နံနက်ခင်း
လေပြေက လတ်ဆတ် သန့်ရှင်းလှပါတယ်။ မော်တော်ယာဉ်တွေ အုံနဲ့ကျင်းနဲ့
ထွက်မလာသေးတော့ ရန်ကုန်မြို့ရဲ့ လေထုက မီးခိုးနံ့ ကင်းစင်နေပါသေးတယ်။
မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း နဲ့ မင်းဓမ္မလမ်းထောင့်
အနီးမှာတော့ မော်တော်ကားကြီး ၃-စင်းရပ်ထား ပြီး ကားငယ်တွေ
ဝင်လိုက်ထွက်လိုက် လူတွေလည်း အုပ်စုငယ်လေးတွေအလိုက် ရပ်နေကြပြီး မလာ
သေးဘူးလား ရောက်နေပြီစသဖြင့် အသံတွေ ဆူညံနေပါတယ်။
မျက်စိကစားလိုက်တော့
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊
လူမှုဝန်ထမ်းဦးစီးဌာန ၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းဆိုင်းဘုတ်ကို
တွေ့လိုက်ရပါတယ်။
ပတ်ဝန်းကျင်မှာလည်း
ကလေးတွေရော၊ လူငယ်တွေနဲ့ လူကြီးတွေပါ အသက်အရွယ်ပေါင်းစုံ တွေ့ရတော့
သိချင်စိတ်လေး ပေါ်လာပါတယ်။ အနားက ခပ်ငယ်ငယ် အမျိုးသမီးငယ်လေး တစ်ဦးကို
သမီးရေ ဘာလုပ်နေကြတာလဲလို့ မေးလိုက်တော့ သမီးတို့ ကျောင်းက ကျောင်းပြင်ပ
လေ့လာရေး ခရီး ထွက်ကြမလို့ပါ လို့ပြောရင်း “ဟဲ့ မတွန်းနဲ့လေ” ဟု အနားက ကလေးနှစ်ယောက် ကို ပြောရင်း ကလေးတွေနား ရောက်သွားပါတယ်။
မိမိကို အနားက ခပ်ဝဝ ကလေးကြီး တစ်ယောက်ကို အလည်မှာထားပြီး ရပ်နေတဲ့ လူကြီးပိုင်းအရွယ် ဇနီးမောင်နှံ နှစ်ယောက်က” ဒီကျောင်းက မသန်စွမ်း
ကလေးတွေကို လေ့ကျင့် သင်ကြားပေးနေတဲ့ သင်တန်းကျောင်းပါ။ ကျောင်းပြင်ပ
လေ့လာရေး အစီအစဉ် အရ နေပြည်တော်ကို ခရီးသွား ကြမလို့ပါ။ တစ်ညအိပ် နှစ်နေ့
ခရီးစဉ်ပါ ” လို့ပြောပါတယ်။
ကျွန်တော့်
စိတ်ထဲမှာ မသက်မသာ ဖြစ်သွားပါတယ်။ အားတော့ နာပါရဲ့။ ကလေးတွေက အလွယ်
တကူပြောရင်တော့ မသန်စွမ်းတွေပါ၊ ကိုယ်ခန္ဓာ မသန်စွမ်းတွေပါသလို
အသက်အရွယ်နဲ့စာရင် ကလေးဆန်နေတဲ့ ဥာဏ်ရည်နိမ့် ကလေးငယ်တွေ တွေ့ရလို့ပါ။
ဒီလိုကလေးတွေနဲ့ ဘယ်လိုများ ညအိပ်ခရီးသွားကြမှာပါလိမ့်လို့ တွေးမိပါတယ်။
“အော်
ဟုတ်ပါတယ် ဒီကလေးတွေက ပုံစံအမျိုးမျိုး နဲ့ မသန်စွမ်း ဖြစ်နေတဲ့
ကလေးတွေပါ။ ကလေး တွေကို မသန်စွမ်းဆိုပြီး အိမ်မှာ တံခါးပိတ်မထားဘဲ။
လူဝင်ဆန့်တဲ့ ကလေးတွေဖြစ်အောင်၊ အမှီအခို ကင်းမဲ့စွာ ရပ်တည်နိုင်တဲ့
ကလေးတွေ ဖြစ်အောင် ၊ လေ့ကျင့်ပေးနေတာပါ၊ ကလေးတွေ ပတ်ဝန်းကျင်
အပြောင်းအလဲလေးလည်း ဖြစ်အောင် ဒီခရီးစဉ် ကို စီစဉ်တာပါ။ မိဘတွေလည်း
ကိုယ့်သားသမီး ထိန်းရင်း၊ အပြောင်းအလဲဖြစ်အောင်ပေါ့လေ ”လို့ အမျိုးသမီးငယ်က
ပြောပါတယ်။
“ ဒီကျောင်းက”လို့
စကားစလိုက်တော ဖခင်ဖြစ်သူက “ အော် ညီလေး ဒါ ဒီကျောင်းက ဒုတိယ
ကျောင်းအုပ်ဆရာမကြီးပါ ” လို့ပြောရင်း အနားက ဖြတ်သွားတဲ့ ဆရာမ တစ်ယောက်နဲ့
မိတ်ဆက် ပေးလိုက်ပါတယ်။ ဆရာမကိုမေးတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာ
ရှိကြောင်း၊ ဤသက်ငယ်သင်တန်း ကျောင်းကို ၁၉၇၁ ခုနှစ် အောက်တိုဘာလ
၆-ရက်နေ့တွင် မသန်စွမ်း ကလေးငယ် ၉-ဦးဖြင့် စမ်းသပ် ဖွင့်လှစ် ခဲ့ရာ
အောင်မြင်သဖြင့် ဆက်လက်တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ယခု မသန်စွမ်းကလေးငယ်
၂၀၀-ကျော် ရှိလာပြီ ဖြစ်ကြောင်း ရှင်းပြပါတယ်။
ဆက်မေးမယ်ပြင်တော့
ခရီးထွက်ခွာဖို့ စီစဉ်နေလို့ အချိန်မရသေးကြောင်း နောက်မှသပ်သပ်
တွေ့ဆုံဖို့ ဒါမှမဟုတ် အချိန်ရရင် စိတ်ဝင်စားရင် ဒီခရီးစဉ်မှာ
လိုက်ပါလေ့လာစေလိုကြောင်း ဖိတ်ခေါ်
တာနဲ့ မသန်စွမ်း ကလေး ကျောင်းသား ကျောင်းသူ ၅၀၊ မိဘ ၄၅-ဦး နှင့်
ကြီးကြပ်သူ ဆရာမ ၂၀-ဦးပါအဖွဲ့ လေအေးတပ် ခရီးသွားမော်တော်ယာဉ်ကြီး ၃-စင်း
နဲ့အတူ နေပြည်တော် လေ့လာရေးခရိးစဉ်မှာ ပါဝင်လိုက်ပါခဲ့ပါတယ်။
ပုံစံအမျိုးမျိုး နဲ့ ကွဲပြားခြားနားစွာ ရပ်တည်နေတဲ့ ကလေးငယ်တွေကို ကြည့်ရင်း မသန်စွမ်း ဆိုတာကို စဉ်းစားလိုက်မိပါတယ်။
မသန်စွမ်းဆိုတာ
မွေးရာပါ (သို့မဟုတ်) မတော်တဆဖြစ်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ်
စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် အသိညာဏ်ပိုင်းဆိုင်ရာမှာ အများနည်းတူ
ရှိသင့်တဲ့ စံနှုန်းအတိုင်း မရှိဘဲ ချို့ယွင်းခြင်းလို့
အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပါတယ်။ ရာစုနှစ်ပေါင်းများစွာ လက်ခံလာတဲ့
အမှန်တရားပါ။ အခုကော မှန်နေတုန်းဘဲလား။
သင့်တော်တဲ့
မျက်မှန် မတပ်နိုင်ရင် အဝေးမှုန်၊ အနီးမှုန်၊ သူငယ်အိမ်
စောင်းနေသူတွေအားလုံလည်း မျက်မမြင်ပါဘဲ။ နားကြားအသံချဲ့ကိရိယာမတပ်နိုင်ရင်
အကြားအားရုံ အနည်းငယ်ချို့ယွင်းသူလဲ နားပင်းပါဘဲ။ ခြေ လက် ကျိုးတဲ့သူ
နာတဲ့သူ ထိခိုက်ထားတဲ့သူတွေလဲ ချိုင်းထောက်၊ ခြေတု၊ လက်တု၊
ဘီးတပ်ကုလားထိုင် မတတ်နိုင်တဲ့သူတွေလည်း မသန်စွမ်းဘဲဖြစ်နေကြမှာပါ။
မျက်စိကမြင်ရတဲ့
အလင်းလှိုင်းတွေကို ဦးနှောက်ထဲက သက်ဆိုင်ရာအမြင် အာရုံကြောတွေထံ
မပို့ပေးနိုင်ရင် အမြင်အာရုံ ချို့တဲ့တယ်၊ မျက်မမြင်ဘဝရောက်သွားပါပြီ။
ဒါပေမဲ့ နည်းပညာတိုးတက် လာလို့ အပြင်ကရုပ်ဝတ္ထု ပစ္စည်းတွေရဲ့
အလင်းလှိုင်းတွေကို စက်ကိရိယာအကူအညီနဲ့ ဦးနှောက်ထဲ က
အမြင်အာရုံကြောစနစ်ထဲကို ပို့ပေးနိုင်တဲ့အခါကျရင် မျက်စိမပါသော်လည်း
မြင်နိုင်ပါပြီ။ အသံလှိုင်းတွေကို ဦးနှောက်အကြားအာရုံထဲကို ပို့ပေးနိုင်ရင်
နားမပါငြားလည်း ကြားနိုင်ပါပြီ။ မျက်စိ၊ နား၊ နှာခေါင်း၊ ကိုယ်ကာယ နှင့်
လျှာ ဆိုတဲ့ ရုပ်တွေကနေ သက်ဆိုင်ရာ မနောအာရုံတွေ နှင့် ပေါင်း လိုက်ရင်
အမြင်၊ အကြား၊ အနံ့၊ အထိအတွေ့နှင့် အရသာ တွေခံစားနိုင်တာပါ၊
ဆိုလိုတာက
ချို့ယွင်းခြင်းကြောင်း မသန်စွမ်း ဖြစ်ရခြင်း မဟုတ်ပါ။ တတ်စွမ်းနိုင်သည့်
အခြေအနေ၊ ဝန်းကျင် ( enabling environment or situation ) ကို မဖန်တည်း၊
မထောက်ပံ့ပေးနိုင်ခြင်းကြောင့် သာလျင် မသန်စွမ်း ဖြစ်ရပါသည် ဟုပြောတာပါ။
ကုလသမဂ္ဂရဲ့
စာရင်းများအရ ကမ္ဘာ့လူဦးရေရဲ့ ၁၀-ရာခိုင်နှုန်း လူဦးရေ သန်းပေါင်း- ၆၅၀
ခန့်ဟာ မသန်စွမ်းသူတွေ ဖြစ်ပါတယ်တဲ့။ အဲဒီအထဲက ၈၀-ရာခိုင်နှုန်းခန့်ဟာ
ဖွံ့ဖြိုးဆဲ နိုင်ငံ တွေမှာ နေထိုင်ကြပါတယ်လို့ သိရပါတယ်။
ကမ္ဘာ့ဘဏ်ကတော့
ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးသူတွေရဲ့ ၂၀-ရာခိုင်နှုန်းသည် မသန်စွမ်းသူတွေ
ဖြစ်ကြပါတယ်လို့ ခန့်မှန်းထားပါတယ်။ ဆင်းရဲရတဲ့ အထဲမှာ မသန်စွမ်းလည်း
ဖြစ်နေတယ်ဆိုတော့ လူ့အသိုင်းအဝိုင်းရဲ့ အနိမ့်ကျဆုံး လူတန်းစားလို့
သတ်မှတ်ခံနေရပါတယ်တဲ့။
အဲဒီမှာမှ
မသန်စွမ်းသူ အမျိုးသမီးဖြစ်နေရင် ပိုပြီးတော့ အနှိမ်ခံရပါတယ်။ ၂၀၀၄
ခုနှစ်အတွင်း အိန္ဒိယ နိုင်ငံမှာပြုလုပ်ခဲ့တဲ့ သုတေသနအသေးစားလေးတစ်ခုအရ
မသန်စွမ်းသူ အမျိုးသမီးငယ်တွေနဲ့ မိန်းမကြီး တွေ အားလုံးနီးပါးဟာ
မိမိအိမ်မှာ အရိုက်အနှက်ခံကြရပါတယ်။
မသန်စွမ်းသူ
အမျိုးသမီးတွေနဲ့ မိန်းခလေးငယ်တွေရဲ့ ၂၅-ရာခိုင်နှုန်းခန့်က ကာမဂုဏ်
အကြမ်းဖက်မှုတွေ ခံရရှာပါတယ်။ ၆-ရာခိုင်နှုန်းလောက်ကတော့ အတင်းအကြပ် သားကြော
အဖြတ်ခံ ကြရပါတယ်။
ကုလသမဂ္ဂကလေးသူငယ်များ
ရံပုံငွေအဖွဲ့ရဲ့ စူးစမ်းလေ့လာမှုအရ လမ်းပေါ်ကလေး / လမ်းပျော် ကလေးတွေရဲ့
၃၀-ရာခိုင်နှုန်းဟာ မသန်စွမ်းကလေးတွေ ဖြစ်ပါတယ်တဲ့။
ယူကေ
နိုင်ငံကပြုလုပ်တဲ့ လေ့လာမှုတစ်ရပ်အရ ၅-နှစ်အောက် ကလေးငယ် သေဆုံးနှုန်း ၂၀-
ရာခိုင် နှုန်းအောက်ရှိတဲ့ နိုင်ငံတွေမှာ မသန်စွမ်း ကလေးတွေဟာ
၈၀-ရာခိုင်နှုန်းလောက် သေဆုံး နေကြ ပါတယ်တဲ့။ မသန်စွမ်းကလေးတွေဟာ
ပေါင်းရှင်းခံရသလို သေဆုံးနေကြ ပါတယ်တဲ့။ ကိုယ့် ဖာသာ ကိုယ်
အသဲမာတယ်ထင်ထားတဲ့ ကျွန်တော် ဒီဥပမာစကား ကြားရတော့ မျက်ရေ ကျချင်လာပါတယ်။
ကလေးချင်းအတူတူ
ဒီကလေးတွေက ဘာလို့ ဒီလောက် ခံစားရတာလဲ။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၀၀-
ကျော်ရှိတဲ့အနက် ၄၅-နိုင်ငံမှာသာ မသန်စွမ်းတွေနဲ့ သက်ဆိုင်တဲ့၊
မသန်စွမ်းသူတွေကို ခွဲခြား ဆက်ဆံခြင်းမှ ကာကွယ်တဲ့ သီးခြားဥပဒေတွေ
ရှိပါတယ်။
ကလေးသူငယ်
အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်မှာ ကလေးသူငယ် တိုင်းသည်
အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်၊ ပြုစုစောင်ရှောက်
ကာကွယ်မှုခံယူပိုင်ခွင့်နှင့် ပါဝင် ဆောင်ရွက်ပိုင်ခွင့်များ ရှိသည်ဟု
ဖော်ပြထားပါတယ်။ ဒီစာချုပ်သည် ကမ္ဘာ့နိုင်ငံအများဆုံး လက်ခံသဘောတူထားတဲ့
စာချုပ်ဖြစ်ပါတယ်၊ အခွင့်အရေးများဖြစ်တဲ့အတွက် ရပိုင်ခွင့်ဖြစ်ပါသည်။ Duty
bearer ခေါ် ဤရပိုင်ခွင့်များ ကလေးတိုင်းရအောင် ဆောင်ရွက်ပေးရမည့် တာဝန်သည်
သက်ဆိုင်ရာ မိသားစု၊ ရပ်ရွာအသိုင်းအဝိုင်း၊ နိုင်ငံတော် နှင့်
အပြည်ပြည်ဆိုင်ရာမှာ အဆင့်ဆင့်တာဝန် ရှိပါတယ်။
မြန်မာနိုင်ငံမှာ
မျက်မမြင်၊ နားမကြားဆွံ့အ တွေအတွက် သီးသန့် သင်တန်းကျောင်းတွေ
ရှိနေပြါ့ပီ။ နယ်မြေအနှံ့ လွှမ်းခြုံနိုင်ဖို့ကတော့ လိုသေးတာပေါ့။
လူမှုဝန်ထမ်းဦးစီးဌာန၊ သက်ငယ် သင်တန်း ကျောင်းမှာ အကြောင်းကြောင်းကြောင့် -
· ခြေလက် ပြတ်နေသူတွေ ( Amputee )၊
· ဦးနှောက်အာရုံကြော ချို့ယွင်မှုကြောင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများ တုန်ခါသော ရောဂါ ခံစားနေရသူတွေ ( Cerebral palsy )၊
· ပိုလီယို အကြောသေ ရောဂါကြောင့် ခြေလက် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ မသန်စွမ်း သူများ၊ ( Post polio Myelitis )
· စိတ်ပိုင်းဆိုင်ရာ ညာဏ်ရည် ချို့တဲ့သူများ ( Mentally Retarded ) နှင့်
· ပတ်ဝန်းကျင်
နှင့် တဖြည်းဖြည်း ကင်းကွာလာသော အထီးကျန် စိတ်ဝေဒနာရှင်များ ( Autism )
စသည့် မသန်စွမ်းကလေးငယ်များကို လက်ခံ၍ ပြုစု ပျိုးထောင်ပေးပါသည်။
ဒု- ကျောင်းအုပ်ဆရာမကြီးက ကျောင်း၏ ရည်ရွယ်ချက်များကို ဆက်လက်ရှင်းပြပါတယ်။
၁။ အခြေခံ ပညာကျောင်းမတက်နိုင်သော မသန်စွမ်း ကလေးများအား အခြေခံ ပညာ သင်ကြား ပေးရန်
၂။ မသန်စွမ်း
ကလေးငယ်များအား ခန္ဓာကိုယ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုရေး
ဆိုင်ရာ ဖွံ့ဖြိုးစေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် အခြေခံ
ပညာကျောင်းသို့ ပေါင်းကူးနိုင်စေရန်
၃။ ညာဏ်ရည်ဖွံ့ဖြိုးမှု နည်းသော ကလေးငယ်များအား အခြေခံ အရေး၊ အဖတ်၊ အတွက်အချက် များ သင်ကြားလေ့ကျင့်ပေးရန်
၎။ နေ့စဉ် လူနေမှု ဘဝအတွက် အမှီအခို ကင်းစွာ ရပ်တည်နိုင်ရေးအတွက် လေ့ကျင့် သင်ကြား ပေးရန်
၅။ သင့်တော်သော အကြို အသက်မွေး ဝမ်းကျောင်းပညာရပ်များ လေ့ကျင့် သင်ကြားပေးရန်
စသည့် ရည်ရွယ်ချက်များဖြင့် လက်ခံ သင်ကြားလျက်ရှိပါတယ်။
ဆရာမကြီးနဲ့
မေးလိုက်ဖြေလိုက် လုပ်ရင်းက ၁၁၅-မိုင်စခန်း စားသောက်ဆိုင်တန်းကို ဝင်ရောက်
လာတော့ အပေါ့အပါးသွားကြ၊ နံနက်စာ စားကြပါတယ်။ ကလေးတွေရဲ့ မတူညီ
ကွဲပြားတဲ့ အခြေ အနေများ ပေါ်မူတည်ပြီး ကိုယ်တိုင် စားသောက်နေကြသလို မိဘ
အုပ်ထိန်းသူ ဆရာမ တွေက ကူညီ ထောက်ကူမှုဖြင့် စားသောက်နေကြသူတွေလည်း
ရှိပါတယ်။ တူညီတာတစ်ခုကတော့ ကလေး တွေရော လူကြီးတွေပါ လန်းဆန်းတက်ကြွ
ပျော်ရွှင်နေကြတာဘဲ ဖြစ်ပါတယ်။
ခရီးဆက်လာကြပြီး
နှစ်နာရီလောက် အကြာမှာတော့ နေပြည်တော်၏ ကြီးကျယ်ခမ်းနားမှုတွေ၊ တည်ဆောက်ရေး
လုပ်ငန်းတွေကို တွေ့မြင်ကြရပြီး နေပြည်တော် အမျိုးသား အထိမ်းအမှတ် ဥယျာဉ်
ရှေ့ကို ဆိုက်ရောက်ပါတယ်။ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ
ညှိနှိုင်းပေးမှုနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတို့၏ မေတ္တာစေတနာကြောင့်
ဝင်ကြေးနဲ့ ဥယျာဉ်အတွင်း လှည့်ပတ်ကြည့်ရှု တဲ့ မော်တော်ယာဉ်ပါ အခမဲ့ဝင်ရောက် လည်ပတ်ခွင့်ရရှိခဲ့ပါတယ်။
ဥယျာဉ်အတွင်း
နေ့လည်စာ စားသောက်ရင်း မိဘတွေ အပေါ် နွဲ့ဆိုးဆိုးနေတဲ့ ကလေးအချို့
အချင်းချင်း ချော့လိုက် ခြောက်လိုက် ထိန်းနေတာကို လိုက်နာလက်ခံနေတာကို
တွေ့တော့ သက်တူ ရွယ်တူ ဘဝတူအချင်းချင်း ပညာပေးထိန်းကျောင်းမှု ( Peer
Educator ) ဆိုတဲ့ သဘောတရားကို ဖြတ်ကနဲ သတိရလိုက်ပါတယ်။
နေ့လည်စာ
စားပြီးတော့ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်အတွင်းဆက်လက် လည်ပတ် ကြတော့
လှပတဲ့ ရှုခင်းတွေ နောက်ခံ ထားပြီး ဓါတ်ပုံရိုက်နေကြတာ စတိုင်အမျိုးမျိုး
ရယ်ကာမောကာ နဲ့ သာမန်လူတွေနဲ့ဘာထူးလို့လဲ။ သူတို့လဲ လှချင်တာဘဲ။
ရီစရာတွေ့ရင် ရီမယ်။ ပျော်စရာ ရှိရင် ပျော်မယ်။ ဘယ်သူတွေ တားထားနိုင်သလဲ။
ပျော်သံ ရီသံ ကြားချင်ရင် ပျော်စရာ ရီစရာတွေ ရှိတဲ့ ပတ်ဝန်းကျင်ကို
ဖန်တီးပေးရမှာပေါ့။
ဆက်လက်ပြီး
ဆာဖာရီ ဥယျာဉ်ကို သွားကြပါတယ်။ ဒီမှာလည်း ဝင်ကြေး နဲ့ မော်တော်ယာဉ်ကြေး
အခမဲ့ အလှူ ပေးခြင်း ခံယူရပါတယ်။ ကလေးတွေ မိဘတွေ နေရင်းဒေသ အမျိုးမျိုးက
ရှားပါး တိရစ္ဆာန်တွေကို မြင်တွေ့ကြရပါတယ်။ ဒီမှာလည်း ကလေးတွေရဲ့
ဝမ်းသာကြည်နူးမှုတွေကို ပီတိ ဝေဖြာစွာ မြင်တွေ့ခဲ့ရပြန်ပါတယ်။
ဒီကနေတဆင့်
တည်းခိုရာ စည်ပင်ရဲ ဧည့်ရိပ်သာကို ရောက်ခဲ့ကြပါတယ်။ ခေတ္တနားနေပြီးတော့ ညနေ
ပိုင်း ရေပန်းဥယျာဉ်ကို သွားဖို့ အစီအစဉ် ကြေငြာပါတယ်။ အမယ် နေ့စဉ်
မိဘတွေကို ရေချိုး သန့်ရှင်းရေးလုပ်ခါနီးတိုင်း အမျိုးမျိုး
ဆင်ခြေပေးလေ့ရှိတဲ့ ကိုနွဲ့ဆိုး မနွဲ့ဆိုးလေးတွေ အကျအန အလှပြင်လို့
ကားပေါ်မှာ အဆင်သင့် နေရာယူပြီးကြပါပြီ။
ရေပန်းဥယျာဉ်မှာလည်း
ဝင်ကြေးအခမဲ့အပြင် အအေးနဲ့မုန့်အလှူပါ ပါလိုက်ပါသေးတယ်။ အလင်းရောင်
ဝိုးတဝါးမှာ ကလေးတွေ များ ကျန်နေခဲ့မလား။ ပျောက်များသွားမလာလို့ ပူပင်ခဲ့
ပေမယ့် ကလေးတွေရဲ့ စကားနားထောင်မှု ဆရာမတွေရဲ့ စနစ်တကျ အပင်ပမ်းခံ
စောင့်ရှောက်မှု ကြောင့် ဘေးမသီရန်မခ တည်းခိုရာ ပြန်ရောက်လို့ တစ်ညတာ
အိပ်စက် အနားယူကြပါတယ်။
နောက်တစ်နေ့
နံနက် နံနက်စာစားအပြီး ဥပ္ပါတ သန္တိစေတီတော်မြတ် ဖူးကြဖို့ ခရီးဆက်ကြပါတယ်။
နံနက်ခင်း နေရောင်အောက် မှာ ရွှေတောင်ကြိး အသွင် စေတီတော်ကြီးဟာ
သပ္ပါယ်လှပါပေတယ်။ ဓါတ်လှေကားနဲ့ တက်ပြီး ရင်ပြင်ကျယ်ကျယ်မှာ ခလုတ် ကန်သင်း ကင်းတဲ့နေရာမို့ လွတ်လွတ် လပ်လပ် ပြေးလွှားရင်း လှိုဏ်ဂူတော်အတွင် တတ်စွမ်းသလို ရိုရိုကျိုးကျိုး ထိုင်ရင်း ဘုရား ဝတ်ပြုနေကြပါတယ်။
ဂုဏ်ယူဖွယ်
မြန်မာ့ ဗိသုကာလက်ရာ၊ ပန်းတမော့ ပန်းပုလက်ရာတွေကို ကြည့်ရှုရင်း သူတို့
ကိုယ်စား ဒီလို သာယာပျော်ရွှင်ဖွယ် နေ့ရက်များစွာရပါစေကြောင်း
ဆုမွန်ကောင်း တောင်းမိပါတယ်။
ဘုရားအဆင်းမှာ ဆင်ဖြူတော်တွေကို ကြည့်ရှုအပြီး နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကို ခရီး ဆက် ကြပါတယ်။ ဝင်ကြေးအခမဲ့
ဝင်ရောက်ကြည့်ရှု အပြီးမှာတော့ အပြန်ခရီး အစပြုခဲ့ကြပါတယ်။ မြို့မ ဈေးမှာ
နေ့လည်စာ စားပြီး ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။
မော်တော်ယာဉ်ပေါ်မှာ
စကားစပ်ပြန်တော့ မိခင်တစ်ဦးက “ ဒီနေ့ အချိန်အခါမှာ အများနဲ့ မတူ
ကွဲပြားခြားနားတဲ့ အရည် အသွေးတွေ နဲ့ ကလေးတစ်ဦးကို ပြုစုရတာ မလွယ်ပါဘူး။
သူတို့ အဆင်ပြေ ဖို့အတွက် မိဘ မောင်နှမ ဆွေမျိုးတွေက လိုတာလေးတွေ ဖြည့်စွက်
ပြုစုပေးရပါတယ်။ နားမလည်တဲ့ ပတ်ဝန်းကျင်နဲ့တွေ့ရင် ခွဲခြားဆက်ဆံ
အနှိမ်ခံရတာတွေ ရှိပါတယ်။ အထက်အောက် ညီအစ်ကို။ ညီအစ်မတွေကလည်း
အနစ်နာခံနားလည်မှုနဲ့ ပြုစုစောင့်ရှောက်ကြပါတယ်။ ဒီကျောင်း မရောက်ခင် ကလေ
မတောင်းကောင်း တောင်းကောင်း ကျွန်မတို့ မိဘတွေ သေရင် မျက်စိသူငယ် ကျန်ခဲ့
မလား လို့ စိတ်ပူပြီးအတူသေရပါစေလို့ ဆုတောင်းခဲ့ဘူးပါတယ်။ အခုတော့
ဒီကျောင်းက နေပြီး ဘဝတူတွေ တွေ့ရတာရယ်၊ ဒီကလေးတွေရဲ့ သဘော သဘာဝကို
နားလည်လာတော့ စနစ်တကျ စောင့်ရှောက်လေ့ကျင့် ပေးတတ်လာတော့ အရင်လို
အားမငယ်တော့ပါဘူး၊” လို့ ပြောပါတယ်။
ဘေးက ကလေးတစ်ယောက်က နာမည်တစ်ခု မပီမသ ရွတ်ရင်း “ xxx တော့ မပါဘူး” လို့ ပြောတော့ ကျွန်တော်နားမလည်ပါဘူး။ အနားက ကလေးတစ်ယောက်က “ သူ့သူငယ်ချင်း လိုက် မလာဘူးလို့ ပြောနေတာ ဆိုပြီး ဘာသာပြန်ပေးပါတယ် ”
အနားမှာ ထိုင်နေတဲ့ ဆရာမ တစ်ယောက်က “ ကျောင်းအနေနဲ့က
ဒီလိုခရီးကို စီစဉ်ပေးတာပေါ့နော်၊ ကုန်ကျစရိတ် အသက်သာဆုံးဖြစ်အောင်
လိုက်လံ ညှိနှိုင်း ဆောင်ရွက်ပေးပေမဲ့၊ အချို့ မိဘတွေ ကျတော့ စရိတ်
မတတ်နိုင်တော့ မလိုက်နိုင်ဘူးပေါ့နော်၊ ကလေး ၂၀၀ ကျော်မှာ ၅၀ လောက်ဘဲ
လိုက်လာကြပါတယ်။ ”ပြောပါတယ်။
မိဘတစ်ဦးကလည်း “ ကျွန်မတို့ မိဘ တစ်ချို့ စုပေါင်းပြီး အနာဂတ် ကြယ်ပွင့်လေးများ- ဉာဏ်ရည် မသန်စွမ်းသူများ ကိုယ့်အား ကိုယ်ကိုးအဖွဲ့ တည်ထောင်ထားပါတယ်။ သင်တန်းကျောင်းကို တတ်စွမ်းသရွေ့ ကူညီဖို့လည်း ပါပါတယ်” ဟုပြောပါတယ်။
လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
ဒေါ်မြတ်မြတ်အုန်းခင် က ဖေဖော်ဝါရီလ (၁)ရက်နေ့ နေပြည်တော် ဟိုတယ်ဇုန်ရှိ
သင်္ဂဟ ဟိုတယ်တွင်ကျင်းပသည့် နားမကြားသူများ လူ့အသိုင်းအဝိုင်းအတွင်း
ဝင်ဆန့်နိုင်မှု မြှင့်တင်ရေး သင်တန်းဖွင့်ပွဲတွင် “ မသန်စွမ်းသူများ
အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် (United Nations Convention
of Rights for People with Disable- UNCRPD ) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇
ရက်နေ့က မြန်မာနိုင်ငံက အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး
သဘောတူ စာချုပ်ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်
ဆောင်ရွက်နေပြီဖြစ်ကြောင်း ” ပြောကြား ခဲ့ပါတယ်။
နိုင်ငံတော်
အစိုးရကလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေရင်း အများ
ပြည်သူ အတွက် ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနှင့်
လူမှုဝန်ထမ်းလုပ်ငန်းတွေမှာ ဘဏ္ဍာ ရံပုံငွေတိုးမြှင့်လျာထား ဆောင်ရွက်နေပါပြီ။
ဒါပေမယ့် ဆင့်ပါးစပ် နှမ်းပက် အခြေအနေမှာဘဲ ရှိနေပါသေးတယ်။
အဆောက်အဦးတွေ
တိုးချဲ့ဖို့၊ ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှု မြှင့်တင်ပေးဖို့၊ သင်ထောက်ကူ
ပစ္စည်း တွေ ဖြည့်တင်းပေးဖို့၊ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလို
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ အခမဲ့ တိုက်ကျွေးနိုင်ဖို့ အများကြီး
အများကြီး လိုအပ်ပါသေးတယ်။
အထက်ကပြောခဲ့သလို
အခွင့်အရေးများဖြစ်တဲ့အတွက် ရပိုင်ခွင့်ဖြစ်ပါသည်။ Duty bearer ခေါ်
ဤရပိုင်ခွင့်များ ကလေးတိုင်းရအောင် ဆောင်ရွက်ပေးရမည့် တာဝန်သည်
သက်ဆိုင်ရာမိသားစု၊ ရပ်ရွာ အသိုင်းအဝိုင်း၊ နိုင်ငံတော်နဲ့
အပြည်ပြည်ဆိုင်ရာမှာ အဆင့်ဆင့်တာဝန် ရှိပါတယ်။ နိုင်ငံတော်
ဆိုတဲ့အပိုင်းမှာ အစိုးရကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ တိုင်းသူပြည်သားများ၊
ပါတီအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုရေး အဖွဲ့အစည်းများ၊ အင်န်ဂျီအို၊ အိုင်
အင်န်ဂျီအိုများ စသည်စသည် အားလုံးပါဝင် ပါတယ်။
ဆရာတော်
အရှင်ဉာဏိဿရက စစ်ကိုင်း ဝါးချက်ဆေးရုံနဲ့ ပတ်သက်လို့ ပြောရင်း ဂီလာန
ပုဂ္ဂိုလ် များကို ပြုစုစောင့်ရှောက်ခြင်းသည် ဘုရားရှင်ကို ပြုစု
စောင့်ရှောက်ခြင်း နှင့် တူကြောင်း မြတ်စွာဘုရား ရှင်က
မိန့်ကြားတော်မူခဲ့ကြောင်း ဟောကြားတာကို နာယူမှတ်သားဘူးပါတယ်။
ထို့အတူ
ယေရှု ခရစ်တော်ကလည်း အငယ်ဆုံးသော သူများကို ပြုစု စောင့်ရှောက်ခြင်းသည်
ဘုရား သခင်ကို ပြုစုစောင့်ရှောက်ခြင်းပင်ဖြစ်ကြောင်း
သမ္မာကျမ်းစာမှာဖော်ပြထားပါတယ်။
ဘာသာတရားအရ
ကောင်းမြတ်တဲ့၊ လူမှုရေးအရ တာဝန်ရှိတဲ့ မသန်စွမ်းသူများ
ဖွံ့ဖြိုးတိုးတက်ခွင့် ကို ဖော်ဆောင်ပေးနိုင်ဖို့ သဒ္ဓါတရား ထက်သန်စွာနဲ့
ကူညီလှူဒါန်းပေးနိုင်ကြောင်းကိုလည်း သိရပါတယ်။
မသန်စွမ်း
လူငယ်သင်တန်းကျောင်း တည်နေရာက အမှတ် ၆၅၊ ကျိုက်ဝိုင်းဘုရားလမ်း၊
မရမ်းကုန်း မြို့နယ်ပါ။ ဖုန်း ၀၁ ၆၆၁၄၄၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်၊
အနာဂတ်
ကြယ်ပွင့်လေးများ ဉာဏ်ရည်မသန်စွမ်းသူများ ကိုယ့်အားကိုယ်ကိုးအဖွဲ့လည်း
သင်တန်း ကျောင်းမှာပင် ယာယီရုံးခန်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။