Saturday, September 28, 2013

ဝစီဘေဒ ထိတိုင်းရှ


ဝစီဘေဒ ထိတိုင်းရှ

ဖဘ ပေါ်မှာ ဖတ်ရင်း တွေးမိပါတယ်

တောင်တန်းသာတနာပြုဆရာတော်ကြီး မေတ္တာအကြောင်းဟောပြောရင်း

မေတ္တာပို့တဲ့အခါ လိုရာဆန္ဒပြည့်ပါစေ အစား ကောင်းကျိုးလိုရာဆန္ဒပြည့်ပါစေလို့ဘဲ မေတ္တာပို့ပါ

တယ်တဲ့

လူတွေရဲ့ ဆန္ဒတွေထဲမှာ လောဘတွေ ဒေါသတွေ ဝန်တို မစ္ဆရိယ စိတ်တွေ များပါတယ်တဲ့

အဲဒိ မဖြူစင်တဲ့ ဆန္ဒတွေ ပြည့်ပါစေလိုပေးလိုက်ရင် မိမိ မေတ္တာကြောင့် လူတွေ အများ ဒုက္ခ ရောက်ကြရပါမယ်တဲ့

အခုလည်း မနာလိုစိတ်တွေနဲ့ ပြောနေ ဆဲနေ ဆုတောင်းနေလိုက်ကြတာ

ဝဋ်လည်တယ်၊ ဝဋ်လိုက်တယ်ဆိုတာ မကြားဘူး မသိဘူးတာကျလို့

မြတ်စွာဘုရားတရားတော် တွေထဲမှာလဲ ဖတ်ဘူးပါတယ်

မြတ်စွာဘုရားကို ဆဲလာတဲ့ ပုဏ္ဏားကြီး တစ်ယောက်ကို

သူတစ်ယောက်ကို သူတစ်ယောက်က ပစ္စည်းတစ်ခု ပေးရင် အပေးခံရဆတဲ့သူက လက်ခံမယူရင် ဘာဖြစ်သလဲဆိုတော့ ပေးသူထံ ပြန်ရောက်ပါတယ်လို့ ဖြေပါတယ်။ ဘုရားရှင်က ဒကာ သင်ပေးတာကို ( ဆဲတာကို ) လက်မခံပါဘူးလို့ ပြောတာကို အတိအကျ မဟုတ်ပေမဲ့ မှတ်မိနေပါတယ်။

ငယ်ငယ်တုန်းက စာတိုက်က စာပို့ရင် လိပ်စာရှင် မရှိ၍ ပို့သူထံ ပြန်ပို့သည် ဆိုတာ တွေ့ရဘူးပါတယ်။

နယူတန်၏ ဥပဒေသတွေမှာလည်း အင်အားတိုင်းအတွက် လားရာဆန့်ကျင်လျက် ပမာဏ တူညီသော တန်ပြန်အင်အား သက်ရောက်ပါတယ်တဲ့။

သမ္မာကျမ်းစာမှာလဲ မိမိစိုက်တဲ့အတိုင်း ရိတ်သိမ်းရတယ်တဲ အချိုစိုက်ရင် အချို အခါးစိုက်ရင် အခါး
အဆိပ်စိုက်ရင် အဆိပ် ပြန်လည်ရရှိမှာပါ၊ စိုက်တဲ့ အမျိုးအစား အလိုက် စိုက်ကာလလေးဘဲ စောင့်ရမှာပါ

အော် ဖတ်ကြည့်ရင်းတောင် သူတို့ကိုယ်စား ကြောက်မိပါရဲ့

Sunday, September 15, 2013

ဘယ်လို မျက်နှာပေးလေးနဲ့ နေရမှာလဲ ဟင်


 ဘယ်လို မျက်နှာပေးလေးနဲ့ နေရမှာလဲ ဟင်?


ဘန်ကောက် စင်ကျူရီ ပါ့က် ဟိုတယ်မှာ မြန်မာ၊ လာအ်ု၊ ကမ္ဘောဒီးယား၊ ထိုင်း၊

ဗီယက်နမ် နိုင်ငံများမှ ဉာဏ်ရည်မသန်စွမ်း သူများ ကိုယ်အားကိုကိုး အဖွဲ့များ

မဲခေါင်ဒေသခွဲ ဉာဏ်ရည်မသန်စွမ်း သူများ ကိုယ်အားကိုကိုး အဖွဲ့ ကွန်ရက်

ဖွဲ့စည်းရေး ညှိနှိုင်း ဆွေးနွေးပွဲ မှာ ပါဝင်ရင်း လာအိုနိုင်ငံက လူမှုဝန်ထမ်းဝန်ကြီးဌာန
အရာရှိ တစ်ဦးနဲ့ စကားမြောဖြစ်ပါတယ်

သူက မြန်မာပြည်တော့ ပြောင်းလဲနေပြီ၊ သူတို့တော့လို့ အစချီပြီး အားကျတဲ့စကားပြောပါတယ်

ကျွန်တော်လဲ အလိုက်သင့် ပြန်ပြောနေပါတယ်

အခုစဉ်းစားနေတာပါ

အဲဒီ သူနဲ့စကားပြောနေတုန်းက ကျွန်တော့ မျက်နှာ ဘယ်လိုဖြစ်နေပါလိမ့်လို့

- ပြောင်းလဲသွားလို့ ဒါမြန်မာကွ လို့ ဂုဏ်ယူဝင့်`ကြွားတဲ့ ပုံပေါက်နေလား

- အထင်ကြီးခံရနည်းလားလို့ ဟန်ဆောင် ပြုံးတုံ့ မပြုံးတုံ့ လုပ်နေလား

- ထင်သာထင် မဝင်ဘူး ကျောင်းအမရေ ဆိုတဲ့ပုံပေါက်နေလား

- ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုတဲ့ မျက်နှာပေးလား

စဉ်းစားလို့ကို မရပါဘူးဗျာ

မိတ်ဆွေတို့ ဆိုရင်ကော ဘယ်လိုမျက်နှာပေးလေးနဲ့ နေမှာလဲ ဟင်?




မိမိအရေး မိမိကိုယ်တိုင် ဆောင်ရွက်မည့် ဉာဏ်ရည်မသန်စွမ်း လူငယ်များ


 မိမိအရေး မိမိကိုယ်တိုင် ဆောင်ရွက်မည့် ဉာဏ်ရည်မသန်စွမ်း လူငယ်များ













ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၄-ရက်မှ ၆-ရက်နေ့အထိ ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများမှ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်အားကိုယ်ကိုးအဖွဲ့ နှီးနှောဖလှယ်ဆွေးနွေးပွဲ နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အင်ချွန် နည်းဗျူဟာအား ဉာဏ်ရည်မသန်စွမ်းသူများ နားလည်လွယ်စေရန် အတွက် နှီးနှောဖလှယ် ဆွေးနွေးပွဲ တက်ရောက်ရန်အတွက် လူမှုဝန်ထမ်းဦးစီးဌာန မသန်စွမ်း သက်ငယ် သင်တန်းကျောင်း အခြေပြု အနာဂါတ်ကြယ်ပွင့်လေးများ ဉာဏ်ရည် မသန်စွမ်းသူများ ကိုယ်အားကိုယ်ကိုးအဖွဲ့ မှ ဉာဏ်ရည်မသန်စွမ်းသူ လူငယ် ၁၀-ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲများသို့ ဉာဏ်ရည်မသန်စွမ်း လူငယ် ၁၀-ဦး၊ ကူညီစောင့်ရှောက်သူ ၃-ဦး၊ စကားပြန်/ ဘာသာပြန် ၂-ဦး နှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး ဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီ နှင့် ဌာနစိတ်မှူး ဒေါ်အေးအေးဝင်းတို့ ပါဝင် တက်ရောက်ကြရန်အတွက် စက်တင်ဘာလ ၃-ရက်နေ့ နံနက်ပိုင်းက ဘန်ကောက်သို့ ထိုင်းအဲဝေး လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပါသည်။

မသန်စွမ်းသူများဟုဆိုရာတွင် ကိုယ်ခန္ဓာ မသန်စွမ်း၊ အကြားအာရုံ မသန်စွမ်း/ စကားပြောချို့တဲ့၊  အမြင်အာရုံ မသန်စွမ်း၊ အော်တစ်ဇင် နှင့် ဉာဏ်ရည်မသန်စွမ်းစသည်ဖြင့် မသန်စွမ်း အမျိုမျိုး ရှိပါသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲအား အာရှ ပစိဖိတ် မသန်စွမ်းသူများ ဗဟိုဌာန ( Asia Pacific Center of Disabilities- APCD )၊ ယူအင်န် အက်စ်ကက် ( UN-ESCAP ) ၊ ဂျပန် အာစီယန် ပေါင်းစည်းရေး ရံပုံငွေ အဖွဲ့ (  Japan Asean Integration Fund- JAIF ) နှင့် ထိုင်းနိုင်ငံ ဉာဏ်ရည် မသန်စွမ်းသူများ အဖွဲ့(  Association for Persons with Intellectual Disabilities of Thailand ) တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနသည် သဘာဝဘေးဒဏ်လျော့ပါးရေး၊ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ၊ ရှေ့ဦးကလေးငယ်များ ဖွံ့ဖြိုးရေး၊ မိဘမဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေး၊ လူငယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူကုန်ကူးမှု တားဆီး ကာကွယ် စောင့်ရှောက်ရေး၊ သက်ကြီးရွယ်အို ပြုစု စောင့်ရှောက်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးသုံးစွဲမှု ပပျောက်ရေး နှင့် ပြန်လည်ထူးထောင်ရေး နှင့် မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေး နှင့် ပြုစုပျိုးထောင်ရေး စသည့် လူမှုစောင့်ရှောက်ရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများစွာကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါသည်။

အနာဂါတ် ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်ထူကိုယ်ထ အဖွဲ့အား  ဉာဏ်ရည် မသန်စွမ်းသူများ ဘဝကို ရင်ဆိုင်နိုင်စွမ်းရှိရေး၊ အမှီအခိုကင်းကင်းရပ်တည်နိုင်ရေး နှင့် မိမိဖာသာ ဝင်ငွေ ရှာနိုင်ရေး ရည်မှန်းချက် ရူပါရုံများထားလျက် ဉာဏ်ရည်မသန်စွမ်းသူများအတွက် အတားအဆီး အခက်အခဲများဖယ်ရှားပေးလျက် ရည်မှန်းချက်များ ဖြစ်နိုင်စွမ်းသည့် အခြေအနေကောင်း များ ဝိုင်းဝန်း ဖန်တည်းပေးရန် ရည်ရွယ်လျက် ဉာဏ်ရည် မသန်စွမ်းလူငယ်များ၊ 
မိသားစုများ နှင့် စေတနာ့ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရပါသည်။

အဆိုပါ နှီးနှောဖလှယ်ပွဲတွင် မဲခေါင်ဒေသခွဲ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်အားကိုယ်ကိုးအဖွဲ့များ၏ ကွန်ယက်ဖွဲ့စည်းခြင်း နှင့် ၂၀၁၂ ခုနှစ် မသန်စွမ်းသူများဆိုင်ရာ အင်ချွန် မဟာဗျူဟာအား မသန်စွမ်း သူများ နားလည်လွယ်သည့် မူထွက်ပေါ်လာရေးအတွက် ဉာဏ်ရည်မသန်စွမ်းသူများကိုယ်တိုင် ဝိုင်းဝန်းဆွေးနွေး အကြံပေးခဲ့ကြပါသည်။

အစည်းအဝေးတက်ရောက်ကြသော အနာဂါတ် ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ်အား ကိုယ်ကိုး အဖွဲ့ဝင် ဉာဏ်ရည်မသန်စွမ်းသူလူငယ်များ နှင့် အထောက်အကူပြု မိဘများ၊ ဌာနဆိုင်ရာ အရာထမ်းများသည် စက်တင်ဘာလ ၇-ရက်နေ့ နံနက်ပိုင်းတွင် ရန်ုကုန်မြို့သို့  ပြန်လည်ရောက်ရှိလာ ကြပါသည်။