Friday, August 9, 2013

သမ္မတကြီး ရဲ့စေတနာ


သမ္မတကြီးရဲ့ စေတနာ


တယ်လီဖုန်း ဆင်းကတ် တဆင့် ပြန်ရောင်းသူတွေကို အရေးမယူတဲ့

ဟုတ်ပါတယ် သူမဲပေါက်တဲ့ သူအခွင့်အရေး သူရောင်းစားတာ လက်ခံသင့်ပါတယ်

ဒါပေမဲ့ မဲပေါက်တာ မဟုတ်ဘဲနဲ့ အလွဲသုံးစားလုပ်တာတွေကိုတော့ စီစစ်အရေးယူသင့်ပါတယ်

အရေးမယူရင် အုပ်ချုပ်ရေးအဆင့်ဆင့် ကလူတွေကို ဂွင်ဝင်လာရင် ခိုးသာခိုး အလွဲသုံးစားလုပ်သာလုပ်လို့ သင်ပေးရာ ရောက်ပါတယ်

ဒါမှမဟုတ် မိမိအဆင့်အလိုက် ရလာတဲ့ အခွင့်အရေး ခိုးသာခိုးဟ လို့ သူခိုးသေဘော်ညှိတာ ဖြစ်နေပါလိမ့်မယ်

တစ်လကို ဆင်းပတ် ၃၅၀၀၀၀ ၃-လကို တစ်သန်းငါးသောင်း၊ တစ်နှစ်ကို လေးသန်း နှစ်သိန်း ပြည်သူလူထု၏ ၇-ရာခိုင်နှုန်း

ရောင်းလိုအား နှင့် ဝယ်လိုအား မမျှမချင်းတော့ မှောင်ခိုဈေးကတောံ ရှိနေအုန်ျးမှာပေါ့

ဆက်ပြီး စဉ်းစားမိတယ်

သုံးချင်တဲ့သူက ဒီလိုသက်သက်သာသာ သုံးရတော့ ကျေးဇူးတင်မယ်

အမြတ်တင်ရောင်းလိုက်တဲ့သူက အော် ငါတောင် အမြတ်ရှာသေးတာ

သူတို့လဲ သူတို့အဆင့်နဲ့ သူတို့ စီးပွားရှာချင်ရှာကြမှာပေါ့ လို့

အာဏာ၊ လုပ်ပိုင်ခွင့် အလွဲသုံး ခိုးဝှက် စီးပွားရှာတာကို လေးလေးနက်နက် အပြစ်မမြင်အောင်၊ မှိုင်းတိုက်လိုက်တာလားလို့

ငါးမျှားတာကို တီတူးရင်းမြင်ပါတယ် ဖြစ်အောင် စီမံချက်ချပြီးဆောင်ရွက်နေသလားလို့ တွေးမိပါတယ်

အင်း ကျွန်တော်လဲ အတွေးခေါင်နေပြီလားမသိ

တော်ကြာ စိတ်ကျန်းမာရေး ဆေးရုံ အပို့ခံနေရအုန်းမယ်

စိတ်ငြိမ်အောင် ပုတီးလေးစိပ်၊ ဆုလေးတောင်းအုန်းမှ

ရှစ်လေးလုံး အမှတ်တရ

 
ရှစ်လေးလုံး အမှတ်တရ
 
လွန်ခဲ့သော ၂၅-နှစ်တာလက မန္တလေး မှာ လူထု တော်လှန်ရေးကို

-စနစ်တကျ တည်တည်ငြိမ်ငြိမ် ဦးဆောင်ပေးခဲ့တဲ့ ဆရာတော် ဦးကဝိန္ဒ ၊

-ကြမ်းကြမ်းတမ်းတမ်း ပုံစံအသွင် ထိန်းသိမ်းပေးခဲ့တဲ့ ဂဠုန်နီ ဆရာတော် ဦးကာဝိယ

-မန္တလေး သပိတ်မှောက်ဝန်ထမ်း သမဂ္ဂကို ဦးဆောင်ပေးခဲ့တဲ့ ကျွန်တော် ပင်စင် ယူဖို့ ၁၀-လဘဲလိုတော့တယ်၊ ဝင်လုပ်ရင် ပင်စင်ပြုတ် ဒုက္ခရောက်မှာဘဲ ဒါပေမဲ့ ဝင်လုပ်ပေးပါမယ် လို့ ပြောပြီး သိသိကြီးနှဲု အနစ်နာခံပြီး ပါဝင်ခဲ့တဲ့ တိုင်းစာရင်းရုံး တိုင်းဦးစီးမှူး (အမည် မမှတ်မိတော့ပါ)

- အထက်မြန်မာပြည် စက်မှု-၁ သမဂ္ဂ ဥက္ကဌ ဦးအေးဆောင်? ( ပလိပ် ချည်မျှင်/အထည် စက်ရုံမှ ထွေ/စီ ဌာန )

- အရင် နယ်ချဲ့ တွေက တရားသူကြီးကိုယ်တိုင် စောင့် ပစ်မိန့်ပေးပြီး ကျည်ဝေတာ ပစ်ပြီးရင် တရားသူကြီးကိုယ်တိုင် ဒဏ်ရာရသူတွေကို ဆေးရုံပို့တာ၊ အခုတော့ အော်တိုမက်တစ် သေနတ် တွေနှင့် ကျည်ဘောက်အပြည့် ဝေပြီးသား စဉ်းစားအုန်းနော် လို့ တရားဟောခဲ့တဲ့ ဆရာဦးကြည်မြ

- မန္တလေး တက္ကသိုလ်ဟောပြေပွဲတွေမှာ တွေ့ရတဲ့ ဆရာဦးသုခ

-အိမ်ရှေ့မှာ ခုံတစ်လုံးနှင့် ထိုင်ရင်း အိမ်ရှေ့လမ်းမပေါ် စီတန်းလမ်းလျှောက် ဆန္ဒပြနေတဲ့ လူတန်း ကြီးကို ဆိုင်းဘုတ်တွေမှတ်၊ လူဦးရေ အကြမ်းရေတွက်ရင်း မှတ်တမ်းတင်နေတဲ့ အမေ လူထု ဒေါ်အမာ

ှ-ဆွမ်းခံ ကြွရင်း မီးပွိုင့်တွေ ဖွင့် ယာဉ်သွား ယာဉ်လာ ထိန်းပေနေတဲ့ ဦးပဇ္ဇင်းတွေ

-ကျန်တဲ့ အချိန်တွေ ဘာဖြစ်ဖြစ် အရေးအခင်းကာလ အတွင်း လျှပ်စစ် မီးမပျက်၊ တယ်လီဖုန်းလိုင်း ပိုကောင်းလာအောင် ဆောင်ရွက်ပေးကြတဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေ

-နန်တွင်းက ထွက်ကြမှာတဲ့ဆိုပြီး ပန်းကုံးတွေ၊ ရွှေဆွဲကြိုးတွေ နဲ့ ဂုဏ်ပြုဖို့ နေပူထဲ တန်းစီစောင့်ရင်း ထွက်မလာကြလို့ မျက်ရည်ကျတဲ့ ဈေးချိုသူမမတွေ

-ရန်ကုန်ကနေ ဖုန်းတကျည်ကျည်နဲ့ မောင်ညွန့်အောင်ရေ နန်းတွင်းက ထွက်ကြပြီဆိုလို့ မေးတဲ့ အရပ်ဖက်တာဝန်ယူထားတဲ့ ဝတ်စုံဝတ်/ချွတ် ဆရာသမားကြီးတွေ

- အစစ်ဆေးခံရစဉ် မေးခွန်းမေးလိုက် ဆရာရေ ဒီလိုဖြေရင် တောင်ကျလိမ့်မယ် ဒီလိုလေးပြောင်း ဖြေပေးပါလားလို့ ခိုင်းတာလုပ်ရင်း မေတ္တာပြကြသော ထောက်လှမ်းရေး-၁ နှင့် မန်းတိုင်း စစစမှ လူစိတ်ရှိကြသော ဆရာကြီးများ/ စုံစမ်းရေး အရာရှိများ

- ဝန်ထမ်းတွေ နိုင်ငံရေး လုပ်လို့ အရေးမယူပါဘူး အတွင်တွင် တရားဝင် ညင်းဆိုရင်း အလုပ်ဖြုတ် လိုက်သော ဘဘကြီး ဦးခင်ညွန့်

- ဦးခင်ညွန့် ကို အရွဲ့တိုက်ရင်း ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နှင့် အရေးအခင်းကာလအတွင်း နိင်ငံပိုင်ပစ္စည်းများကို အလွဲသုံးစားလုပ်သဖြင့် ( ဝေစာများကို ရုံးလက်နှိပ်စက်၊ စာကူးစက်ဖြင့် အသုံးပြုသဖြင့်) ဟု ဖော်ပြလျက် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ကြောင်း အမိန့်စာ ထုတ်ပေးခဲ့သော ဒု-ဗိုလ်ချုပ်ကြီး စိန်အောင်

-ထိုဂုဏ်ပြုလက်မှတ်ကြောင့် အနှစ် ၂၀-လုံးလုံး ပတ်စ်ပို့မရ၊ အလုပ်ရှာမရသော ဒုက္ခ

-အလုပ်မှထုတ်ပယ်ခံရသဖြင့် ဝန်ထန်းအိမ်ယာမှ ချက်ချင်းဖယ်ပေးရတော့ ညသန်းကောင် လူခြေ တိတ်မှ တိတ်တိတ်ပုန်း လာရောက် နှုတ်ဆက်ကြသော လုပ်ဖော်ကိုင်ဖက်များ

- လွတ်လွတ်လပ်လပ်လုပ်ကိုင်စားပါ ပါတီ အထူးသဖြင့် ဒီချုပ်ပါတီ မဝင်ပါနှင့် ဝင်လျင် စစ်ခုံရုံးဖြင့် ထောင်ဒဏ် ၁၀-နှစ်ချပါမည် ဟု စေတနာ ဗလပွ ဖြင့် အိမ်တိုင်ယာရောက် လာရောက်သတိပေးပါသော ဗိုလ်မှူး တစ်ဦး

- မင်းတော်တာလဲသိပါတယ်၊ မင်းကိုလဲ ကိုယ်ချင်းစာပါတယ် ဒါပေမဲ့ -----ဟု ပြောပါသော ထိုခေတ်က အဆက်အသွယ်ကောင်းဖြင့် စီးပွားရေးလုပ်ငန်းများတွင် နေရာကောင်းများ ရနေသော ဆ၇ာသမားများ

- ကျွန်တော်တို့က နိုင်ငံရေး မလုပ်ဘူး၊ စီးပွားရေးဘဲ လုပ်တယ်ဟု အရပ်ဖက်ပညာရှင်အဖြစ် ခေါ်ယူ အလုပ်ပေးပါသော စစ်ထောက်ချုပ်၊ စစ် အင်/ယာ ညွှန်မှူး နှင့် အမ်မ်အီးစီမှ ဆရာသမားများ

- အစိုးဌာနမှ ကန့်ကွက်သည့်ကြားမှ ဖက်စပ်ဝန်ထမ်းအဖြစ် မခန့်ရလျင် ပြည်ပကုမ္ပဏီ ဝန်ထမ်း အဖြစ်ခန့်အပ်မည် ဟုအတိုက်အခံ လုပ်လျက် အလုပ်ခန့်ထားခဲ့သော နိုင်ငံခြားသား

- ၈၈ မျိုးဆက် ကျောင်းသားအမည်ခံ ဆက်လက်လှုပ်ရှားမှုတွေ များပေမဲ့ ၈၈ မျိုးဆက် ဝန်ထမ်းများ ဆိုတာ မရှိဘဲ ပျောက်ကွယ်သွားသူများ

၈၈ အရေးအခင်းတွင် အသက်၊ သွေး ၊မျက်ရည် ၊ဘဝ၊ ပေးဆပ်ခဲံ့ကြသော ရဟန်း၊ ကျား မ လူငယ်၊ လူကြီး၊ ကျောင်းသား၊ ဝန်ထမ်း ပညာရှင်များ လူတန်းစားအားလုံးအား

သတိရလျက်၊ ဂုဏ်ပြုလျက်၊ ဦးညွှတ်လျက်

လွန်ခဲ့သော ကာလ အတွေ့အကြုံများကို သင်ခန်းစာယူလျက်

ဒီမိုကရေစီ ပန်းတိုင်သို့ ရုန်းရင်း ကန်ရင်း ဆက်လက် ချီတက် တိုက်ပွဲ ဝင်ကြပါစို့ ။

Wednesday, August 7, 2013

ထိုင်းနိုင်ငံ လွတ်ငြိမ်းချမ်းသာခွင့် ပြဌ်ာန်းမှု အပေါ် ကုလသမဂ္ဂ သတိပေး

ထိုင်းနိုင်ငံလွတ်ငြိမ်းချမ်းသာခွင့် ပြဋ္ဌာန်းမှုအပေါ် ကုလသမဂ္ဂသတိပေး

လူ့အခွင့်အရေးဆိုးဆိုးရွားရွားချိုးဖောက်ထားသူများအား အပြစ်စီရင်ခြင်းမခံရဘဲလွတ်မြောက်သွားစေမည့် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေမျိုးအတည်ပြု ပြဋ္ဌာန်းလိုက်ခြင်း မဆောင်ရွက်ရန် ထိုင်းနိုင်ငံအားကုလသမဂ္ဂ လူအခွင့်အရေးများရုံးကသတိပေးပြောကြားလိုက်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးများဆိုင်ရာအဆင့်မြင့် ကော်မရှင်နာရုံးမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးချေချိလ် ပူယီလိကယခုရက်သတ္တပတ်တွင် ပါလီမန်၌ တင်သွင်းမည့် ဥပဒေမူကြမ်းတွင် ၂၀၁၀ပြည့်နှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအားစစ်တပ်မှ ဖြိုခွဲရာတွင် လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ သောပုဂ္ဂိုလ်များအားလွတ်ငြိမ်းချမ်းသာခွင့် ပြုမိနိုင်ကြောင်းထောက်ပြသည်။

 ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် သူမက “ ထိုင်းအစိုးရသည် လ့ူအခွင့်အရေးချိုးဖောက်သူများအားလွတ်ငြိမ်းချမ်းသာခွင့် မပြုမိစေရန် သေချာစီစဉ်ရန် လိုအပ်ကြောင်း နှင့် ထိုသို့ လူ့အခွင့်အရေးချိုးဖောက်သူများအားတရားစီရင်နိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရန် လိုအပ်ပါတယ် ” ဟုပြောကြားခဲ့သည်။

ထိုင်းအစိုးရအနေဖြင့် ဆန္ဒပြသူများကိုလူစုခွဲနှိမ်နင်းစဉ်က ဖြစ်ပွားခဲ့သောသေဆုံးသူ ၉၀ခန့် နှင့် ဒဏ်ရာရသူထောင်ပေါင်းများစွာတို့အတွက် တာဝန်ရှိသူများအား ၎င်းတို့မှ ဖွဲ့စည်းထားသောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြု ချက်များအတိုင်းလိုက်နာဆောင်ရွက်သောအားဖြင့် အစဉ် အလာကောင်းတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်သင့်ကြောင်း အကြံပြုပြောကြားလိုက်သည်။

ဘန်ကောက်ပို့စ် အွန်လိုင်းသတင်း  ၂၀၁၃  သြဂုတ်လ ၇ ရက်

ထိုင်းနိုင်ငံမှ ဆန္ဒပြသူများ ရဲများကို ကျော်လွှားရန် သန္နိဌာန်ချ

ဆန္ဒပြသူများ ရဲများကိုကျော်လွှားရန် သန္နိဋ္ဌာန်ချ

သြဂုတ် (၇)ရက် ဗုဒ္ဓဟူးနေ့ အောက်လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်မည့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေအားဆန့်ကျင် ဆန္ဒပြရန်အတွက် လွှတ်တော်ရှေ့တွင် ပိတ်ဆို့ တာဝန်ချထားသော ရဲတပ်ဖွဲ့အား ထိုးဖောက်ဝင်ရောက်ရန် အတိုက်အခံပါတီဝင်များ နှင့် အစိုးရဆန့်ကျင်ဘက်အုပ်စုများသည် အင်္ဂါနေ့မှ ဆုံးဖြတ်လိုက်သည်။

လွန်ခဲ့သောညကဘန်ကောက် ဥရုဖောင် လမ်းဆုံလူထုဆန္ဒပြပွဲသို့ တက်ရောက်ပါဝင်ရန် ဒီမိုကရက်ပါတီမှ လွှတ်တော် အမတ်- ၅၀ အားရွေချယ်စေလွှတ်ထားပြီး သစ္စာတရားစင်မြင့်ဟု အမည်ပေးထားသော တရားဟောစင်မြင့်တွင် ပါတီခေါင်းဆောင် အဘီဆစ်လည်း တရားဟောမည် ဖြစ်သည်။ ထိုအခမ်းအနားသို့ ထောက်ခံသူပေါင်း ၂၅၀၀-ခန့်တက်ရောက်ခဲ့ကြောင်းနှင့် ဒီမိုကရက်ပါတီအနေဖြင့် တစ်ညလုံးစုဝေးကြကာ ဗုဒ္ဓဟူးနေ့ နံနက် ၉နာရီတွင် ပါလီမန်သို့ ချီတက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

အတိုက်အခံပါတီ၏ လုပ်ဆောင်ချက်သည် ပီဖော့ (ခေါ်) သက်ဆင်လွှမ်းမိုးမှုအား ဖြုတ်ချမည့် ဒီမိုကရက်တစ် လူထုတပ်ဖွဲ့ ( People’s Democratic Force to Overthrow Thaksinism – PDFOT ) က လုမ္ဗိနီဥယျာဉ်တွင် ကျင်းပမည့် လူထု ဆန္ဒပြပွဲနှင့် တိုက်ဆိုင်လျက်ရှိသည်။

လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေသည် နိုင်ငံရေးဆိုင်ရာမတရားမှု ကျူးလွန်သူများအား အပြစ်မပေးဘဲ မမျှမတအလကားမတ်တင်းလွတ်ငြိမ်းခွင့် ပေးလိုက်လိမ့်မည်ဖြစ်ကြောင်း ပီဖော့အုပ်စုက ဖော်ပြပြောဆိုသည်။

ထိုအုပ်စုက အကျိုးခံစားမည့်သူများတွင် ၂၀၀၈-ခုနှစ်မှ ထောင်ဒဏ် ၂-နှစ် စီရင်ချမှတ်ခံပြီးနောက် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ယခင် ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ထရာလည်းပါဝင်မည်ဖြစ်ကြောင်း နှင့် သူတိုင်းပြည်တွင်း ပြန်ဝင်လာလျင် ထောင်ဒဏ်ကိုကျခံရမည်သာ ဖြစ်ကြောင်းပြောသည်။

သက်ဆင်သည် ၂၀၁၀-ပြည့်နှစ်အတွင်းအဘီဆစ် အစိုးရအား ဖြုတ်ချရန် ရည်ရွယ်သည့် ရှပ်နီ ဆန္ဒပြပွဲကိုကျောထောက်နောက်ခံပြု အားပေးခဲ့ပြီး ဆန္ဒပြပွဲမှာလည်းစစ်တပ်က ဖြိုခွင်းသဖြင့် လူ ၉၁-ဦးသေဆုံးကာ ဘန်ကောက်မြို့လည်တွင် မီးလောင်ကျွမ်းမှုများဖြင့် အဆုံးသတ်ခဲ့သည်။

ဒီမိုကရက်ပါတီခေါင်းဆောင် အဘီဆစ် ဗီဂျာဂျီဗာ က ဖီယူထိုင်းအမတ် ဝိုရာချိုင်းဟေမာတင်သွင်းသော လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမူကြမ်းအားသူတို့ ပါတီအနေဖြင့် အစွမ်းကုန် တားဆီးမည်ဖြစ်ကြောင်း ယမန်နေ့ညတွင် ကန့်ကွက် ဆန္ဒပြသူများအားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အဆိုပါ ဥပဒေမူကြမ်းသည် ၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကာလမှ ၂၀၁၁-ခုနှစ်အတွင်း လူသတ်သမားများ၊ လက်ပစ်ဗုံးခွဲသူများ၊ ပြည်သူပိုင် နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများကိုမီးရှို့သူများ နှင့် တော်ဝင် မိသားစုအား စော်ကားမော်ကားပြောဆိုသူများအား လွတ်မြောက်ခွင့်ပေးရန် ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အကျင့်ပျက် ပုဂ္ဂိုလ်ကြီးလည်းအကျိုးခံစားရနိုင်ကြောင်း ဖြည့်စွက် ပြောခဲ့ပါသည်။

ဒီအစိုးရလွန်ခဲ့တဲ့ ၂- နှစ်တာကာလအာဏာရကတည်းက ပြည်လည်ညီညွတ်ရေးကိုလေးလေးနက်နက် ကြိုးပမ်းဆောင်ရွက်ခြင်းမရှိပါဘူး၊ သူတို့က ပြည်လည် ညီညွတ်ရေးကိုလွတ်ငြိမ်းချမ်းသာခွင့် နှင့် အလိုက်ပေးလဲဖို့ကိုပဲ ကြိုးစားနေတာပါ ” ဟုပြောပါသည်။

အဘီဆစ်ကထောက်ခံသူများအား “ ဒီဥပဒေကြမ်းကိုဆန့်ကျင် ကန့်ကွက်ရာမှာပူးပေါင်းပါဝင်ဖို့ ကျွန်တော် မေတ္တာရပ်ခ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှပ်နီတွေလိုမလုပ်ပါဘူး။ ဥပဒေဘောင်အတွင်းကဘဲ ဆောင်ရွက် သွားမှာပါ ဟု တိုက်တွန်းပြောကြားခဲ့ပါသည်။

အစိုးရက ဥပဒေမူကြမ်းကို မရုပ်သိမ်းတဲ့အတွက် ၎င်းတို့အဖွဲ့သည် ယနေ့ နံနက် (၉း၀၀)နာရီ၌ လုမ္ဗဏီဥယျာဉ်တွင် စုဝေးကြမည် ဖြစ်ကြောင်း ၊ ထိုလှုပ်ရှားမှု ခေါင်းဆောင် ဘာနာဝစ်ကင်ရီယန်က လူပေါင်း ၂၀၀၀၀-ခန့် ပါဝင်ကာ ဒီမိုကရက်ပါတီ နှင့် အတူပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပီဖော့ အုပ်စုစည်းရုံးရေးမှူး ထိုင်ကွန် ပွန်ဆူဝမ် က ပြောကြားခဲ့သည်။

ထိုင်းအစိုးရ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ဗဟိုဌာန၏ ပြောရေးဆိုခွင့် ပုဂ္ဂိုလ် ပီယာဥသာယိုက ဆန္ဒပြသူများအား ကိုင်တွယ် ထိန်းသိမ်းရန်အတွက် ရဲအင်အားတပ်ခွဲ ၂၅-ခု မှ ၃၂-ခုခန့် ချထားမည်ဖြစ်ကြောင်းပြောကြား ပါသည်။

ငြိမ်းချမ်းရေးထိန်သိမ်းမှု ဗဟိုဌာန၊ နိုင်ငံတော် လုံခြုံရေးကောင်စီ နှင့် နိုင်ငံတော် ထောက်လှမ်းရေးအဖွဲ့များ၏ စူးစမ်းထောက်လှမ်းချက်များအရ ဆန္ဒပြသူများသည် ပါလီမန်သို့ အရပ်မျက်နှာ ပေါင်းစုံမှ ချီတက်လာမည် ဖြစ်ကြောင်းပြောကြားပါသည်။
အစိုးရအဖွဲ့ရုံး နှင့် ပါလီမန်သို့ ချဉ်းကပ်ရာလမ်းများအား ဆက်လက်ပိတ်ဆို့ထားမည်ဖြစ်ကြောင်း နှင့် ထောက်လှမ်းရေးသတင်းများအရ ဆန္ဒပြသူများသည် လေးခွ၊ ခဲများဖြင့် ရဲများအားပစ်ပေါက်ရန် ပြင်ဆင်ထားကြောင်း ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲအဒူလ် နရွန်ဆတ်က ပြောကြားသည်။

ဝန်ကြီးအဖွဲ့မှ ထွက်ပေါ်လာသောသတင်းများအရ နိုင်ငံတော်ရဲတပ်ဖွဲ့ အကြီးအကဲရဲဗိုလ်ချုပ်ကြီးအဒူလ် ဆန်ဆင်ခယူ နှင့် ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ အကြီးအကဲရဲဒုတိယဗိုလ်ချုပ်ကြိးခမ်းရွန်ဝစ် သုကရာဂျန် တို့သည် စစ်တပ်၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် ရဲတပ်ဖွဲ့မှ အရာရှိပေါင်း ၃၈၉၁၀အား တာဝန်ချထားမည် ဖြစ်ကြောင်းသိရပါသည်။ ၎င်းတို့အနေဖြင့် ဆန္ဒပြပွဲသို့ လူအင်အားများများပါဝင်မည် မထင်ကြောင်း၊ လက်ရှိတာဝန်ချထားသောအင်အားဖြင့် နိုင်နင်းစွာကိုင်တွယ် ဖြေရှင်းနိုင်မည် ထင်ကြောင်းသိရပါသည်။

ဝန်ကြီးချုပ် ရင်လပ် ရှီနာဝပ်ထရာသည် ယမန်နေ့ကသက်ဆိုင်ရာအရာရှိများအားစိတ်ရှည်သည်းခံလျက် တာဝန်ထမ်းဆောင်ကြရန် နှင့် ဆန္ဒပြသူများကိုလည်း ငြိမ်းချမ်းစွာဖြင့် ဥပဒေဘောင်အတွင်းမှ ဆန္ဒပြကြရန် တိုက်တွန်းလိုက်ပါသည်။

ဆက်လက်၍လည်းပါလီမန် အမတ်များအနေဖြင့် လွှတ်တော်အတွင်းသို့ ဝင်ရောက်နိုင်ပြီးသူမကိုယ်တိုင် လည်းတက်ရောက်နိုင်မည်ဟုမျှော်လင့်ကြောင်းပြောကြားပါသည်။ ထို့အတူဒီမိုကရက်တစ် ပါတီဝင်များကိုလည်းသူတို့ သဘောထားများကိုလမ်းဘေးတွင် ထုတ်ဖော်မည့်အစားလွှတ်တော်တွင်းတွင် ဆွေးနွေးစေလိုကြောင်းတိုက်တွန်းပြောကြားလိုက်ပါသည်။

ဖီယူထိုင်းပါတီပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ် ပရွမ်ပွန် နော့ပါရစ် ကလည်းသူတို့ပါတီသည် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကိုထောက်ခံမည်ဖြစ်သော်လည်းအခြားလွတ်ငြိမ်းချမ်းသာခွင့် ကိစ္စများ နှင့် ပြန်လည်ပေါင်းစည်းရေး အဆိုများကိုတင်သွင်းမည် မဟုတ်ကြောင်းပြောကြားပါသည်။
နော့ပါရစ်ကဆက်လက်၍ ဖီယူထိုင်းပါတီအမတ် ၃၀ဦး ဝင်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း နှင့် ယနေ့ အဆိုတင်ဆွေးနွေးပွဲသည် ည ၁၁-နာရီခန့်အထိသို့မဟုတ် နောက်နေ့အထိ ကြာမြင့် သွားနိုင်ကြောင်း ပြောကြားပါသည်။

ပြည်ထဲရေးဝန်ကြီးချရူပွန် ရူယန်ဆူဝမ် နှင့် ဒုတိယဝန်ကြီးချုပ် ပရာချာပရိုနော့ တို့ကပါလီမန် အဝင်လမ်းကို ရဲများသည် နိုင်နိုင်နင်းနင်းစောင့်ရှောက်ထားမည် ဖြစ်ကြောင်း အတည်ပြုပြောကြားသည့် အားလျော်စွာ ဖီယူထိုင်းအမတ်များသည် ပါလီမန်သို့ ၎င်းတို့အစီအစဉ်ဖြင့်သာသွားရောက်ကြမည် ဖြစ်ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးများဆိုင်ရာအဆင့်မြင့် ကော်မရှင်နာရုံးမှ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးချေချိလ် ပူယီလိကယခုရက်သတ္တပတ်တွင် ပါလီမန်၌ တင်သွင်းမည့် ဥပဒေမူကြမ်းတွင် ၂၀၁၀-ခုနှစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအားစစ်တပ်မှ ဖြိုခွဲရာတွင် လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ သောပုဂ္ဂိုလ်များအား လွတ်ငြိမ်း ချမ်းသာခွင့် ပြုမိနိုင်ကြောင်းထောက်ပြသည်။

ဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် သူမက “ ထိုင်းအစိုးရသည် လူအခွင့်အရေး ချိုးဖောက်သူများအား လွတ်ငြိမ်းချမ်းသာခွင့် မပြုမိစေရန် သေချာစီစဉ်ရန် လိုအပ်ကြောင်း နှင့် ထိုသို့ လူ့အခွင့်အရေး ချိုးဖောက်သူများအားတရားစီရင်နိုင်ရေးအတွက် တဆင့်ပြီးတဆင့် ဆောင်ရွက်ရန် လိုအပ်ပါတယ် ဟု ပြောသည်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့မှ ကျောင်းသားများ၏လုံခြုံရေးအတွက် ဒူးဆစ်ခရိုင်အတွင်းရှိကျောင်း ၉-ကျောင်းအား ယနေ့မှ သောကြာနေ့အထိပိတ်ထားလိုက်ပါသည်။
ရဲတပ်ဖွဲ့မှလည်း အစိုးရအိမ်တော် နှင့် ပါလီမန်တဝိုက် ကန့်သတ် နယ်မြေအတွင်း ဆန္ဒပြသမားများ မဝင်ရောက်ရေးတားဆီးရန်အတွက် ဆန္ဒပြလူအုပ် နှိမ်နင်းရေးဝတ်စုံ နှင့် ပစ္စည်းကိရိယာများဝတ်ဆင် ကိုင်ဆောင်လျက်လေ့ကျင့်လျက်ရှိပါသည်။ ပါလီမန်အနီးသို့ ယနေ့ချီတက်လာမည့်  (လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေအတည်ပြုရေးအား) ဆန့်ကျင်သည့် ဆန္ဒပြသမားများနှင့်ညှိနှိုင်းဆွေးနွေးရန် ပြင်ဆင်လျက် ရှိပါသည်။

ဘန်ကောက်ပို့စ် သတင်းစာ ၂၀၁၃ သြဂုတ်လ ၇-ရက်

Tuesday, August 6, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်က ယာဉ်အန္တရာယ် တရားခံ ဘယ်သူလဲဟေ့


ရန်ကုန် -  မန္တလေး အမြန်လမ်းမပေါ်က ယာဉ်အန္တရာယ် တရားခံ ဘယ်သူလဲဟေ့

ညွန့်အောင် ( မြစ်မခ )

သြဂုတ် ၆ ၊

အခုတလော ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်က ယာဉ်အန္တရာယ် ဖြစ်ပွားမှုတွေ နှင့် အတူ ဝေဖန်သုံးသပ် ချက်တွေ အမျိုးမျိုး ဖတ်ရှုနရပါတယ်။ နည်းပညာနှင့် ပတ်သက်လို့ မော်တော်ယာဉ် တာယာတွေ အကြောင်း တာယာအမျိုးအစား၊ ခံနိုင်ဝန်စတာတွေကို စနစ်တကျ ဖော်ပြပေးတဲ့ ဆောင်းပါးတွေလဲ တွေ့ရပါတယ်။ 

ဘဝင် မကျစရာကတော့ လက်ဆုပ်လက်ကိုင် မဖော်ပြနိုင်တဲ့ ကာယကံရှင် ကိုယ်တိုင်ဖော်ပြတာမဟုတ်တဲ့ ဘယ်သူ ဘယ်ဝါက ဘယ်နားမှာ နာနာဘာဝလို့ ထင်ရတဲ့ဟာတွေ ဘယ်နားမှာတွေ့တယ်ဆိုတဲ့ အခြေအမြစ် မရှီသော သတင်းစကားတွေ၊ ပရိတ်ရွတ်၊ နာနာဘာဝ နှင် စတဲ့လုပ်ဆောင်ချက်တွေကို လုပ်တဲ့သူက လုပ်သလို ဖြန့်ကား ပွားတဲ့သူက ပွားနေကြပါတယ်။

ကျွန်တော်တို့တစ်တွေက ခွဲခြမ်းစိတ်ဖြာ အဖြေရှာဖို့၊ ဝေဖန်ပိုင်းခြား စဉ်းစားဖို့ ပျင်းတဲ့အခါ၊ မလုပ်ချင်တဲ့အခါ အင်းလေ ကံဘဲပေါ့၊ မမြင်နိုင်တဲ့အရာတွေ ရှိတာကိုး၊ နာနာဘာဝတွေ စသဖြင့် လာမငြင်းတဲ့ အရာတွေပေါ် ပုံချတတ်ပါတယ်။ ပြီးတော့လဲ ဖြစ်နေတဲ့ ဒုက္ခကို ဆက်လက်ပြီး ခါးစည်းခံနေတတ်ကြပါတယ်။ 

တရားခံ မဟုတ် တောင် တာဝန်ရှိတဲ့သူ စာရင်းထဲ ပါတဲ့သူတွေ အဖွဲ့အစည်းတွေကလဲ အာရုံပြောင်းလိုက်ကြပါတယ်၊ ကျွန်တော်တို့ကလည်း လမ်းလွှဲပေးတဲ့အတိုင်း ပျော်ပျော်လေး လမ်းလွဲလိုက်ကြပါတယ်။

ဆရာအောင်မောင်းရဲ့ စဥ့်အိုးထဲ ခေါင်းစွပ်သွားတဲ့နွားပြဿနာကို နွားခေါင်းဖြတ်လိုက်၊ ပြီးတော့ စဥ့်အိုးရိုက်ခွဲ လိုက်ဆိုပြိး ဖြေရှင်းပေးတဲ့ ပညာရှိကို အော်သူရှိပေလို့ တို့ဖာသာဆိုရင် ဘာလုပ်ရမှန်းမသိဘူးလို့ ကျေးဇူတင် နေတဲ့သူတွေ အဆင့်ကကို မတက်နိုင်ကြသေးပါဘူး။

“ရန်ကုန်-မန္တလေး နေ့ချင်းပေါက်၊ ၁၀-နာရီနဲ့ရောက်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ထောင်ပြီး လုပ်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ တလောက ဆရာတော်တစ်ပါးရဲ့ တရားဟောချက် သွားရင်းလာရင်း တစ်ပိုင်းတစ်စ နာလိုက်မိပါတယ်။ စေတနာနဲ့ လုပ်ပေးတာလို့ ပြောတာ မပြည့်စုံဘူးတဲ့။

 စေတနာဆိုတာ စေ့ဆော်ခြင်းလို့ အဓိပ္ပါယ်ရတယ် ကုသိုလ်နဲ့ယှဉ်သော စေတနာ၊ အကုသိုလ် နဲ့ယှဉ်သော စေတနာလို့ ခွဲခြား နိုင်ပါတယ် တဲ့။ ဒေါသ၊ မောဟ၊ လောဘနဲ့ယှဉ်လျင် အကုသိုလ် စေတနာ၊ အဒေါသ၊ အမောဟ နဲ့ အလောဘ နှင့် ယှဉ်မှသာ ကုသိုလ်စေတနာပါတဲ့၊ ဒီလမ်းဖောက်ဖို့ ကြံစည်စိတ်ကူးတုန်းကတော့ ကုသိုလ် နှင့်ယှဉ်တဲ့ စေတနာ ဖြစ်မှာတော့ သံသယ မရှိပါဘူး။ ဒါပေမဲ့ တကယ် အကောင်အထည်ဖော်တဲ့ အခါကျတော့ စေတနာတွေက ကုသိုလ် နှင့် ယှဉ်ပါသေးတယ်ဆိုတာတော့ သံသယဖြစ်စရာပါပဲ။

သိသင့်သိထိုက်တဲ့ နည်းပညာတွေ၊ လိုက်နာကျင့်သုံးအပ်တဲ့ စံချိန်စံညွှန်းတွေ ကို လျစ်လျူပြုခဲ့တဲ့ မောဟတွေ၊ အမြတ်အစွန်း ထွက်ချင်တဲ့ လောဘတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ ခိုးယူ အလွဲ သုံးစားမှုတွေ၊ မြန်မြန်ပြီး မြန်မြန် ငွေရ ဆိုတဲ့ လောဘတွေ ဘယ်လောက်ပါနေလဲ မသိနိုင်ပါ။

မဟာပထဝီ မြေထုကြီးဟာ ရှိသမျှတွေကို ထမ်းထားနိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ အချိန်ပေးရပါတယ်။ ကျောက်၊သဲ၊ဘိလပ်မြေ ရောစပ် ကွန်ကရိသားသည် တစ်ကုဗပေလျှင် ပေါင် ၁၅၀-ခန့်လေးပါတယ်။ ဒီလမ်းပေါ် မှာဖြတ်သန်းသွားလာတဲ့ ယာဉ်နဲ့ လူတွေအလေးချိန် တွေ နေ့စဉ် ဖြတ်သန်းတဲ့အခါ ကွန်ကရစ်လမ်းအောက် က အောက်ခံမြေသားဟာ ကွန်ကရစ်လမ်းရဲ့ အလေးချိန်ကို အမြဲတမ်းထမ်းထားရတယ်။ ဖြတ်သန်းမောင်းနှင် သည့် မော်တော်ယာဉ် နှင့် ယာဉ်ပေါ်ပါ အလေးချိန်းများ၏ ရွေ့လျား အရှိန်နဲ့ ဖြတ်သန်းသွားသည့် ရွေ့လျား အလေးချိန် နှင့် ရိုက်ခတ်မှုလည်း ခံရပါတယ်။

အောက်ခံမြေသားတွေကို ဒီအလေးချိန်တွေ အမြဲတမ်း ခံနိုင်အောင် ဘယ်လောက်အချိန်ပေးပြီး ဘယ်လောက်စနစ်တကျ ပြုပြင်ထားပါသလဲ။ ကွန်ကရိလောင်းပြိးမှ လိုရင် ပြန်ပြင်တာပေါ့လို့ နောက်မှ မြေကို ပြန်ထုထောင်းလို့မရပါ၊ အလုပ်တိုင်းမှာ ပစ္စည်းအလိုက် အသားကျချိန်ဆိုတာ ရှိပါတယ်။ မြေသားကို အလွှာလိုက်၊ ရေလောင်းလိုက၊် ကြိတ်လိုက၊် နောက်တစ်လွှာတင်လိုက်စသဖြင့် တစ်ခုပြီး မှတစ်ခုလုပ်ရတဲ့ အဆင့်တွေ ရှိပါတယ်။ 

အမြတ်များများ ကျန်အောင် လုပ်အား၊ အချိန်၊ စက်အား၊ စက်သုံးဆီ တွေ ချွေတာ ( ခိုး ) လိုက်လျင် မြေသားခိုင်မာမှု နိမ့်ကျပါတယ်။

တည်ဆောက်ရေး လုပ်ငန်းတိုင်းမှာ ဒီမြေသားအောက်ခံ ပြဿနာဟာ အမြဲရှိပါတယ်၊ တံတားတွေ၊ လူနေအိမ် တွေ၊ လမ်းတွေ၊ ပလက်ဖောင်းတွေ တည်ဆောက်ပြီး မကြာခင် ကျိုးတာ အက်တာ၊ ကျွံကျတာတွေ အမြဲတမ်း တွေ့ရပါတယ်၊ မြေသားမခိုင်မာတဲ့ အောက်ခံပေါ်လောင်းထားတဲ့ ကွန်ကရိလမ်း၊ ကျောက်ခင်း လမ်းတွေဟာ မကြာခင် လှိုင်းတွန့်တွေ ပေါ်ပေါက်လာပါတယ်။

လှိုင်းတွန့်တွေပေါ်မှာ အမြန်နှုန်းတင်မောင်းတော့ အန္တရာယ်များတာပေါ့။

နောက်တခုက လမ်းရဲ့ ဖြောင့်တန်းမှု နှင့် အကွေ့အဝိုက်များအခြေအနေပါ။ ငယ်စဉ်က ရူပဗေဒ သင်ခန်းစာ ထဲက  ဗဟိုခွာအားတို့ ဗဟိုချဉ်းအားတို့ မှတ်မိဦးမယ်ထင်ပါတယ်။ အကွေ့အဝိုက်တစ်ခုကို မောင်းနှင်နေစဉ် မှာ လမ်းအကွေ့၏ အချင်းဝက် အနည်းအများ၊ မောင်းနှင်နေတဲ့အလျင် အပေါ်မူတည်ပြီး မော်တော်ယာဉ် သည် အကွေ့၏ အချင်းမျဉ်းလားရာအတိုင်း ဗဟိုချက်မှ ဝေးရာသို့ တွန်းထုတ်ခံရပါတယ်။ ဗဟိုခွာအားကြောင့် လည်း ကားတွေ လမ်းပေါ်က ချော်ကျပြီး မတော်တဆ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လမ်းကွေ့တွေမှာ အကွေ့ အချင်းဝက် အတိုင်း ဗဟိုချက်နှင့် ဝေးရာ လမ်းနှုတ်ခမ်းမျက်နှာပြင်ကို အနည်းငယ် အတွင်းဖက်ကို စောင်း ပေးရပါတယ်။ ထို့အတူ လမ်းအကွေ့တွေမှာ အရှိန်လျှော့ ဖို့ လိုအပ်ပါတယ်။

နောက်တစ်ခုက လမ်းမျက်နှာပြင်မှာ ကတ္တရာခင်းထားခြင်း နှင့် ကွန်ကရိသားခင်းထားခြင်း အခြေအနေသည် မော်တော်ယာဉ်ဘီး တာယာ နှင့် ပွတ်တိုက်မှု အခြေအနေကွာခြားပါသည်း ကတ္တရာမျက်နှာပြင်က မော်တော်ယာဉ် တာယာကို စေးကပ်ဆွဲငင်ထားပြီး၊ ကွန်ကရိမျက်နှာပြင်ကတော့ အမာခံမျက်နှာပြင် ဆိုတော့ စေးကပ်အားမရှိပါဘူး။ နေအပူချိန် စုပ်ယူအောင်းထားရာမှာလည်း ကတ္တရာစေး နှင့် ကျောက်မှုန့်များ နှင့် ဖွဲ့စည်းထားတဲ့ နိုင်လွန်ကတ္တရာသားမှာ လေအောင်းအပေါက်ငယ်များ ရှိသည့်အတွက် အပူးပမာဏမျာစွာ စုပ်ယူ မထားနိုင်ပါ။ ကွန်ကရိကတော့ ကျောက်တုံးငယ်များ၊ သဲ၊ ဘိလပ်မြေတို့ ရောစပ်ထားသည့်အတွက် ကျောက်သားထုကဲ့သို့ အပူအောင်းထားပြီး တာယာ၏ အပူချိနိကို မြင့်တက်စေကာ လေဖိအားတက်ပြိး တာယာကို ပိုခုန်စေ၊ တာယာကို ပွင့်ထွက်စေနိုင်ပါတယ်။

မိုးရွာသွန်းလို့ လမ်းပေါ်မှာ ရေတင်နေရင်၊ ရွှံ့နွံများ တင်နေလျင် မော်တော်ယာဉ်ဘီး တာယာမျက်နှာပြင် ပေါ်ရှိ လိုင်းများကြား ရေ နှင့် ရွှံ့များဝင်သွားကာ လမ်းနဲ့တာယာ ထိတွေ့မှု လျော့နည်းကာ ဘိးချော်စေနိုင်ပါတယ်။

မော်တော်ယာဉ်ကို တစ်နာရီ ကီလိုမီတာ ၁၀၀- နှုန်းနှင့် မောင်းနှင်ရာတွင် တစ်မိနစ်လျင် မီတာ ၁၆၆၇ ၊ တစ်စက္ကန့်လျင်  ၂၇ ဒဿမ ၇၈ မီတာ ရွေလျားနေပါတယ်။ လမ်း၏ အနိမ့်အမြင့်၊ အကွေ့အဝိုက်၊ ညအချိန်ဆိုလျင် အလင်းရောင်စသည် တို့ကြောင့် မြင်ကွင်းက မည်သည့် အကွာအဝေး အထိကြိုမြင်ရသလဲ ဆိုသည့် အချက်၊ လမ်းပေါ်မှာ မမျှော်လင့် ထားသော အရာများ အနှေးယာဉ်များ၊ တိရစ္ဆာန်များ စသည်တို့ကို ရုတ်တရက် ပေါ်လာရင် ယာဉ်မောင်းရဲ့လျှပ်တပြက် တုံ့ပြန်မှု၊ ကျွမ်းကျင်မှုများအပေါ်မူတည်ပြီး မတော်တဆမှု ဖြစ်ပေါ်နိုင်ပါသည်။ မော်တော်ယာဉ် မောင်းနှင်သည့် အမြန်နှုန်းမြင့်လေလေ အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အလားအလာများလေလေ ဖြစ်ပါတယ်။

မော်တော်ယာဉ်များကလည်း အသစ်၊ အဟောင်း ၊ အပြင်ပန်း အမြင်လှပေမယ့် ပကတိအခြေအနေ ဘယ်လိုရှိမှန်းမသေချာ၊ ကောင်းလျှင်သော်မှ အစိတ်အပိုင်းများစွာ စုပေါင်းထားတဲ့ အရာဆိုတော့ အချိန်အရွေး၊ ပျက်နိုင်ချို့ယွင်းနိုင်ပါတယ်။  မောင်းနှင်တဲ့သူကလည်း သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ် ဆိုတော့ အိပ်ငိုက် နိုင်ပါတယ်။ သတိလက်လွတ် ဖြစ်နိုင်ပါတယ်။

ပြင်စရာရှိတာ၊ မွမ်းမံစရာ ရှိတာတော့ ပညာရှင်တွေ၊ သက်ဆိုင်ရာ ဌာနတွေ ဆက်လက် ဆောင်ရွက်ပါ လိမ့်မယ်။ ခရီးသည်တင်ဘတ်စ်ကားမောင်းသူများ၊ ကိုယ်ပိုင် ကား မောင်းသူများအနေဖြင့်  ခရီးသွား ပြည်သူတွေ အန္တရာယ်ကင်းကင်း ခရီးဆုံးသို့ ရောက်နိုင်ဖို့  လိုရာမရောက်၊ သေရွာရောက်နိုင်တယ် ဆိုတဲ့ သတိပေးစကား၊ အသက်ဥာဏ်စောင့် ဆိုတဲ့စကားတွေ နှလုံးသွင်းပြီး  မိမိအသက် အများအသက်ကို စောင့်ရှောက်နိုင်ကြပါစေ။