်ရှိကြောင်း သဘောတူ လက်ခံကြပါသည်။ စက်မှုတော်လှန်ရေးစတင်ချိန် နှင့် မီးခိုးထုတ် စက်ရုံများ စတင်ချိန်မှစ၍ ယနေ့လက်ရှိကာလအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်နှုန်းသည် ၃၅- ရာခိုင်နှုန်တိုးပွားလာပါသည်။ ကမ္ဘာ့လေထုအတွင်းပါဝင်မှုမှာ ၁-ရာခိုင်နှုန်းအောက်လျော့သော်လည်း နှစ်ပေါင်းရာချီ၍ တည်မြဲ နေနိုင်ပါသည်။ ဆိုလိုသည်မှာ ယနေ့ကာလတွင် မိမိတို့၏ မော်တော်ယာဉ်  နှင့် မော်တော်ဆိုင်ကယ်မျုားမှ ထုတ်လွှတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များသည် လက်ရှိ ရာသီဥတု အခြေအနေအပေါ် နောင်မျိုးဆက်ပေါင်းများစွာ ထိခိုက်လွှမ်းမိုလျက် ရှိနေဦးမည်ဟူသည့် အချက်ပင် ဖြစ်ပါသည်။

     ကွန်ပြူတာပုံစံများ အသုံးပြု၍ သိပ္ပံပညာရှင်များ၏ တွက်ချက်မှုများ အရ လေထုအတွင် ကာဗွန်ဒိုင် အောက်ဆိုဒ် ပါဝင်မှုသည် ဤရာစုနှစ်ဝက် အလည်ကာလခန့်တွင် ၂-ဆခန့်တိုးလာမည်ဟု ခန့်မှန်းရပါသည်။ ထိုသို့ဖြစ်လာပါက ကမ္ဘာ့ပျမ်းမျှအပူချိန်သည် ၁.၅-ဒီဂရီ ဆဲလ်စီးယပ်စ်မှ ၅-ဒီဂရီ ဆဲလ်စီးယပ်စ်အတွင်း သို့မဟုတ် ပို၍မြင့်တက်လာနိုင်ပါသည်။ သိပ္ပံကညာရှင်များက အပူးချိန်သည် ၂-ဒီဂရီ ထက်ပိုများလာပါက သဘာဝပတ်ဝန်းကျင်တွင် နဂိုမူလအတိုင်း ပြန်မဖြစ်နိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ပူပန်နေ ကြပါသည်။

     ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်မှုများသည် အလွန်အမင်း ဖျက်ဆီးစွမ်းအားကြီးမားနိုင်ပါသည်။
·        ရေခဲမြစ်များ နှင့် ရေခဲပြင်ကြီးများ  အရည်ပျော်ခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။
·        မိုးခေါင်မှုများ နှင့် ပူပြင်းသောကာလများ ရှည်ကြာလာနိုင်ပါသည်။
·        မိုးသည်းထန်စွာရွာသွန်းမှုများ နှင့် ရေလွှမ်းမိုးမှုများ ပိုများလာနိုင်ပါသည်။
·        အင်အားကြီးမားသော မုန်တိုင်းများ နှင့် သဘာဝကပ်ဘေးများပိုမိုကျရောက်လာနိုင်ပါသည်။
·        ဂေဟစနစ်များ အဖျက်ဆီးခံရပြိး မျိုးစိတ်များ ပိုမို ပြုန်းတီးလာနိုင်ပါသည်။
·        ရောဂါများ ပိုမိုများပြား လာနိုင်ပါသည်။

အရှေ့တောင်အာရှဒေသ မဲခေါင်မြစ်ဝှမ်းဒေသကဲ့သို့သော မြေနိမ့်မြစ်ဝှမ်းများသည် ပင်လယ်ရေမျက်နှာပြင် ၁-မီတာထက်ပိုတက်လာပါက ရေမြုပ်ပျောက်ကွယ်သွားနိုင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်မှာလည်း အပူချိန်တက်လာသည်နှင့်အမျှ   ရေပြင်ကျယ်ပြန့်လာသည့်အပြင်၊ ရေခဲပြင်ကြီးများ အရည်ပျော်ကုန်သဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာရခြင်းဖြစ်ပါသည်။ 
      ပညာရှင်များ၏ ခန့်မှန်းချက်များ အမျိုးမျိုးကွဲပြား သော်လည်း  နှစ်ပေါင်းများစွာအကြာတွင် အမှန်ဖြစ်ပျက်လာမည်ဖြစ်ပါသည်။ ရန်ကုန်မြို့ နှင့် ဟိုင်ဖုန်မြို့ ( Yangon & Haiphong ) တို့သည် ရွှံ့ညွှန်ကွင်းများ ဖြစ်လာမည်ဖြစ်ပါသည်။ အဆိုပါဒေသနေ ပြည်သူများ သည် သူတို့ကိုယ်တိုင် သတိမထားမိသော်လည်း ရာသိဥတု ပြောင်းလဲမှု ကို စတင်ခုခ့နေကြပြီဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းနေ ပြည်သူများသည် မြင့်တက်လာမည့် ပင်လယ်ရေကို ကာကွယ်ရန် တာဘောင်များကို မြှင့်၍တည်ဆောက်နေကြပါသည်။ ထိုင်းနိုင်ငံ နှင့် မြန်မာပြည် ပင်လယ်ကမ်းရိုးတန်း ဒေသနေ ပြည်သူများသည် ဒီရေတောသစ်ပင်များကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ပင်လယ်ပြင်ကို နောက်သို့တွန်းထုတ်နေကြပါသည်။ ပင်လယ်ရေမျက်နှာပြင် အဆက်မပြတ် မြင့်တက်လာပါက လူသန်းပေါင်းများစွာ နေရာရွှေ့ပြောင်းကြရပါမည်။ 
 မြေသြဇာကောင်းသော လယ်ကွင်းများစွာ ဆုံးရှုံးကြရပါမည်။ အလုပ်အကိုင်ပေါင်းများစွာ ဆုံးရှုံးကြရမည်ဖြစ်ပါသည်။

      သိပ္ပံပညာရှင်များစွာတို့သည် ပိုမိုပြင်းထန်သော ဆိုင်ကလုန်း နှင့် တိုင်ဖွန်းများအပါအဝင် သဘာဝကပ်ဘေးများ ဖြစ်ပေါ်မှု အရေအတွက် များပြားလာကြောင်း သတိပေးကြပါသည်။ သူတို့က ရာသီဥတုပြောင်လဲမှုကြောင့် ပိုမိုပြင်းထန်သော မုန်တိုင်းများတိုက်ခတ်မည် ဆိုသည်မှာ ယုတ္တိရှိကြောင်း ပြောဆိုကြပါသည်။ မုန်တိုင်းများသည် အင်အားကို မင်လယ်ပြင်မှ ရရှိခြင်းဖြစ်သဖြင့် ပင်လယ်ရေ ပူနွေးလာ လေ မုန်တိုင်များ အင်အား ပြင်းထန်လာလေဖြစ်ပေသည်။ သို့သော်လည်း ယနေ့ထက်တိုင် မည်သည့်မုန်တိုင်းကိုမျှ ဆက်စပ်မပြနိုင်သေးပါ။

      အစိုးရများသည်လည်း ကာဗွန်ထုတ်လွှတ်မှုများကို ထိထိရောက်ရောက် လျှော့ချနိုင်မည့် နည်းလမ်းများကို ဆွေးနွေးအဖြေရှာလျက်ရှိရာ စဉ်ဆက်မပြတ် အားပြည့်လောင်စာများ ပိုမိုသုံးစွဲရေးမှအစ ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းသော နည်းပညာများရှာဖွေ ဖော်ထုတ်ရေး အထိ နည်းလမ်းပေါင်းစုံ ပါဝင်ပါသည်။ လူအများသည်လည်း စားသုံးမှု လျှော့ချ၍ ပိုမိုချွေတာနိုင်မည့် လူနေမှု ပုံစံများသိုက ပြောင်းလဲနိုင်ရန် ဆွေးနွေးအဖြေရှာလျက်ရှိကြပါသည်။

      အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ဒေသခံ အစိုးရများ ပူးပေါင်း၍ ပြည်သူများ ရာသီဥတု ပြောင်းလဲမှု နှင့် လိုက်လျောညီထွေ နေနိုင်မည့် နည်းလမ်းများကို သူတေသနပြု ရှာဖွေနေဆဲမှာပင်၊ ရာသီဥတ ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် ရိုက်ခတ်မှုများကို လျော့ပါသက်သာစေမည့် နည်းလမ်းများ ကိုရှာဖွေလျက်ရှိကြပါသည်။

      ချမ်;သာကြွယ်ဝသော နိုင်ငံများက ဆင်းရဲသောနိုင်ငံများအား သူတို့၏ သစ်တောများအား ထိန်းသိမ်း ထားနိုင်ရန် အလို့ငှာ ငွေကြေးထောက်ပံ့ရန် နည်းလမ်းကို ထည့်သွင်းစဉ်းစားလာကြပါသည်။ ထို့အတူ လေထုညစ်ညမ်းမှု ပမာဏလွန်ကဲနေသော ကုမ္ပဏီများအား ကာဗွန်ထုတ်လွတ်မှု ပမာဏ သတ်မှတ်ချက် အောက် လျော့နည်းနေသော ကုမ္ပဏီများထံမှ မထုတ်လွှတ်ရသေးသော ကာဗွန်အပို ပမာဏကို ငွေကြေး ဖြင့် ဝယ်ယူသုံးစွဲခွင့်ပြုသည့်နည်းလမ်းကိုလည်း အချို့နိုင်ငံများတွင် စတင်ကျင့်သုံးနေပြီဖြစ်ပါသည်။
      
      ဤသို့ဖြင့် Emission Market ခေါ် မထုတ်လွှတ်ရသေးသော ကာဗွန်ထုတ်လွှတ်မှုအပို ပမာဏများအား ဝယ်ယူကာ တဆင့် ပြည်လည်ရောင်းဝယ်သည့်ဈေးကွက်တစ်ခု   ပေါ်ပေါက်လာပါသည်။ အခြားသော နည်းလမ်းများအားဖြင့်လည်း သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှု နှုန်းကို တဖြည်းဖြည်း လျှော့ချလာနိုင်မည်ဖြစ်ပါသည်။

“ THE ENVIRONMENT “ From “  BEYOND BASICS; An Advanced Journalism Manual “
By; Jeff Hodson and Graham Watts. For The Indochina Media Memorial Foundation First Edition. June 2010.


Saturday, April 6, 2013

အမေရိကန် ပြည်တောင်စု သမ္မတဟောင်း ဂျင်မီကာတာ၏ မြန်မာလူထုသို့ ပြောကြားသည့် မိန့်ခွန်း



အကြမ်းဖက်မှုတွေအတွင်းမှာ ဘာသာခြားတွေကို အန္တရာယ် မကြောက်ဘဲ ကာကွယ်စောင့်ရှောက်မှုပေးခဲ့ကြတဲ့ စိတ်ဓါတ်ကို ကာတာ ချီးကျူး

ညွန့်အောင် ( မြစ်မခ )

         မုန်းတီးရေး စကားများသည် အကြမ်းဖက်မှုကို ဦးတည်စေကြောင်း ထောက်ပြရင်း အကြမ်းဖက်မှုတွေ အတွင်းမှာ မိမိ အန္တရာယ်ကို မငဲ့ကွက်ဘဲ လူနည်းစု ဘာသာခြားများကို ကာကွယ်စောင့်ရှောက်ခဲ့ကြသော စိတ်ဓါတ်များကို ချီးကျူးပါကြောင်း ရန်ုကုန်မြို့ ပါ့က်ရွိုင်ရယ်လ် ဟော်တယ် ခန်းမတွင် ပရိသတ် ၅၀၀-ခန်အား မိန့်ခွန်းပြောကြားရာတွင် သမ္မတဟောင်း ဂျင်မီကာတာက ထည့်သွင်းပြောကြားသွားပါသည်။

         သမ္မတကြိး နှင့်တကွ နိုင်ငံတော်အစိုးရ အဖွဲ့ဝင်များ၊ လူမျိုးစုခေါင်းဆောင်များ နှင့် နိုင်ငံရေးခေါင်းဆောင် များကို မြန်မာနိုင်ငံ၏ သမိုင်းဝင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေခြင်းအတွက် ဂုဏ်ပြုသွားပြီး လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ တရားမျှတမှု၊ ချို့တဲ့ အားနည်းသူများ အပေါ် မေတ္တာထားမှု၊ အချင်းချင်း ခွင်လွှတ်ခြင်းများ အားဖြင့်သာ ဒီမိုကရေစီ  အသွင်ကူး ပြောင်းရေး ပန်းတိုင်သို့ အလျင်အမြန် ရောက်နိုင်မည် ဖြစ်ကြောင်းလည်း အကြံပြု တိုက်တွန်းသွားပါသည်။

         လူမျိုးစုများ နှင့် အစိုးရ အကြား အချင်းချင်း ယုံကြည်မှု မရှိခြင်း နှင့် ကွဲပြားသော ဘာသာဝင်များ အကြား ယုံကြည်မှု ကင်းမဲ့နေခြင်းများသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကြီးမားသော အဟန့်အတား ဖြစ်စေနိုင်ကြောင်း ပြောကြားရင်း ပဋိပက္ခဖြေရှင်းရာတွင် အပစ်အခတ်ရပ်စဲရေးသာမက တစ်ဖက် နှင့် တစ်ဖက် အပြစ်တင် နေခြင်းကို ရပ်တန့်ပြိး  နိုင်ငံရေး စေ့စပ်ညှိနိုင်းမှုများလည်း ဆက်လက်ဆောင်ရွက်သွားရန် လိုကြောင်း လည်းပြောကြားခဲ့ပါသည်။

         ဆင်းရဲချမ်းသာအကြား ကွာဟမှုများမှာလည်း တည်ငြိမ်မှုကို အနှောင့်အယှက်ပေးပြီး၊ မကျေနပ် မှုများကိုဖြစ်ပေါ်စေသဖြင့် အခြေခံလူတန်းစားများ စီးပွားတိုးတက်လာစေရန် နှင့် မြေယာပိုင်ဆိုင်မှုများ ကို အာမခံချက်ပေးရန် လိုကြောင်း အစိုးရကို တိုက်တွန်း ရင်း အပြည်ပြည်ဆိုင်ရာမှလည်း စီးပွားရေး ကန့်သတ်ချုပ်ခြယ်မှုများ ကို ပယ်ဖျက် ပေးရန်လိုကြောင်း တိုက်တွန်းလိုက်ပါသည်။

         မိခင်များ ပညာတတ်ခြင်းဖြင့် ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေး နှင့် အခြားသော ဖွံ့ဖြိုးတိုး တက်မှုများ ရရှိစေနိုင်သဖြင့် ပညာရေးကိုလည်း မြှင့်တင်သင့်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် တက္ကသိုလ် နှင့် ကောလိပ်ပေါင်း၁၆၂ ခုခန့်ရှိသည်ဟုသိရပါကြောင်း၊ တက္ကသိုလ်ကျောင်းသားများ အနေဖြင့် လွတ်လပ်မှုများ ပိုမိုရရှိလာပြီး မိမိပညာရေးဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားရင်း 
 နိုင်ငံဇွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွင် ပါဝင်ဆောင် ရွက်လာနိုင်ပြီဖြစ်ကြောင်းလည်း အကြံပြုသွားပါသည်။ ထို့အတူ ဆက်သွယ်ရေးပိုင်းတွင်လည်း ဆယ်လူလာ ဖုန်းများကို လူတိုင်းသုံးနိုင်စေရန် အမြန် ဆောင်ရွက်သင့်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားပါသည်။

         မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြိးက သမ္မတ ဂျင်မီကာတာသည် သူ၏ငယ်ဘဝကပင် အထင်ကြိးလေးစားခဲ့ရသည့် လူစွမ်းကောင်း ဖြစ်ကြောင်း နှင့် နိုင်ငံအား ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် အရေးအပါဆုံးမှာ ပါလီမန်လည်းမဟုတ်၊ အစိုးရလည်းမဟုတ် နိုင်ငံသူ နိုင်ငံသားများသာဖြစ်ကြောင်း သမ္မတ အိုဘားမား၏ စကားကို ထပ်လောင်းပြောကြားလိုကြောင်း မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။

         သမ္မတဟောင်း ဂျင်မီကာတာ၏ မိန်ခွန်းကို အမျိုးသား ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ ဦးတင်ဦး နှင့်အတူ သံတမန်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ အရပ်ဖက် လူမှု အဖွဲ့အစည်း နှင့် တိုင်းရင်းသား အဖွဲံ့အစည်းများ မှခေါင်းဆောင်များ၊ လူငယ်များ နှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း ၅၀၀-ခန့် တက်ရောက်နားထောင် ကြပြီး ညနေ ၇၊၁၅ နာရီတွင်စတင်၍ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပါသည်။

Friday, April 5, 2013

တွင်းထွက် သယံဇာတ နှင့် သတ္ထုရိုင်း




တွင်းထွက်သယံဇာတ နှင့် သတ္ထုရိုင်း

ညွန့်အောင် ( မြစ်မခ )

         လက်ပံတောင်းတောင် စီမံကိန်း နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက် လာသောအခါ ဂယက်တော်တော် ရိုက်ခတ်သွားပါတယ်။ မျက်စိမှိတ်ြပီးအော်သူတွေ၊ နောက်ကွယ်
က ဇာတ်ညွှန်းရေးဆရာတွေ၊ စီစဉ် ညွှန်ကြားသူတွေ၊ အမူအရာကောင်းကောင်းနဲ့ ကင်မရာ လှမ်းကြည့်
လိုက် ငိုပြောလေးပြောငိုလိုက် သရုပ်ဆောင်သူတွေ၊ အစီရင်ခံစာ မထုတ်ပြန်မီ ကတည်းက အတင်းလိုက်နာပါမယ်၊ ပူးပေါင်းပါမယ် ကြိုတင်ကတိပေးနေသူတွေ၊ လက်ရှိလူ နှင်ထုတ်ပြီး စဘော်ငွေ ကောင်းကောင်းနဲ့ နောက်လူ အသစ်တင်ချင်လို့ ရေလာမြောင်းပေးလုပ်နေသူတွေ၊ ဒေသ
ခံတွေရဲ့ကယ်တင်ရှင် ဝင်လုပ်ချင်သူတွေ၊  သဘာဝကြီးကို ဖက်တွယ်ထားချင်သူတွေ အများကြီးပါဘဲ။

         ငယ်ငယ်က ဂဏန်းသင်္ချာ သင်ခန်းစာမှာ ပုစ္ဆာတွက်ရင် အနည်းလို အများစားခြေ၊ အများလို အနည်းစား ခြေဆိုပြိး သုံးချက်တွက်နည်းတွေ တွက်ခဲ့ပါတယ်။ အဖြေမှန်ရရင် ပျော်လို့ပေါ့။ အရင်များ ပြိးလို့ကတော့ ငါ လူတော်ကွလို့ လက်မ ထောင်ချင်သေးတယ်။

         အလယ်တန်းအဆင့် ရောက်လို့ အက္ခရာသင်္ချာ သင်တော့မသိကိန်း ၂-လုံး၊ ၃-လုံးပါ ပုံသေနည်းတွေ တွက်ရတော့ နည်းနည်းလေးအင်အားစိုက်ထုတ်လာရတယ်။ အဆင့်မြင့်တန်းမှာ ဟိုဆီးရီး ဒီဆီးရီး စတဲ့ နာမည်တောင် ကောင်းကောင်းမမှတ်မိတော့တဲ့ သင်္ချာတွေ တွက်ရတော့ ငယ်ငယ်က သုံးချက်တွက်နည်းကို လွမ်းမိပါတယ်။

     အော် လောကမှာ ပြဿနာတွေကို သုံးချက်တွက်နည်းသုံးပြီး လွယ်လွယ်ရှင်းလို့ရရင်ကောင်းမှာဘဲလို့ တမ်းတမိပါတယ်။ ကော်မရှင်အစီရင်ခံစာကို လေ့လာကြည့်လျင် ရတတ်သမျှ အချိန်အတွင်းမှာ ရသမျှအချက် လက်တွေအပေါ်အခြေခံပြီး လက်လှမ်းမီသမျှ ပညာရှင်များ အကူအညီဖြင့် အသင့်တော်ဆုံး အကြံပြုချက် ( optimal solution ) ပေးထားကြောင်းတွေ့ရပါတယ်။ အထက်ကပြောသလို သုံးချက်တွက်နည်းဖြင့် တိုင်းတာ လျင်တော့ လက်ခံနိုင်မှာမဟုတ်ပါဘူး။ 

         သယံဇာတရောင်းပြီး ဝင်ငွေရှာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ အိမ်နီချင်း တရုတ်နိုင်ငံ ၏အခန်းကဏ္ဍလျှော့ချရေး၊ ဦးပိုင် ကုမ္ပဏီ၏ လုပ်ငန်းများ  လျှော့ချရေး၊ သိမ်းဆည်းမြေယာများ ကိစ္စ၊ ဒေသခံများ၏ လူနေမှုဘဝ အပြောင်းအလဲ နှင့် အခက်အခဲ၊ ဒေသခံနှင့် ကူညီသူများ၏ ဆန္ဒ ဖော်ထုတ်မှု၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဆန္ဒပြမှုများအား ကိုင်တွယ်ဖြေရှင်းရာတွင် လိုအပ်သည်ထက် အင်အား ပိုမို သုံးစွဲခြင်း၊ ပြည်ပ ကုမ္ပဏီ နှင့် ဦးပိုင် ကုမ္ပဏီတို့၏ အပြည်ပြည်ဆိုင်ရာ နှင့် ပြည်တွင်း သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ လိုက်နာမှု အားနည်းခြင်း နှင့် အဆင့်ကျော်ခြင်း၊ စသည့် အကြောင်းအရာ တစ်ရပ်တည်း ကို ရှေ့တန်းတင်ပြီး အစွဲများနှင့် ဖြေရှင်းရန် ကြိုးစားပါက လက်ရှိရောက်နေသော အနေအထားကို မျက်ကွယ် ပြုရာ ရောက်ပါမည်။

သယံဇာတ ထုတ်လုပ်မှု ဆိုင်ရာ စီမံခန့်ခွဲခြင်း

         မိမိတို့တိုင်းပြည်မှာ သယံဇာတပေါကြွယ်ဝကြောင်း ကိုယ်တိုင်လဲပြော၊ အပြည်ပြည်ဆိုင်ရာမှလည်း အသိ အမှတ်ပြုကြပါတယ်။ သယံဇာတဆိုရာမှာ တွင်းထွက်သယံဇာတ၊ မြေသယံဇာတ၊ ရေသယံဇာတ၊ သစ်တော သယံဇာတ၊ လူသယံဇာတ စသဖြင့် အမျိုးအစား တော်တော်များပါတယ်။ လူသယံဇာတကလွဲ၍ ကျန်သယံဇာတများမှာ သဘာဝအရ ဖြစ်တည်နေခြင်းဖြစ်ပါတယ်။ သို့အတွက်ကြောင့် သဘာဝကပေးထား သော လက်ဆောင်ပံ့ပိုးမှု ( natural endowment ) ဟုတင်စားကြခြင်းဖြစ်ပါတယ်။ အဆိုပါ သယံဇာတများ အနက် တွင်းထွက်သယံဇာတမှလွဲ၍ အခြားသယံဇာတများသည် သက်တမ်းရှည်စေရန်၊ စဉ်ဆက်မပြတ် သုံးစွဲ နိုင်ရန် လူသားများက အသိဉာဏ်နှင့် ယှဉ်လျက် ဆောင်ရွက်နိုင်ပါသည်။

         မြေသယံဇာတ မကုန်ခမ်းစေရန် အတွက် မြေဆီလွှာထိန်းသိမ်းခြင်း၊ မြေတိုက်စားမှု နည်းပါးစေရန် ဆောင်ရွက်ခြင်းစသည်တို့ကို စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် တာရှည်သုံးစွဲနိုင်ပါသည်။

         ရေသယံဇာတများဖြစ်သော မြစ်၊ ချောင်း၊ အင်း၊ အိုင်များအား သက်ဆိုင်ရာ ရေဝေရေလဲ ဒေသများ
အားစနစ်တကျ ပြုစုစောင့်ရှောက်ခြင်း၊ ရေထု မညစ်ညမ်းစေရန် စောင့်ရှောက်ခြင်း၊သဘာဝ ရေစီးရေလာ လမ်းကြောင်းများ၊ ရေထိန်းရေလှောင် ရေအိုင်များ၊ ရွှံ့နွံ စိမ့်အိုင်များ၊ စသဖြင့် စဉ်ဆက်မပြတ် သုံးစွဲနိုင်စေ
ရန် ဆောင်ရွက်နိုင်ပါသည်။
  
       သစ်တောသယံဇာတများကို သဘာဝအတိုင်းသစ်ပင်တိုးပွားနှုန်းကို တွက်ချက်၍ သစ်ထုတ်လုပ်မှု နှင့် သစ်ပင်တိုးပွားမှုကို ကိုက်ညှိထုတ်လုပ်ခြင်းဖြင့် သဘာဝသစ်တောများအား မလျော့စေဘဲ ထိန်းသိမ်းထုတ်လုပ် နိုင်ပါသည်။ သဘာဝတိုးပွားနှုန်းထက် ပိုမိုထုတ်လုပ်လိုပါက သစ်တောများအား အစားထိုးစိုက်ပျိုးခြင်းဖြင့် ဖြည့်စွက်ပေးနိုင်ပါသည်။ ရှေးယခင်က ကျွန်းသင်းသတ်ခြင်း နှင့် အလှည့်ကျ သစ်ထုတ်ခြင်းစနစ်သည် မြန်မာ့ သစ်တောစနစ်အား အခြားနိုင်ငံများက အတုယူခဲ့ရသော တာရှည် အကျိုးရှိသည့် သစ်တောထိန်းသိမ်း သစ်ထုတ်လုပ်မှု စနစ်ဖြစ်ပါသည်။
  
        တွင်းထွက်သယံဇာတများမှာ အထက်ဖော်ပြပါ သယံဇာတများ နှင့် ကွဲပြားပါသည်။ သဘာဝ မြေ။
 ကျောက်ထုအတွင်း နှစ်သန်းပေါင်းများစွာက ဖြစ်ပေါ်ခဲ့သော သယံဇာတ ဖြစ်ပါတယ်။ ပြန်လည်ပြုစု
ပျိုးထောင် အစားထိုး၍လည်းမရပါ။ ကုန်ခမ်းလွယ်သော သယံဇာတ အမျိုးအစားဖြစ်ပါသည်။
          
      သို့အတွက် တွင်းထွက်သယံဇာတများကို ထုတ်လုပ်ရာတွင် ထုတ်လုပ်ရေးဆိုင်ရာ မူဝါဒ ချမှတ်ရေး သည် အလွန်အရေးကြီးပါသည်။ထိုသယံဇာတ အားဖြင့် အကျိုးဖြစ်ထွန်းမှု အများဆုံး ရရှိစေရန် အပြင် အလျင် အမြန်ကုန်ခမ်း မသွားစေရန်၊ ပေါပေါများများ ထုတ်လုပ်မှုကြောင့် ဈေးနှုန်းကျမသွားစေရန်၊ သဘာဝပတ်ဝန်း ကျင် မပျက်စီးစေရန် သတိထားသင့်ပါသည်။
    
      ကမ္ဘာပေါ်တွင် စိန်၊ ရွှေ ကို ထွက်သလောက် မထုတ်ပါ။ ဈေးကွက် ကိုထိန်းချုပ်ထားနိုင်ရန် ထုတ်လုပ်မှု ပမာဏကို တွက်ချက် ထုတ်လုပ်ပါသည်။ မိမိတို့ နိုင်ငံတွင် မိမိတို့တွင်သာ ရှိသော ဂျေဒိုက်အမျိုးအစား ကျောက်စိမ်းကို တန်ဖိုးမြှင့် လက်ဝတ်ရတနာ ဖြစ်အောင် မကြိုးစားဘဲ လမ်းခင်းကျောက်ထုတ်သလို ယမ်းခွဲ ထုတ်လုပ်နေသည်မှာ ရင်နင့်ဖွယ်ရာဖြစ်ပါသည်။
  
       မိမိတို့နှစ်စဉ် ရရှိနေသော ကျောက်စိမ်းအရိုင်း/ ကျောက်မျက် အတွဲများ ရောင်းရငွေထက် အဆမတန်များပြားသော လက်ဝတ်ရတနာများရောင်းရငွေကို တရုတ်၊ တိုင်ဝမ်၊ ဟောင်ကောင် နှင့် ထိုင်း နိုင်ငံ လက်ဝတ် ရတနာလုပ်ငန်းများမှ ရရှိနေသည်ကို သင်ခန်းစာယူသင့်ပါသည်။
  
       ရုပ်ရှင်၊ ဝတ္ထုဇာတ်လမ်းများထဲမှာသာ ရတနာသိုက်များသည် ကျိန်စာသင့်စေသည် မဟုတ်ပါ။ သယံဇာတ များသည်လည်း စနစ်တကျ ထိန်းထိန်းသိမ်းသိမ်း မထုတ်လျင် ကောင်းကျိုးထက် ဆိုးကျိုးများစေနိုင်ပါသည်။      

တွင်းထွက် သယံဇာတ နှင့် သတ္ထုရိုင်း

         တွင်းထွက်သယံဇာတ ဆိုသည်မှာ ယေဘုယျအားဖြင့် တိကျသော ဓါတုဖွဲ့စည်းပုံရှိသော သဘာဝ အတိုင်း ထွက်ရှိသော အရာများကို တွင်းထွက်  သတ်မှတ်ပါသည်။ ရေသည်လည်း တွင်းထွက် သယံဇာတ တစ်မျိုးဖြစ်ပါသည်။

         တွင်းထွက် သယံဇာတများကို ပမာဏအများအပြား အမြတ်အစွန်းဖြင့် ထုတ်လုပ်နိုင်သော အခါမှသာ သတ္ထုရိုင်း ( ကုန်ကြမ်း ) ဟု သတ်မှတ်ပါသည်။ ဥပမာအားဖြင့် ရွှေတစ်ကျပ်သားပေါက်ဈေး
သည် ကျပ် ခွန်နှစ်သိန်းရှိချိန်တွင် တစ်ကျပ်သား ရရှိရန် ကုန်ကျစရိတ် ကျပ်ရှစ်သိန်း သုံးစွဲရပါက ထိုရွှေသည် တွင်းထွက် သယံဇာတအဆင့်သာ ဖြစ်ပြိး ရွှေသတ္ထု အဆင့် မသတ်မှတ်နိုင်ပါ။
   
       တွင်းထွက် သယံဇာတများအား လူသုံးကုန် ပစ္စည်းများအဖြစ် ထုတ်လုပ်ရန် အသုံးချခြင်း ဖြစ်ပါသည်။ တွင်းထွက် သယံဇာတများအား ယေဘုယျအားဖြင့် - 

·              စက်မှုကုန်ကြမ်း တွင်းထွက် သယံဇာတများ ၊ ( mineral resources for Industrial Raw material ) ဥပမာ- ထုံးကျောက်၊ ဆီလီကာသဲ၊ ဂေါဒန်ကျောက်၊ ဘရိုင်းတီးကျောက်၊ စသည်
·  
       အဖိုးတန် သတ္ထု တွင်းထွက် သယံဇာတများ ( mineral resources for Precious metals ) ဥပမာ- ရွှေ၊ ငွေ၊ ပလက်တီနမ်

·                ကျောက်မျက်ရတနာ နှင့် အလှဆင်ကျောက်မျက်များ(Gems and Decorating Stones )
ဥပမာ- ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ စသည်

·                       သံ၊ သံ နှင့်အလားတူ သတ္ထုများ ( mineral resources for ferrous metals )
       သံ၊ နစ်ကယ် စသည်
           
             သံမှအပအခြားသတ္ထုများ ( Mineral resources for non-ferrous metals )
စသည်တို့ဖြစ်ပါသည်။
        
       တွင်းထွက် သယံဇာတများသည် လူသုံးကုန် ပစ္စည်းအဖြစ် တိုက်ရိုက် အသုံးမချနိုင်ပါ။ ဥပမာအားဖြင့် သတ္ထုများသည် ဓါတ်စင်များဖြစ်သော်လည်း သဘာဝတွင်းထွက်များသည် ဓါတ်စင်ထက် ဓါတ်ပေါင်းအဖြစ်သာ တည်ရှိနေလေ့ရှိပါသည်။ ထို့အပြင် ဓါတ်ပေါင်းများသည်လည်း တစ်မျိုးတည်း သီးသန့် တည်ရှိနေခြင်း မဟုတ် ဘဲ အခြားဓါတ်စင်များ နှင့် ပူးတွဲ နေလေ့ရှိပါသည်။ ထို့ကြောင့် အသုံးလိုသော ဓါတ်ပေါင်းတစ်ခု ရရှိရန် အခြားပူးတွဲနေသော ဓါတ်စင်များကိုပါ မလွှဲမရှောင်သာ ထုတ်ယူပြီး စွန့်ပစ်ပစ္စည်းအဖြစ် ဖယ်ရှားရပါသည်။ မိမိ ရည်မှန်းချက်ထားသည့် ဓါတ်ပေါင်းရရှိလာသောအခါတွင်လည်း မိမိသုံးနိုင်သော ဓါတ်စင်အဖြစ် ရောက်အောင် စက်မှုနည်းလမ်း၊ ဓါတုနည်းလမ်းများဖြင့် ပြောင်းလဲပေးရပါသည်။
   
      ထိုသဘာဝ တွင်းထွက် သယံဇာတအား မိမိအသုံးလိုသော ဓါတ်စင်ဖြစ်လာသည် အထိ တူးဖော်ခြင်း၊ သန့်စင်ခြင်း အဆင့်ဆင့် ဆောင်ရွက်စဉ် သဘာဝမြေပြင် အနေအထားပျက်ယွင်းခြင်း၊ သဘာဝ မြေပြင်ရှိ အပင် နှင့် သတ္တဝါ မျိုးစိတ်များ အနေအထား နှင့် နေရင်းဒေသပျက်စီးခြင်း၊ လေထုအတွင်း သတ္ထုတူးဖော်ရာမှ ထွက်ပေါ်လာသော အမှုန်အမွှားများ ပျံ့လွင့်ခြင်း၊ သဘာဝ မြေဆီလွှာ ၊သဘာဝ မြေပေါ် မြေအောက် ရေ အရင်းအမြစ်များအား ညစ်ညမ်းစေခြင်း၊ ပျက်စိးစေခြင်း၊ သတ္ထုရိုင်းအား ကုန်ချောအဖြစ် ပြောင်းလဲ သန့်စင်ရာတွင် စက်မှုဆိုင်ရာ ဓါတုဆိုင်ရာ ဘေးထွက်ပစ္စည်းများ ထုတ်လွှတ်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် အား ညစ်ညမ်းပျက်စီးစေခြင်း စသည့် ဆိုးကျိုးများ ပူးတွဲဖြစ်ပေါ်စေပါသည်။
   
      သို့သော်လည်း လူသုံးပစ္စည်းများ ရရှိရေးအတွက် တိုင်းပြည်ထုတ်ကုန်( ဝင်ငွေ ) တိုးပွားရေးအတွက် သယံဇာတများကို ထုတ်လုပ်သုံးစွဲရမည်သာ ဖြစ်ပါသည်။ ထိုသို့ သယံဇာတ များကို ထုတ်လုပ်ရာတွင် မိမိတို့ လူသားများ မှီတင်းနေထိုင်ရာ သဘာဝ ပတ်ဝန်းကျင်အား ပျက်စိးစေမည့်၊ သက်တမ်းတိုစေမည့် နည်းလမ်းများ ကို ရှောင်ရှား၍ ရေရှည်တည်တန့် ခိုင်မြဲနိုင်သော သဘာဝ ဝန်းကျင် နှင့် မိတ်ဆွေ ဖြစ်သော နည်းလမ်းများ ဖြင့်သာ ရွေးချယ်လျက် လုပ်ငန်းသဘာဝ နှင့် အတိုင်းအဆ ပမာဏအပေါ် မူတည်၍
 နိုင်ငံသားများ သို့မဟုတ် ဒေသခံလူထုများ ပွင့်လင်းမြင်သာ ဖြစ်စေရန် ကောင်းကျိုး ဆိုးပြစ်များကို
 နှိုင်းချိန် သဘောပေါက်စေရန် ရှင်းလင်း တင်ပြဆွေးနွေး ဆောင်ရွက်သင့်ပါသည်။