Wednesday, April 13, 2016

မြန်မာ့ဂုဏ်ရည် ဧရာဝတီ


( သိပ္ပံစာရေးဆရာ ကိုကိုအောင် )


( ၂၀၁၆ ခုနှစ် ဧပြီလ ၇ ရက် ကြာသပတေးနေ့ ထုတ် မြန်မာအလင်း စာမျက်နှာ ၁၇ ပါ ဆောင်းပါးကို ကူးယူ ဖော်ပြပါသည်။ )

ကမ္ဘာပေါ်ရှိ အရပ်ဒေသ အသီးသီးတွင် သဘာဝအတိုင်း ဖြစ်ပေါ်တည်ရှိနေသော မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် မြစ်ကြောင်းပုံစံဖြင့်လည်းကောင်း၊ ရေတံခွန်များအဖြစ်လည်းကောင်း၊ ရေအိုင်ကြီးများ၊ မြေပြန့်လွင်ပြင်ကျယ်ကြီးများ နှင့် ပင်လယ် သမုဒ္ဒရာကြီးများ အတွင်းသို့ စီးဆင်းဝင်ရောက်လျက် ရှိနေကြသည်။ ကျယ်ပြန့်ပြီးရှည် လျားသောမြစ်၊ ကျဉ်းမြောင်းပြီး ရှည်လျားသောမြစ်၊ ကျယ်ပြန့်ပြီး တိုတောင်းသောမြစ်၊ ကျဉ်းမြောင်းပြီး တိုတောင်းသောမြစ် စသည်ဖြင့် ပုံစံအမျိုးမျိုး ဖြစ်တည်နေကြသော ကမ္ဘာ့ မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက အတားအဆီး မရှိ …..အကန့်အသတ်မရှိ…….အပိတ်အပင်မရှိ ဘဲ သဘာဝအတိုင်း လွတ်လပ်စွာ စီးဆင်းခဲ့ကြသည်။

အမေရိကန်နိုင်ငံရှိ မစ္စစ္စပိမြစ်၊ အီဂျစ်ပြည်ရှိ နိုင်းလ်မြစ်၊ အိန္ဒိယနိုင်ငံရှိ ဂင်္ဂါမြစ်၊ တရုတ်နိုင်ငံရှိ ယန်စီမြစ်၊ သြစတြေးလျနိုင်ငံရှိ မာရေမြစ် စသောမြစ်ကြီးများသည် သက်ဆိုင်ရာနိုင်ငံများအတွက် အလွန်အရေးပါအရာရောက်သော မြစ်များဖြစ်ကြသလို ကမ္ဘာ့အထင်ကရ စာရင်းဝင် နာမည်ကျော် မြစ်ကြီးများလည်း ဖြစ်ကြသည်။

အချို့သောမြစ်များသည် နိုင်ငံတစ်နိုင်ငံအတွင်းသာ ဖြစ်တည်စီးဆင်းနေခြင်းမျိုး မဟုတ်ဘဲ နိုင်ငံ အများအပြားကို ဖြတ်သန်းစီးဆင်းလျက် ရှိနေကြသည်။ အာရှတိုက်ရှိ မဲခေါင်မြစ်သည် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ် နိုင်ငံများကို ဖြတ်သန်းစီးဆင်းနေသလို အိန္ဒုမြစ်ကြီးသည်လည်း အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံများကို ဖြတ်သန်းစီးဆင်းလျက် ရှိနေသည်။

အလားတူပင် အမေဇုန်မြစ်ကြိးသည် တောင်အာဖရိကတိုက် တစ်နံတစ်လျားကို ဖြတ်သန်း စီးဆင်းနေသလို ဒင်ညုမြစ်ကြီးကလည်း ဥရောပတိုက်ကြီးကို ဖြတ်သန်းစိးဆင်းနေဆဲ ဖြစ်သည်။ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုကို ထွန်းကားစေခဲ့သော မြစ်ဝါမြစ် နှင့် အိန္ဒိယလူမျိုးတို့၏ ရှေးရိုး စဉ်လာ ယုံကြည်ကိုးကွယ်ရာ ဖြစ်သော ဂင်္ဂါမြစ်တို့ကလည်း တစ်မူထူးခြားလှသည့် မြစ်ကြီးများ ဖြစ်ကြသည်။
ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံ အများစုတို့တွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော မြစ် ချောင်း အင်း အိုင် နှင့် ရေကန်ကြီးများ ရှိနေကြသော်လည်း အနည်းငယ်မျှသော နိုင်ငံအချို့မူ ယင်းတို့၏ ပထဝီ သွင်ပြင်အနေအထားအရ မြစ်ချောင်းများ လုံးဝမရှိကြပေ။ ထိုသို့သော ဒေသနိုင်ငံများတွင် စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သော ရေပမာဏကို ရရှိစေရန် နှင့် ကုန်စည်စီးဆင်းမှု လွယ်ကူ သက်သာစေရေးအတွက် မြစ်ချောင်းများကို ဖန်တီးဖောက်လုပ်ကြရသည်။

သို့ဖြစ်၍ တစ်ကမ္ဘာလုံးရှိ မြစ်ချောင်း စုစုပေါင်း၏ ၉၀-ရာခိုင်နှုန်းကျော်မှာ သဘာဝ မြစ်ချောင်း များ ဖြစ်ကြပြိး ကျန်အနည်းငယ်သော မြစ်ချောင်းများကမူ လူတို့ဖန်တီးဖောက်လုပ်ထားသော မြစ်ချောင်းများ ဖြစ်နေသည်ကို တွေ့ရှိရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အလျဉ်မပြတ် စီးဆင်းမှု ရှိနေသော မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် ဒေသဖွံ့ဖြိုးရေးကို ကောင်းစွာ အထောက်အကူပြုနေရုံမျှမက သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ကိုလည်း ထိန်းသိမ်းစာင့်ရှောက် ပေးလျက်ရှိနေကြသည်။

ကမ္ဘာပေါ်ရှိ မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် ဖြတ်သန်းစီးဆင်းရာ လမ်းဘေးဝဲယာ တစ်လျှောက်ရှိ တောတောင် နှင့် မြို့ရွာများကို တင့်တယ်ကြည့်ကောင်းစေခြင်းဖြင့် သာမောဖွယ် အတိ ဖြစ်စေသည်။ မြစ်တစ်စင်းကြောင့် ရေကြောင်းပို့ဆောင်ရေးစနစ် ဖြစ်ထွန်းကာ လမ်းပန်း ဆက်သွယ်ရေးကိုလည်း ကောင်းစွာ အထောက်အကူပြုပေးသည်။  ကုန်စည်စီးဆင်းမှုကို ဖြစ်ပေါ်လာ စေရုံမျှမက ရေထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများကိုလည်း ဖွံ့ဖြိုး တိုးတက်လာစေသည်။ ထို့ပြင် စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများကိုလည်း ကြီးမားစွာ အထောက်အပံ့ ပြုပေးနိုင်သည်။

ကမ္ဘာ့အထင်ကရ မြစ်ကြီးများသည် နိုင်ငံ နှင့် လူမျိုးတို့၏ ယဉ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းများ  ကို လက်ဆင့်ကမ်းပေးရာ သမိုင်း အမွေအနှစ်များလည်း ဖြစ်ကြသည်။ ကမ္ဘာ အရပ်ရပ်တွင် သဘာဝ အလျောက် စီးဆင်းနေကြသော  မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် လူနှင့် သဘာဝ ပတ်ဝန်း ကျင် ကို ဆိုကျိုးဖြစ်စေမှု အလွန်နည်းပါသည်။ သဘာဝအတိုင်း စီးဆင်းနေသော မြစ်များကြောင့် အများဆုံးအားဖြင့် မြစ်ရေလျှံတက်ခြင်း၊ ရေတိုက်စားခြင်း နှင့် ကမ်းပြိုခြင်း စသည့် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေနိုင်သည်။

သို့ရာတွင် မြစ်ရေများ သဘာဝအလျောက် စီးဆင်းနေမှုကို အကြောင်း တနည်းနည်းဖြင့် ဟန့်တားခုခံခြင်း၊ ဆည်တမံ နှင့် ရေကာတာများ တည်ဆောက်ခြင်း၊ မြစ်တွင်း စီမံကိန်းများ လုပ်ဆောင်ခြင်း၊ မြစ်ရေကို အတိုင်းအဆမဲ့ ရယူသုံးစွဲခြင်း၊ ဓာတုဓာတ်ကြွင်းများ ပျော်ဝင်နေသော ရေဆိုးရေညစ်များကို မြစ်အတွင်းသို့ စီးဆင်းဝင်ရောက်စေခြင်း၊ မြစ်ကမ်းဘေး ဝဲယာရှိ သစ်ပင် သစ်တောများကို ပြုန်းတီးစေခြင်း၊ ရေဝေရေလဲ ဒေသများကို ဖျက်ဆီးခြင်းစသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြမည် ဆိုလျင်မူ ရုတ်တရက် ရေကြီးရေလျှံဖြစ်ခြင်း၊ အသက်အိုးအိမ် စည်စိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ ကောက်ပဲသီနှံများ အကြီးအကျယ် ပျက်စီးခြင်း၊ ရေနေ သတ္တဝါများ မျိုးသုဉ်းခြင်း၊ ဓါတုအဆိပ်သင့်ခြင်း စသော ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေနိုင်သည်။

ကမ္ဘာပေါ်ရှိ မြစ်ကြီးများထဲတွင် တစ်ခု အပါအဝင်ဖြစ်သော ……မြန်မာနိုင်ငံ နှင့် မြန်မာလူမျိုး တို့၏ အသက်သွေးကြော ဖြစ်သော…….ဧရာဝတီမြစ်ကြီးသည် တိဗက်တောင်တန်းများ မြစ်ဖျားခံ သည့် မေခ နှင့် မေလိခ မြစ်နှစ်သွယ် ပေါင်းဆုံရာမှ သဘာဝအလျောက်ဖြစ်ပေါ်လာသော ကမ္ဘာကျော် မြစ်ကြီးတစ်စင်း ဖြစ်သည်။ သက်တမ်းအားဖြင့် နှစ်ပေါင် သန်း ၅၀ ကျော် ရှိနေပြီဖြစ်ပြိး မိုင်ပေါင်း ၁၃၅၀ ရှည်လျားသော ဧရာဝတီမြစ်ကြီးသည် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာယဉ်ကျေးမှု စသည်တို့ နှင့် ခွဲခြား၍ မရသော အထင်ကရ မြစ်ကြီးတစ်စင်း ဖြစ်သည်။

မြန်မာနိုင်ငံအကြောင်း ရေးသားပြောဆို ဆွေးနွေးကြမည်ဆိုလျင် ဧရာဝတီမြစ်ကြီးကို ချန်လှပ်ထား၍ မရနိုင်ပေ။ မြန်မာနိုင်ငံ၏ ရှည်လျားလှသော သမိုင်းကြောင်းနှင့် ယှဉ်လျက် ဧရာဝတီမြစ်ကြီးက တည်ရှိနေခဲ့သည်။ စီးဆင်းနေခဲ့သည်။ စီးဆင်းနေဆဲဖြစ်သည်။ တစ်ချိန်က မြန်မာ လူမျိုးတို့ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်း နှင့် နေခဲ့ကြစဉ်ကလည်း ဧရာဝတီက အရေးပါခဲ့သည်။ နယ်ချဲ့လက်အောက်ရောက်ရှိခဲ့စဉ် ကာလတစ်လျှောက်လုံးကလည်း ဧရာဝတီ၏ အခန်းကဏ္ဍကို ဘေးဖယ်ထား၍ မရခဲ့ပေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစ၍ မျက်မှောက်ကာလထိတိုင်လည်း ဧရာဝတီမြစ်ကြီး၏ အခန်းကဏ္ဍက အရေးပါနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ မြောက်ပိုင်းမှ စီးဆင်းလာပြိး မြန်မာနိုင်ငံတောင်ပိုင်းရှိ မြစ်ဝကျွန်းပေါ်ဒေသမှ တစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်နေသော ဧရာဝတီမြစ်ကြိးသည် မြစ်ကမ်းဘေး ဝဲယာတစ်လျှောက်ရှိ မြို့ရွာများ၊ ဘုရားပုထိုး စေတီများ၊ တောတောင်ချောက်ကမ်းပါးများ၏ တည်နေပုံကို ထူးခြားစွာ လှုပ်ရှားသက်ဝင်စေသည့်အပြင် ကူးသန်းသွားလာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှု နှင့် သယံဇာတဖွံ့ဖြိုးရေး စသော နိုင်ငံစီးပွားရေးကိုလည်း ထိရောက်စွာ အကျိုးပြုလျက်ရှိနေသည်။ အချုပ် ဆိုရသော် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာ့ ဓလေ့ထုံးစံ၊ မြန်မာယဉ်ကျေးမှု၊ မြန်မာ့စီးပွားရေး၊ မြန်မာ့ နိုင်ငံရေး စသည့် ကဏ္ဍနယ်ကယ် အသီသီးတွင် ဧရာဝတီသည် ထိပ်တန်းအဆင့် ပင် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။

ဧရာဝတီမြစ်ကြိး၏ သမိုင်းတန်ဖိုးမှာ ရေးဖွဲ့၍ မကုန်နိုင်လောက်အောင်ပင် ကြီးမားကျယ်ပြန့် လှသည်။ ဧရာဝတီ၏ အရေးပါမှု နှင့် သမိုင်းကြောင်းကို မြန်မာနိုင်ငံ နှင့် မြန်မာနိုင်ငံသားတို့က သာမက ကမ္ဘာ့နိုင်ငံများကပါ တလေးတစား အသိအမှတ်ပြုကြသည်။ ဧရာဝတီ၏ သမိုင်းကြောင်းက ရှည်လျားပြိး သမိုင်းတန်ဖိုးကကြီးမားလှသလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှုထောင့်မှ နေ၍ အကဲဖြတ်ရမည့်တန်ဖိုးကလည်း ကိန်းဂဏန်းအားဖြင့် ဖော်ပြရန်ပင် မစွမ်းဆောင်နိုင် လောက်အောင် ကြီးမားလွန်းလှသည်။
ကမ္ဘာပေါ်တွင် မိုင်- ၆၀၀ နှင့်အထက် ရှည်လျားသည့် မြစ်ကြိး ၁၇၇- စင်း ရှိသည့်အနက် ၆၄-စင်းသော မြစ်ကြီးများကသာလျင် ရေကာတာများ၏ ပိတ်ဆို့ဟန့်တားမှုမှ ကင်းလွတ်လျက် လွတ်လပ်စွာ စီးဆင်းခွင့်ကို ရရှိနေကြသည်။ ယင်းကဲ့သို့လွတ်လပ်စွာ စီးဆင်းခွင့်ရနေကြသေးသော မြစ်ကြီး ၆၄-စင်းအနက် ပင်လယ်ထဲသို့ တစ်နှစ်ပတ်လုံး အလျဉ်မပြတ် စီးဝင်နိုင်သော မြစ်ကြီးများမှာ ၂၁-စငိးသာလျင် ကျန်ရှိတော့သည်။ ထို ၂၁-စင်းသော မြစ်ကြီးများထဲတွင် ယခုအချိန်အထိ ဧရာဝတီမြစ်ကြီးက ပါဝင်နေဆဲဖြစ်သည်။ ဤသည်မှာကား တန်ဖိုးသတ်မှတ်၍ မရနိုင်လောက်အောင် အဖိုးအန ဂ္ဃ ထိုက်တန်လှသော မြစ်ကြီးဧရာဝတီ၏ ဂုဏ်ဒြပ်ပင်ဖြစ်သည်။

  အမေရိကန်နိုင်ငံရှိ မိုင်ပေါင်း ၁၄၅၀ ရှည်လျားသော ကော်လိုရာဒိုမြစ်သည်လည်းကောင်း၊ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုသမိုင်းကို ထင်ဟပ်စေခဲ့သော မိုင်ပေါင်း ၃၄၀၀ ရှည်လျားသည့် မြစ်ဝါမြစ် သည်လည်းကောင်း၊ တိဗက်ကုန်းပြင်မြင့် မြစ်ဖျားခံပြီး အာရေဗျပင်လယ်ထဲသို့စိးဝင်သော အိန္ဒိယနိုင်ငံရှိ မိုင် ၂၀၀၀ ရှည်လျားသော အိန္ဒုမြစ်ကြီးသည်လည်းကောင်း တစ်နှစ်တာကာလ၏ အချိန်အတော်များများတွင် ပင်လယ်ထဲသို့ရောက်အောင် မစီးဝင်နိုင်တော့ဘဲ ရေစီးလမ်းကြောင်း ပြတ်တောက်လျက်ရှိနေကြသည်။

၁၉၄၈-ခုနှစ်မှ ၂၀၁၄-ခုနှစ်အတွင်း ကမ္ဘာပေါ်ရှိ မြစ်ကြီးမြစ်ငယ်ပေါင်း ၉၂၅-စင်း၏ ရေစိးဆင်းမှုဆိုင်ရာ လေ့လာချက်များ ပြုလုပ်ခဲ့သော အမေရိကန် အမျိုးသား သုတေသနဌာန နှင့် ကမ္ဘာ့တောရိုင်း တိရစ္ဆာန် အဖွဲ့၏ လေ့လာဆန်းစစ်ချက်မျာအရ ဧရာဝတီမြစ်ကြီးသည်  နိုင်းလ်မြစ်၊ တရုတ်နိုင်ငံရှိ ယန်စီမြစ်၊ သြစတြေးလျနိုင်ငံရှိ မာရေမြစ်၊ အိန္ဒိယနိုင်ငံရှိ ဂင်္ဂါမြစ် တို့နှင့်အတူ ရေစီးပမာဏ လျော့နည်းလာနေပြီး အချိန်မီ ထိန်းသိမ်းမှု များကို မပြုလုပ်နိုင်ပါက မြစ်ရေခန်းခြောက်မှု ဆီသို့ ဦးတည်သွားနိုင်သော အခြေအနေဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။

မည်မျှကြီးမားကျယ်ပြန့်ရှည်လျားသော မြစ်ကြီးများမဆို မြစ်ရေထုတ်ယူသုံးစွဲမှု လွန်ကဲခြင်း၊ မြစ်ကြောင်းကို ဟန့်တား၍ ရေကာတာများ တည်ဆောက်ခြင်း၊ သဘာဝတောများကို ထိန်းသိမ်း စောင့်ရှောက်မှု မရှိခြင်း၊ မြစ်ဝှမ်းဒေသများအတွက် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းစသော လူ့ပယောဂ များကြောင့် မြစ်ကြောင်းလမ်း သွေဖည်ခြင်း၊ နုန်းကျမှု ပုံစံပြောင်းသွားခြင်း၊ ရေတွင်ပျော်ဝင်သည့် အောက်စီဂျင် ပမာဏ ယုတ်လျော့ကျဆင်းခြင်း၊ မြစ်ရေစီးကြောင်း ပြတ်တောက်ခြင်း စသည်တို့ကို ဖြစ်ပေါ်လာစေသည်။

ကမ္ဘာ့မြောက်ဝန်ရိုးစွန်ရှိ အာတိတ်ဒေသဝန်းကျင်တွင် ရှေးနှစ်သန်းပေါင်း များစွာကတည်းက သဘာဝအလျောက် တည်ရှိနေခဲ့ကြသော မြစ်ကြီးမြစ်ငယ်တို့မှ လွဲ၍ ကျန်ကမ္ဘာ့မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့၏ မြစ်ရေစီးဆင်းရာလမ်းကြောင်းများပေါ် အချို့မှာ ဆည်နှင့်ရေကာတာများ တည်ဆောက်ထားကြပြီး ဖြစ်သလို အချို့ကမူ ဆည်နှင့်ရေကာတာများ တည်ဆောက်ရန် လျာထား သတ်မှတ်ပြီး ဖြစ်သည်။ ဆောက်လုပ်ထားကြပြီးဖြစ်သည့် အကြီးစား ရေကာတာများ သိုလှောင်ထား သည့်ရေပမာဏမှာ မြစ်ကြောင်းတစ်လျှောက် စိးဆင်းနေသော ရေပမာဏ၏ သုံးဆခန့်အထိပင် ရှိနေသည့် အတွက် မြစ်ရေစီးဆင်းမှုကို သိသိသာသာ လျော့နည်းသွားစေလျက်ရှိသည်။

စုစုပေါင်းအားဖြင့် မိုင်ပေါင်း ခြောက်သိန်းကျော်ရှည်လျားသော ကမ္ဘာ့မြစ်ကြီးမြစ်ငယ် အသွယ် သွယ်တို့ စီးဆင်းနေသော မြစ်ရေများကို အကြောင်းပြု၍ သောက်သုံးရေ၊ စိုက်ပျိုးရေး လုပ်ငန်းသုံးရေ၊ မွေးမြူရေးလုပ်ငန်း သုံးရေ၊ ရေအားလျှပ်စစ် ထုတ်လုပ်ရန်အတွက် အသုံးပြုသောရေ စသည်တို့အတွက် တည်ဆောက်ခဲ့ကြသော ဆည် နှင့် ရေကာတာများသည် လူတို့၏ အကျိုးစီးပွား ကို ချက်ချင်လက်ငင်းအားဖြင့် ပေးစွမ်းနိုင်ခဲ့ကြသော်လည်း ရေရှည်မူ သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက်ပျက်စီစေကာ မြစ်ကြီမြစ်ငယ်များအဖို့ ပင်လယ်ဝအထိ ရောက်အောင် မစီးဆင်းနိုင်ကြတော့ဘဲ ရေစီးလမ်းကြောင်း ပြတ်တောက်သွားသည့် အဖြစ်မျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

မြန်မာနိုင်ငံ နှင့် မြန်မာလူမျိုးတို့၏ အသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ကြီး၏ အထက်ပိုင်းရှိ မေခ နှင့် မေလိခ မြစ်နှစ်မြွှာ ပေါင်းဆုံရာ မြစ်ဆုံဒေသ ရေကာတာကဲ့သို့သော အတားအဆီးများကို တည်ဆောက်မည်ဆိုပါက နွေရာသီကာလ မြစ်ရေစီးဆင်းမှု ပမာဏ သိသာစွာ လျော့နည်းကျဆင်းသွားနိုင်ခြင်း၊ မြစ်ရေစီးလမ်းကြောင်း ပြတ်တောက်သွားနိုင်ခြင်း၊ နုန်းပို့ချမှု ပုံစံ ပြောင်းလဲသွားခြင်း၊ မြစ်ကြောင်းလမ်းကြောင်း ပြောင်းလဲသွားနိုင်ခြင်း……ရေကြောင်းသွားလာရေး အကန့်အသတ်များ ရှိလာခြင်း၊ မြစ်ရေထဲ အောက်စီဂျင်ပျော်ဝင်မှုနှုန်း ကျဆင်းသွားခြင်း၊ ရေနေ သတ္တဝါများ ပေါက်ပွားရှင်သန်မှုအပေါ် ထိခိုက်မှုဖြစ်ခြင်း၊ ရေထွက် ပစ္စည်းထုတ်လုပ်မှု ကျဆင်း သွားခြင်း၊ သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်အပေါ်ကြီးမားသော ထိခိုက်မှု ဖြစ်ခြင်း စသည့် ကြီးမားလှသော ပေးဆပ်မှုများနှင့် ကြုံတွေ့ကြရဖွယ် ရှိနေသည်။

သို့ဖြစ်၍ မြန်မာနိုင်ငံတော်ကြိး တည်တံ့နေသရွေ့…….မြန်မာလူမျိုးတို့ တည်ရှိနေ သရွေ့…..မြန်မာ့ အသက်သွေးကြော ဖြစ်သော ဧရာဝတီမြစ်ကြီးကို မြန်မာနိုင်ငံသားမှန်သမျှတို့က တတ်စွမ်းသမျှ ကာကွယ်စောင့်ရှောက်ကြရမည်သာ ဖြစ်ပေသည်။ တစ်နည်းဆိုသော် ……..မြန်မာ့ ဂုဏ်ရည် ဧရာဝတီမြစ်ကြီး ထာဝစဉ်တည်တံ့ စီးဆင်းနေရေးသည် မြန်မာတို့၏ ဦးစားပေး အရေးကိစ္စကြီး တစ်ရပ်ပင် ဖြစ်ပေသည်။ 



Tuesday, April 12, 2016

ငယ်ငယ်က အမေဆုံးမခဲ့တဲ့စကားနဲ့ ဧရာဝတီမြစ်ကြီးရဲ့ဒိုင်ယာရီ ( ဆရာ ဦးထွန်းလွင် )

တရုတ်နိုင်ငံက
သူ့အမြီး သူဖြတ်ထားတာ
အားမရသေးတော့
မြန်မာပြည်ကို
အမြီး လာဖြတ်နေတာ

သူ့နိုင်ငံ
သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းသလို
မြန်မာပြည်
သဘာဝ ပတ်ဝန်းကျင်ကို
ဖျက်ဆီးဘို့ကြိုးစားနေတာ

Tun Lwin
 
ဧရာဝတီမြစ်ရဲ့အသံတွေ ပြန်ကျယ်လောင်လာလေတော့
ကျွန်တော့အမြင်အရတော့ ကောင်းမွန်ပြည့်စုံတဲ့ ဆန်းစစ်ချက်ကို SOP ကိုက်ညီအောင် မလုပ်ပဲ လုပ်ငန်းစခဲ့တဲ့အတွက် တရားဥပဒေအရ ကျွန်တော်တို့ကတောင် ပြန်တရားစွဲ အရေးယူသင့်တယ်။
၉-၄-၂၀၁၆
ည(၈း၅၄)နာရီ



ငယ်ငယ်က အမေဆုံးမခဲ့တဲ့စကားနဲ့ ဧရာဝတီမြစ်ကြီးရဲ့ဒိုင်ယာရီ
မောင်ထွန်းလွင် (မိုးလေ၀သ)


ငယ်ငယ်က အမေဆုံးမခဲ့တဲ့ စကား။
ကျွန်တော်ငယ်ငယ်က ကျွန်တော့်အမေ ဆုံးမခဲ့တဲ့ စကားတစ်ခုရှိခဲ့ပါတယ်။ “အိမ်နီးချင်းကလေးတွေ ဆုံးမခံနေရတာမြင်ရရင်၊ အိမ်က..ကလေးတွေက လိမ္မာရတယ်” တဲ့။ အဲဒီလို သင်လွယ်။ တတ်လွယ်၊ နားလည်လွယ်တဲ့ လိမ်မာပါးနပ်မှုရှိတဲ့ကလေးတွေဟာ အသားမနာပဲ အဖိုးတန်တဲ့ သင်ခန်းစာကောင်းတွေကို ရနိုင်တယ်တဲ့။ အသားနာမှ လိမ်မာလာရတာ၊ သင်ယူတတ်မြောက် လာရတာဟာ တိရိစ္ဆာန်နဲ့ မထူးဘူးတဲ့။

အိမ်နီးချင်းအိမ်က မြစ်ကြီးတစ်စင်းရဲ့ ဒိုင်ယာရီ။

ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးဟာ ကမ္ဘာ့အံ့ဖွယ် တစ်ပါးဖြစ်တဲ့အပြင် ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်းလည်း ဖြစ်တယ်။ အဲဒီမြစ်ကြီးကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင်သဘာဝ တရားကြီး တစ်ခုလုံးကို မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့် လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အထင်ရှားဆုံး သဘာဝသယံဇာတ ၁၀ ခုထဲမှာ တစ်ခုပါနေပြီ။ နောက်နှစ်အနည်းငယ်မှာ.. ယန်စီဆိုတာ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီနဂါးကြီးတွေလို.. ရှေးဟောင်းစာပေကျမ်းဂန် တွေထဲမှာပဲ ရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့။

ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှု လုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော် ရှည်တဲ့ ရေကာတာကြီးကြောင့်၊ အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရသလို ဖြစ်ခဲ့ရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။ ယန်စီရေကာတာ ကြီးရဲ့ သက်တမ်းဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေမှာ… ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။ ယန်စီမြစ်တစ်လျှောက်က biodiversity တစ်ခုလုံးလည်း ပျောက်ဆုံး သွားတော့မှာ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှု လောဘတွေကြောင့် ပတ်ဝန်းကျင်ရေးရာ ပြဿနာတွေနဲ့တိုင်းပြည်။

အဲဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ အခြား အခရာ မြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River), Songhua River, Huai River, Hai River နဲ့ Liao River တွေဟာလည်း ဖျက်ဆီးခြင်း ခံခဲ့ရတယ်။ ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်လာတယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။

 ရေမလွှတ်တာကြာတဲ့ မြစ်တွေဟာ ကျဉ်းသွားတယ်၊ တိမ်သွားတတ်တယ်။ နေရောင်အောက်မှာ အရှင်လတ်လတ် အကြာကြီးနေဖုတ်ခံရတဲ့ ကမ်းပါးတွေဟာ မာခဲသွားတော့တယ်။ အဲသလို မာခဲသွားတဲ့အတွက်… ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါတွေမှာ.. ကမ်းပါးမြေဟာ ရေကိုမစုပ်နိုင်တော့ဘူး။ ရေကို မစုပ် နိုင်တဲ့အတွက် မြစ်တွေရေလျှံတယ်။ လူတွေ ဒုက္ခရောက်ကြတယ်။ မြစ်ရေလျှံခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့… သူတို့လူတွေ ဒုက္ခရောက်တဲ့အခါမှာ.. အနည်းငယ်အမြင်မှန် ရသယောင်ဖြစ်လာတယ်။ ယန်စီမြစ်ကို အသက်ပြန်သွင်းဖို့ အစွမ်းကုန် ကြိုးစားတယ်။ ဒါပေမယ့် ….
ဒါပေမယ့် …… အချိန် မမှီတော့ဘူး။
အရှည်မတည်တံ့နိုင်တဲ့ … ဖွံ့ဖြိုးတိုးတက်မှု

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တိုင်းပြည်ထဲမှာ ရေကာတာအများဆုံးတိုင်းပြည်ဖြစ်လာလို့ ပတ်ဝန်းကျင်ရေးရာပညာရှင်များက ၀ိုင်းသတိပေးတာကို နားမထောင်ခဲ့ဘူး။ သူတို့တွေဆောက်တဲ့ ရေကာတာကြောင့် လူပေါင်း သုံးသောင်း သေဆုံးခဲ့ပြီးပြီ။ မိုးမျှော်တိုက်ကြီးတွေဘေးက ခမ်းခြောက်တိမ်ကောနေတဲ့ မြစ်တွေ ရေချိုကန်တွေ၊ မြေတွေကျွံလို့ နစ်ဝင်သွားတဲ့ မြို့ကြီးတွေ၊ အက်စစ်ရေတွေ၊ ပျောက်ဆုံးသွားတဲ့ ရှားပါးတိရစ္ဆာန်တွေဟာ.. အရှည်မတည်တံ့နိုင်တဲ့ ဖြွံ့ဖိုးတိုးတက်မှုရဲ့ သာဓကတွေပါပဲ။ယန်စီမြစ်ရေခမ်းခြင်းဟာ အနီးအနားပတ်ဝန်းကျင်က မြစ်စွယ်ပေါင်း ၃၀၀ နီးပါးနဲ့ ရေကန် ၂၆၆ ကန်ကိုလည်း ဒိုမီနိုeffect လို ဆက်ဆက်ပြီး ခမ်းခြောက်စေပါတယ်။

၂၀၀ဂ ခုနှစ်မှာ လှုပ်သွားတဲ့ ငလျှင်ကြီးဟာ Zipingpu Dam ကြောင့် ဖြစ်ရတာလို့ပြောနေတဲ့ သိပံ္ပပညာရှင်တွေရဲ့ စကားတွေကို နားပိတ်ထားကြတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် သမိုင်းတစ်လျှောက်လုံး ၇၅ GW မှ ၈၅ GW ရေပါဝါထုတ်တဲ့ အချိန်မှာ တရုတ်ပြည်ကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ၁၄၀GW ထပ်ထုတ်ပါဦးမယ်။
ပတ်ဝန်းကျင်ရေးရာ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ တိုင်းပြည်။ မကြာသေးမီကာလများအတွင်း တရုတ်နိုင်ငံအလယ်ပိုင်းမှာ မိုးခေါင်မှုကြုံတွေ့နေခဲ့ရရာ Hubei ပြည်နယ်တွင် ရေလှောင်ကန် ၁၄၀၀ ကျော်မှာ ရေများ ခမ်းခြောက်လျော့နည်းနေပြီး ရေမျက်နှာပြင်များ နိမ့်ဆင်းကျလျက်ရှိနေတဲ့အတွက် ဆည်မြောင်း လုပ်ငန်းတွေ၊ ရေပေးသွင်း လုပ်ငန်းးတွေ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတော့ပါ။ 3 Gorges Dam ကြောင့် ယန်ဇီမြစ်မှာလည်း ရေမျက်နှာပြင်များ စံချိန်တင်အောင် ကျဆင်းနေတဲ့အတွက် Dam ကြီးမှ နေ့စဉ် ရေကုဗမီတာ (၄)သန်း ထုတ်လွှတ်ပေးနေရပါတယ်။ ရုတ်တရက်ကြည့်လိုက်တော့ Dam ကြီးကိုတောင် ရေတွေလွှတ်ပေးနေလို့ ကျေးဇူးတင်ရမလိုဖြစ်နေပါတယ်။ အမှန်ကတော့ ယန်ဇီမြစ်ရဲ့ ရပိုင်ခွင့်ရေတွေထဲက သူကထိပ်ကဖမ်းယူသိမ်းထားတဲ့ရေတွေကို မြစ်အောက်ဖက်မှာ မချိမဆန့် ခံစားနေကြရလို့ မတတ်နိုင်လို့ ပြန်လွှတ်ပေးလိုက်ရတာသာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုခြောက်သွေ့လာတာနဲ့အမျှ ၂၀၀၀ ခုနှစ်မှ ၂၀၀၉ ခုနှစ် (၁၀)နှစ်တာကာလအတွင်း ရေချိုရေသန့် ရရှိနိုင်မှုမှာ ၁၃% ကျဆင်းလာခဲ့ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ မိုးခေါင်မှုတွေကိုလည်း ပိုမို ကြုံတွေ့လာခဲ့ရပါတယ်။ ဒါကြောင့် တရုတ်အစိုးရက ရေအမြောက်အများ ရရှိနိုင်မှုအပေါ် အမှီပြုနေတဲ့ ရေအားလျပ်စစ်လုပ်ငန်းတွေကို အကြီးအကျယ် တိုးချဲ့လုပ်ကိုင်ဖို့ လူထု စည်းရုံးရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။

ရေကာတာယဉ်ကျေးမှုထွန်းကားလွန်းတဲ့တိုင်းပြည်

တရုတ်နိုင်ငံဟာ ကမ္ဘာ့ရေကာတာအကြီးစားလုပ်ငန်းတွေရဲ့ ထက်ဝက်ကျော် ပိုင်ဆိုင်ထားပြီး စုစုပေါင်း ရေကာတပေါင်း ၂၅ ၈၀၀ ကျော်တည်ဆောက်ထားပြီးဖြစ်ပါတယ်။ အနောက်နိုင်ငံ များမှာ သမိုင်းစဉ်တလျှောက် ရေအားလျပ်စစ် 80 GW ထက်ကျော်လွန်ပြီး မထုတ်ကြပေမယ့် တရုတ်နိုင်ငံ ကတော့ ရှေ့သို့ပဲ ဆက်လက် ချီတက်နေပါတယ်။ ယန်ဇီမြစ်ရဲ့ မြစ်ကြောင်း တလျှောက် နဲ့ မြစ်လက်တက်တွေအားလုံးမှာ အကြီးစားရေကာတာကြီးပေါင်း (၁၀၀)ကျော် ဆောက်လုပ်ထားပြီး နဲ့ ဆောက်လုပ်စဲဖြစ်ပါတယ်။ နောက်ထပ်လည်း တရုတ်နိုင်ငံရဲ့ အနောက်တောင်ဖက်မှာ ရှိကြတဲ့ Lancang (the Upper Mekong), Nu, Hongshui and Jiulong Rivers တွေမှာ ရေကာတာ (၄၃)ခု ဆောက်ဖို့ စီမံချက် ချမှတ်ထားပြီးဖြစ်ပါတယ်။

အမှန်တော့ တရုတ်နိုင်ငံမှာ ရေအားလျပ်စစ်ထုတ်လုပ်မှုတွေကို ပြည်သူအများရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ရပ်နားထားခဲ့တာကြာပါပြီ။ ဒါပေမယ့် ၂၀၀၄ ခုနှစ်မှာတော့ တစ်ခုတည်းသော လွပ်လပ်စွာခွင့် ကျန်နေသေးတဲ့ နောက်ဆုံးလက်ကျန်မြစ်ဖြစ်တဲ့ Yunan ပြည်နယ် က Nu River အပေါ်မှာ ရေကာတာ (၁၃)ခု တည်ဆောက်ဖို့ စီမံကိန်းချမျတ်ခဲ့ရာမှာလည်း လုထုရဲ့ ဆန်ကျင်ကန့်ကွက်မှုတွေကြောင့် ရပ်တန့်သွားခဲ့ ရပါတယ်။

မဟာဗျူဟာကျလာပြန်တဲ့ ရေကာတာယဉ်ကျေးမှု

မကြာမီကတော့ တရုတ်နိုင်ငံရဲ့ (၁၂)ကြိမ်မြောက် (၅)နှစ်စီမံကိန်းချမျတ်ခဲ့ရာမှာတော့ ရေအားလျပ်စစ် လုပ်ငန်းများတည်ဆောက်ခြင်းလုပ်ငန်းတွေ ရပ်တန်းထားခြင်း ပြန်လည် ဖွင့်လှစ်ခဲ့ ပါတယ်။ ရည်ရွယ်ချက်ကတော့
(၁) ကျောက်မီးသွေး အသုံးပြုမှုကို နှစ်စဉ် ၃% လျှေ့ချနိုင်ဖို့(လက်ရှိမှာ တရုတ်နိုင်ငံဟာ ယင်းရဲ့ စွမ်းးအင်ထုတ်လုပ်မှုရဲ့ရ ၇၀% ကို ကျောက်မီးသွေးမှ ရယူနေရပါတယ်)၊
(၂) ရုပ်ကြွင်းလောင်စာမသုံးတဲ့ စွမ်းအင်ထုတ်လုပ်မှုကို ၁၁.၄ % အထိမြှင့်တင်ဖို့ နဲ့
(၃) ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို နိုင်ငံရဲ့ GDP တစ်ယူနစ်တိုင်းအပေါ်မှာ ၁၇% အထိ လျှော့ချပေးနိုင်ဖို့ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကျောက်မီးသွေူဓါတ်ားစက်ရုံတွေက ထုတ်လွှတ်တဲ့ လေထုညစ်ညမ်းမှု တွေကြောင့် မွန်းကြပ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၆ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ရဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ဖြစ်တဲ့ ကာဇွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ထုတ်လွှတ်မှုမျာ ကမ္ဘာမှာ အများဆုံး ထုတ်လွှတ်တဲ့နိုင်ငံဖြစ်လာပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ လာမယ့် ၂၀၂၀ ခုနှစ်မှာ နိုင်ငံရဲ့ လိုအပ်နေတဲ့ စွမ်းအင်ရဲ့ ၁၅% ကို ရုပ်ကြွင်း လောင်စာမသုံးတဲ့ နည်းပညာနဲ့ ရယူဖို့ စီမံကိန်းချမှတ် ခဲ့ရာမှာ ၉% သောပမာဏကို ရေအားလျပ်စစ်ကရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီရည်မျန်းချက်ကို အကောင်အထည်ဖေါ်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ ရေအား လျပ်စစ်ထုတ်ယူမှုကို နှစ်ဆတိုးပြီး 400 GW အထိထုတ်ယူဖို့လိုအပ်လာပါတယ်။ ဒီလို ဆောင်ရွက်ခြင်း အားဖြင့် တရုတ်နိုင်ငံအနေနဲ့ နှစ်စဉ် ကျောက်မီးသွေး မက်ထရစ်တန်ချိန် 1.3 billion အသုံးပြုနေရမှု နဲ့ ကာဗွန်ထုတ်လွှင့်မှု 2.3 billion metric tons ကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
ဒီအချက်ဟာ တရုတ်နိုင်ငံအဖို့ ရေအားလျပ်စစ်ထုတ်လုပ်မှုအပေါ်မှာ အမှီပြုခြင်းအားဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ကိုလျှော့ချနိုင်ခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်း၊ သေချာမှုရှိသော ပြန်လည်ဖြည့်စွမ်းနိုင်သော စွမ်းအင်ဖြစ်ခြင်း(သူတို့ထင်တာပါ) ၊
ရုပ်ကြွင်းလောင်စာအသုံးချမှုကိုလျှော့ချပေးနိုင်ခြင်း၊ နိုင်ငံရဲ့မြို့ပြနဲ့စက်မှုလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ မြင့်တက်နေတဲ့ စီးပွားရေးလုပ်ငန်းများအတွက် စွမ်းအင်လိုအပ်မှုကို ဖြည့်တင်းပေးနိုင်မှာဖြစ်တဲ့အတွက် အလွန်အရေးပါတဲ့ မဟာဗျူဟာ လုပ်ငန်းစဉ် ဖြစ်နေပါတယ်။

နည်းဗျူဟာတွေထဲက ဧရာဝတီ

ဒီလို… တိုးတက်ခြင်းတွေရဲ့နောက်မှာ ပေးဆပ်မှုတွေ ဘယ်လောက် ရှိသလဲ…. ဘယ်လောက်ဆက်ရှိလာမလဲ…. ဆိုတာကို မစဉ်းစားနိုင်ကြလောက်အောင် လောဘတွေ နဲ့ ယှဉ်ပြိုင်လိုမှုတွေနဲ့.. ဖုံးနေကြမယ်ဆိုရင် ပေးဆပ်ရမှုတွေဟာ မြင့်မားလာမှာ အမှန်ဖြစ်ပါတယ်။
ယန်စီမြစ်ဟာ လောဘသမားများရဲ့ ၀ါးမြိုခြင်းကို ခံခဲ့ရပြီးပြီ။ ယန်စီတင်မက တိုင်းပြည်ထဲက အခရာမြစ်ကြီး ခြောက်စင်းကိုလည်း ယန်စီနဲ့ ဘ၀တူဖြစ်ခဲ့ရပြီ။ ပြည်ထဲက ရှိသမျှ မြစ်တွေကို အသွေးအသားဝါးမြိုလို့ ပြီးတော့ ….. သူတို့ရဲ့ စီးပွားရေး ယန္တရားတွေ ဆက်လက်လည်ပတ်ဖို့ အတွက်.concrete junk ကြီးတွေကို လျှပ်စစ်ပေးဖို့.. မြစ်မကြီးတွေကို တွေ့လိုတွေ့ငြား.. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်တယ်။ လောဘသမားတွေ တွေ့သွားတယ်။

တိုင်းပြည်သေးသေးလေးတစ်ခုထဲက မြစ်တစ်စင်းဖြစ်တဲ့ ဧရာဝတီကို လောဘသမားတွေ တွေ့သွား တယ်။ အဲဒီတိုင်းပြည်ဟာ ဟိုးတုန်းကပေါ့.. လျှမ်းလျှမ်းတောက် ဆန်ရေစပါးတွေထွက်ခဲ့လို့ ဘေးပတ်ဝန်းကျင်က နိုင်ငံတွေကတောင် အားကျမျှော်ကိုးခဲ့ရတဲ့ တိုင်းပြည်။ အဲသလို.. ဆန်ရေစပါးတွေ ပြောင်းပဲသီးနှံတွေ အလျှံပယ်ထွက်အောင် ဓာတ်သတ္တိအမျိုးမျိုးကို တစ်ပြည်လုံး နှံ့အောင် သယ်ဆောင်ပေးနေတဲ့ ဧရာဝတီ ဆိုတဲ့ သွေးကြောမကြီးကို ဖောက်ထုတ်ပြီး အသုံးပြုဖို့ မျက်စိကျခဲ့ကြပြီ။

ကျွန်တော်ငယ်ငယ်က ကျွန်တော့်အမေ ဆုံးမခဲ့တဲ့ စကားတစ်ခုရှိခဲ့ပါတယ်။ “အိမ်နီးချင်း ကလေးတွေ ဆုံးမခံနေရတာမြင်ရရင်၊ အိမ်က..ကလေးတွေက လိမ်မာရတယ်” တဲ့။
အမိ..ဧရာဝတီ၊ အမိရဲ့ကျေးဇူးတရားကို စောင့်သိရိုသေသူ.. မြန်မာနိုင်ငံသူ.. နိုင်ငံသား.. သားသမီးအပေါင်းကတော့၊ အမိရဲ့ ကျန်းမာရေးအတွက် ရတက်မအေး.. ဖြစ်နေကြရပါပြီ။
ကျွန်တော်တို့ဆီမှာ သင်လွယ်၊တတ်လွယ်၊အတုယူလွယ်တဲ့ ကလေးတွေ ပေါများနိုင်ကြ ပါစေ။

 မောင်ထွန်းလွင်(မိုးလေ၀သ)

မှတ်ချက်။ ဆရာမ အိမ့်ချမ်းမြေ့ ရေးသားတဲ့ "မငိုပါနဲ့ ဧရာဝတီ" မှ စာပိုဒ်အချို့ကို ထုတ်ယူအသုံးပြုထားပါတယ်။