မိမိအရေး မိမိကိုယ်တိုင် ဆောင်ရွက်မည့် ဉာဏ်ရည်မသန်စွမ်း လူငယ်များ
ထိုင်းနိုင်ငံတွင်
စက်တင်ဘာလ ၄-ရက်မှ ၆-ရက်နေ့အထိ ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများမှ ဉာဏ်ရည်မသန်စွမ်းသူများ
ကိုယ်အားကိုယ်ကိုးအဖွဲ့ နှီးနှောဖလှယ်ဆွေးနွေးပွဲ နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ
အင်ချွန် နည်းဗျူဟာအား ဉာဏ်ရည်မသန်စွမ်းသူများ နားလည်လွယ်စေရန် အတွက် နှီးနှောဖလှယ်
ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်း သက်ငယ် သင်တန်းကျောင်း
အခြေပြု အနာဂါတ်ကြယ်ပွင့်လေးများ ဉာဏ်ရည် မသန်စွမ်းသူများ ကိုယ်အားကိုယ်ကိုးအဖွဲ့ မှ
ဉာဏ်ရည်မသန်စွမ်းသူ လူငယ် ၁၀-ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲများသို့
ဉာဏ်ရည်မသန်စွမ်း လူငယ် ၁၀-ဦး၊ ကူညီစောင့်ရှောက်သူ ၃-ဦး၊ စကားပြန်/ ဘာသာပြန် ၂-ဦး
နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး ဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး
ဒေါ်ခင်စန်းရီ နှင့် ဌာနစိတ်မှူး ဒေါ်အေးအေးဝင်းတို့ ပါဝင် တက်ရောက်ကြရန်အတွက် စက်တင်ဘာလ
၃-ရက်နေ့ နံနက်ပိုင်းက ဘန်ကောက်သို့ ထိုင်းအဲဝေး လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပါသည်။
မသန်စွမ်းသူများဟုဆိုရာတွင်
ကိုယ်ခန္ဓာ မသန်စွမ်း၊ အကြားအာရုံ မသန်စွမ်း/ စကားပြောချို့တဲ့၊ အမြင်အာရုံ မသန်စွမ်း၊ အော်တစ်ဇင် နှင့် ဉာဏ်ရည်မသန်စွမ်းစသည်ဖြင့်
မသန်စွမ်း အမျိုမျိုး ရှိပါသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲအား
အာရှ ပစိဖိတ် မသန်စွမ်းသူများ ဗဟိုဌာန ( Asia Pacific Center of Disabilities-
APCD )၊ ယူအင်န် အက်စ်ကက် ( UN-ESCAP ) ၊ ဂျပန် အာစီယန် ပေါင်းစည်းရေး ရံပုံငွေ အဖွဲ့
( Japan Asean Integration Fund- JAIF ) နှင့်
ထိုင်းနိုင်ငံ ဉာဏ်ရည် မသန်စွမ်းသူများ အဖွဲ့(
Association for Persons with Intellectual Disabilities of Thailand ) တို့
ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာနသည်
သဘာဝဘေးဒဏ်လျော့ပါးရေး၊ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ၊ ရှေ့ဦးကလေးငယ်များ
ဖွံ့ဖြိုးရေး၊ မိဘမဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေး၊ လူငယ် ဖွံ့ဖြိုးတိုးတက်ရေး၊
လူကုန်ကူးမှု တားဆီး ကာကွယ် စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို ပြုစု စောင့်ရှောက်ရေး
လုပ်ငန်းများ၊ မူးယစ်ဆေးသုံးစွဲမှု ပပျောက်ရေး နှင့် ပြန်လည်ထူးထောင်ရေး နှင့် မသန်စွမ်းသူများ
ပြုစုစောင့်ရှောက်ရေး နှင့် ပြုစုပျိုးထောင်ရေး စသည့် လူမှုစောင့်ရှောက်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများစွာကို
တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။
အနာဂါတ် ကြယ်ပွင့်လေးများ
ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်ထူကိုယ်ထ အဖွဲ့အား
ဉာဏ်ရည် မသန်စွမ်းသူများ ဘဝကို ရင်ဆိုင်နိုင်စွမ်းရှိရေး၊ အမှီအခိုကင်းကင်းရပ်တည်နိုင်ရေး
နှင့် မိမိဖာသာ ဝင်ငွေ ရှာနိုင်ရေး ရည်မှန်းချက် ရူပါရုံများထားလျက် ဉာဏ်ရည်မသန်စွမ်းသူများအတွက်
အတားအဆီး အခက်အခဲများဖယ်ရှားပေးလျက် ရည်မှန်းချက်များ ဖြစ်နိုင်စွမ်းသည့် အခြေအနေကောင်း
များ ဝိုင်းဝန်း ဖန်တည်းပေးရန် ရည်ရွယ်လျက် ဉာဏ်ရည် မသန်စွမ်းလူငယ်များ၊
မိသားစုများ
နှင့် စေတနာ့ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရပါသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲတွင်
မဲခေါင်ဒေသခွဲ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်အားကိုယ်ကိုးအဖွဲ့များ၏ ကွန်ယက်ဖွဲ့စည်းခြင်း
နှင့် ၂၀၁၂ ခုနှစ် မသန်စွမ်းသူများဆိုင်ရာ အင်ချွန် မဟာဗျူဟာအား မသန်စွမ်း သူများ နားလည်လွယ်သည့်
မူထွက်ပေါ်လာရေးအတွက် ဉာဏ်ရည်မသန်စွမ်းသူများကိုယ်တိုင် ဝိုင်းဝန်းဆွေးနွေး အကြံပေးခဲ့ကြပါသည်။
အစည်းအဝေးတက်ရောက်ကြသော
အနာဂါတ် ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်အား ကိုယ်ကိုး အဖွဲ့ဝင် ဉာဏ်ရည်မသန်စွမ်းသူလူငယ်များ
နှင့် အထောက်အကူပြု မိဘများ၊ ဌာနဆိုင်ရာ အရာထမ်းများသည် စက်တင်ဘာလ ၇-ရက်နေ့ နံနက်ပိုင်းတွင်
ရန်ုကုန်မြို့သို့ ပြန်လည်ရောက်ရှိလာ ကြပါသည်။
No comments:
Post a Comment